Saturday, 16 January 2016

ကြောင်ကလေးတစ်ကောင်ေပးတဲ့အသက် .....(ရေးသူ ...။ မိုးမောင်မောင်)

ကြောင်ကလေးတစ်ကောင်ေပးတဲ့အသက်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
၁၉၉၇ ရဲ့  တရက်သောနိုဝင်ဘာလ။ကျွန်တော် အင်းစိန်တွဲဘက်အကျဉ်းထောင် အခန်း၁၆ မှာ စံမြန်းနေချိန်။
မထင်မှတ်ဘဲ နေ့ လည် ၁၂ နာရီလောက်မှာ ကျွန်တော်အကြီးအကျယ် ဝမ်းပျက်ဝမ်းလျောဖြစ်တယ်။ဘာကြောင့်လည်းတော့ခုချိန်ထိမသိသေးဘူး။စဖြစ်တော့နည်းနည်း။ဆေးမှုးကြီးလာကြည့်တယ် ဆေးတချို့ ပေးတယ်။၁နာရီ ၂နာရီလောက်မှာ အခြေအနေဆိုးလာဘီ။ခေါင်းမထူချင်တော့ဘူး။ဂန်ဖလား ဆီကို မိကျောင်းတက် တွေဘာတွေသွားရမယ့်ကိန်းဆိုက်လာတယ်။လူကလည်း ခေါင်းမထောင်ချင်လောက်အောင်ဖြစ်လာတယ်။ဝန်ထမ်းကိုဆေးမှုးခေါ်ခိုင်းလို့ လည်းမရ။၃နာရီလောက်မှာ ထောင်ကျပြီး လွတ်ရက်စေ့ပေမယ့်မှတ်ပုံတင်လည်းမရှိ၊တရုတ်ပြည်လည်းပြန်လို့ မရတဲ့အကျဉ်းသားဆေးမှုး ချစ်ဖွယ်( ကျိပွေ့ ) ရောက်လာတယ်။ဒီကောင်က ဂေါ်နိုက်တွေပေါ်မှာ သိပ်မဆိုးလှဘူး။သွေးပေါင်ချိန်ပြီး မျက်စေ့မျက်နှာအပျက်ပျက်နဲ့  မိန်းဂျေးသတင်းသွားပို့ မယ်ဆိုပြီးပေါ်မလာတော့ဘူး။အခန်းအသီးသီးက သတင်းလှမ်းအော်မေးနေတဲ့ ကျွန်တော့်ကို ချစ်သောရဲဘော်တွေကိုလည်း အလတ်ကြီးရှိပါသေးတယ်ကွ လို့ အသံကျယ်ကျယ်နဲ့ ပြန်မနောက်နိုင်တော့ဘူးအဲအချိန်မှာဘဲထမင်းကားဝင်လာသံကြားတယ်။ကိုယ့်များ လာခေါ်မလားလို့ စောင့်နေတုန်းမှာဘဲ ထမင်းကားက ပြန်ထွက်သွားတယ်။အသံအရမ်း ကျယ်တဲ့ကျွန်တော် သူတို့ ကိုပြန်မဖြေနိုင်ကတည်းက ပွဲသိမ်းတော့မယ်ဆိုတာရဲဘော်တွေကသိနေပြီ။ထမင်းကားသည်သာ ထောင်မကြီးနဲ့ ဆက်သွယ်ရာတစ်ခုတည်းသောယာဉ်ဖြစ်တဲ့အတွက် ဒီအတိုင်းဆိုရင် ဒီမှာဘဲခေါင်းချရတော့မယ်သိထားတဲ့ကျွန်တော်တို့ အားလုံး နောက်ဆုံးလက်နက်ကြီးကိုထုတ်သုံးရပါတော့တယ်။ထောင်ထဲနေဘူးသူဆိုရင် ဘယ်လောက်အန္တရယ်များပြီးရင်းရတယ်ဆိုတာသိကြပါတယ်။ကျွန်တော်တို့ မှာရှိတဲ့ပုံစံ ဒန်ပုဂံပြားတွေနဲ့  အခန်းတံခါးသံတိုင်တွေကို ပွတ်တိုက်ဆွဲပြီး ဆူညံနေအောင်အော်ဟစ်ကြတာပါဘဲ။တနည်းပြောရင်ထောင်ဆူအောင်လုပ်တာပါ။ဝါသနာပါသူတွေလည်းဆဲကြတာပေါ့။ကိုယ့်လူအသက်ကိုး။ဒီနည်းကတော့တာဝန်ရှိသူများကို အချိန်တိုအတွင်းမှာ မိမိတို့ အခန်းရှေ့ ကို အသင့်အနေအထားနဲ့ ရောက်လာအောင်ဆင့်ခေါ်တဲ့ အဆင့်အမြင့်ဆုံးနည်းစံနစ်ပါ။ကံမကောင်းရင် ကူကလပ်ကလန် (KKK) ဂိုဏ်းသားတွေလို မျက်နှာဖုံးလေးတွေကိုယ်စီနဲ့  တုတ် တုတ် တုတ်တုတ် နဲ့ စည်းချက် ကျလှတဲ့ ဒရမ်သံလေးတွေနာခံရင်းစစ်ခွေးတိုက်မှာ ၂ပိသာ ၅ပိသာ ၇ပိသာ ၊ဒေါက်တို ၊ဒေါက်ရှည်၊အထူအပါး ခြေကျဉ်း ဘွဲ့တံဆိပ် များကို ရွပ်ရွပ်ချွံချွံ ပါဝင်ထမ်းဆောင်ခဲ့မှုများအလိုက် ဆက်ကပ် ချီးမြှင့်ဘို့  ပင့်ဆောင်ခြင်း ခံရတော့မယ့်နောက်ဆုံးတိုက်ကွက်ပါဘဲ။ပုံဇန်း........လို့ အရှည်ကြီးဆွဲအော်လိုက်တဲ့အသံနဲ့ တကွ ခွာသံတဖြောင်းဖြောင်းနဲ့  ထောင်မှုးကြီးကြွချီ လာပါတယ်။ဒီကကောင်က အေးဆေးဘဲ။သူများတွေ ပုံစံထိုင်နေချိန်မှာ ဂန်ဖလားကိုခေါင်းထိုးပြီး မှောက်လျက်ကြီး တောင်အိပ်နေ ပြလိုက်ပါသေးတယ်။သွေးကောင်းလှချည်လား..ဟရောင်..။အဲလိုမထင်ပါနဲ့ ။မျော့ နေလို့ ပါ။ဒါပေမယ့် ကျွန်တော်တို့ ခေတ်က ၅(ည)တွေကညီကြပါတယ်။အရာရှိရောက်လာတာနဲ့  ပုံစံဖျက်ပြီး သံတိုင်ကြားမှာ နှာခေါင်းလေးတွေပြူ ( ခေါင်းထုတ်လို့ မရဘူး။နှာခေါင်းဘဲလွတ်လို့ ) ပြီး ဒေါနဲ့ မောနဲ့ ဝိုင်းအာကြတာပါဘဲ။။ဆေးကြိမ်လုံးနဲ့ တို့ လိုက်သလို ဆေးမှုးကြီးလည်းရောက်ရှိလာပါပြီ။အတွေ့ အကြုံ ရင့်ကျက်ပြီးသားရဲဘော်များဖြစ်သည်နှင့်အညီ ထောက်လှမ်းရေး ညစ်ထားတာမဟုတ်ဘဲ ထောင်ကကြောက်လို့ မထုတ်တာဖြစ်ကြောင်း ထောင်မှုးကြီး က သူ့ ဝန်ထမ်းတွေ ကို ”ငါ အမျိုးညီမသားတွေ..ထီးမို့ လို့ ဒီလောက်ဖြစ်နေတာ သတင်းမပို့ တာလည်း“ အစချီပြီး ကိုယ်လွတ်ရုန်းနေကတည်းက ကိုယ့်အခန်းတွေမှာ ချိုးချိုး ချွတ်ချွတ်နဲ့ စတင်လှုပ်ရှားကြပါပြီ။နောက်ဆုံးဆိုလည်းကောင်းကောင်းလေးစားရစေ၊နောက်ဆုံးမဟုတ်ခဲ့လည်း နေရာသစ်မှာ အဆင်ပြေပြေ လုပ်ကိုင်စားသောက်လို့ ရအောင် ထောင်တွင်းသုံး ငွေကြေး တွေဖြစ်တဲ့  ကော်ဖီမစ်၊မားမား၊ဆေးပေါ့လိပ်စည်းလေးတွေအပါအဝင် ကောင်းနိုးရာရာလေးတွေကို စေတနာ အလျောက် ထည့်ဝင်လှုဒါန်းကြဘို့ ပြင်ဆင်နေကြပါဘီ။ဆေးမှုးကြီး ကသွေးပေါင်ချိန်ပါတယ်။ကျွန်တော်တို့ ရဲဘော်တွေကလည်း မမြင်ရပေမယ့် အော်ဟစ်အားပေးနေပါတယ်။ဆေးမှုးကြီးမျက်နှာ ပျက်သွားတယ် ခင်ဗျ။ထပ်ပြီးချိန်ပါတယ်။ဆေးမှုးကြီး မျက်နှာဝပ်ရှော့ပို့ ရမယ့်အခြေအနေရောက်နေပါပြီ။အပေါ်သွေး လေးဆယ် အောက်သွေးစမ်းမရ ။သိပ်မကြာခင်မှာဘဲ ထမင်းသယ်ယာဉ် D2000 လေးဟာ အမ်ဗျူ လန့် စ် အဖြစ်“အသွင်ယူပြီး “ပြန်လည်ဝင်ရောက်လာသံကိုကြားရပါတယ်။တိုက်ဝင်ပေါက်ရဲ့ အဝေးမှာရှိသော ရဲဘော်များရဲ့  လက်ဆောင်ပဏ္ဏာ များကို ဝန်ထမ်းတွေရဲ့ အကူအညီနဲ့ ၎င်း၊တိုက်ဝင်ပေါက်ဘက်က အခန်းတွေက ရဲဘော်တွေရဲ့  လက်ဆောင်ပဏ္ဏာ များကို ဖိုးတခေတ် စတိုင်နဲ့ ခံယူရင်း မျက်စေ့ကိုဖြဲ ပြီး တတ်နိုင်သမျှပြန်လည်နောက်ပြောင် ဆုပေးရင်းနဲ့ ဘဲ မိန်းဂျေး ရှေ့ က စီးတော်ယာဉ်နောက်ဘက်ခန်းကို ကြွမြန်း ခဲ့ပါတယ်။ဒီနေရာမှာ တိုင်းပြည်စီးပွားရေးမတိုးတက်တာ ဝန်ထမ်းတွေကြောင့် ၊အစိုးရကြောင့်မဟုတ်ဘဲ ဓါတ်ဆင်ဓါတ်ရိုက်မကောင်းလို့ ဆိုတာကိုထင်ရှားစေမယ့် အဖြစ်လေးကြုံရပါသေးတယ်။တွဲဘက်ထောင်ဘူးဝမှာ ကားကခနရပ်သွားပြီး အတော်ကြာတော့ လူချောကြီးတစ်ယောက် ဝတ်စုံဖြူလေးနဲ့ ကားပေါ်ထပ်ရောက်လာပါတယ်။နက်ဖြန် မနက်မှဆေးရုံထုတ်မယ့် ကိုသိန်းလွင် (ဗိုလ်မှုးအောင်သားမက်၊ဒီမိုကရေစီပါတီ) ကို တခါတည်းရောတင်လိုက်တာပါ။ဆီဖိုး အကုန်သက်သာသွားတာပေါ့။အကျဉ်းဦးစီးဌာန လိုဝန်ထမ်းတွေတောင်ဒီလောက်စီးပွားရေးအမြင်ရင့်သန်နေမှတော့ နိုင်ငံတော်လူကြီးတွေ ဆို ဘယ်လောက်များတော်လိုက်မလည်း အဲဒီတစ်ချက်နဲ့ ဘဲ စဉ်းစားကြည့်ကြပေါ့။(သဘောပါရဲ့ လားပရိသတ်ကြီး)။
..................
အမယ်..တွဲဘက်ဗူးထဲလည်းရောက်ရော လက်ထိပ်ခတ်ဘို့ ခေါင်းစွပ်စွပ်ဘို့ မမေ့လျော့ကြဘူးခင်ဗျ။ခြေချင်း မရိုက်လိုက်ရလို့ တောင်စိတ်မကောင်းဖြစ်နေတဲ့ပုံမျိုး။ဝန်ထမ်းကောင်းဆိုတာ အဲလိုမျိုးကြီးတွေကိုဆိုလိုတာ။ကရုဏာ နဲ့ တာဝန်ကို အဲဒီလိုကို အပီအပြင် ခွဲခြား နားလည်ထားတဲ့ အကစ များပါ။သေမယ့်လူကသေမှာဘဲ။လေမမွန်းလည်းသေချိန်တန် သေရမှာဘဲ လို့ မရဏာ နုသတိ ရှုမှတ်အောင်မြင်ပြီးသောတရားပြည့်ဝလှတဲ့ ဝန်ထမ်းကောင်းများပါ။
ကားထွက်ခါနီးမှာ ထောင်ပိုင်ကြီး က အားပေးစကားပြောပါတယ်။“မိုးမောင်..မင်းဟိုဘက်မှာတော့ ဒီမှာလိုမျိုး မနေမိစေနဲ့ ပေါ့ကွာ“တဲ့။ကားဘေးကို ၂ချက်လောက် လက်နဲ့ ဘုန်း..ဘုန်း ဆိုတောင်ပုတ်လိုက်ပါသေးတယ်။အပြီးသွားပေတော့ဆိုတဲ့မေတ္တာ သင်္ကေတ ကိုပြတဲ့သဘော။
...................
အမယ် ထောင်မကြီး ဗူးထဲလည်းရောက်ရော အဲဒီကဝန်ထမ်းတွေကလူရည်ပိုလည်သေးတယ်ခင်ဗျ။ခေါင်းစွပ်ချွတ် ၊လက်ထိပ်ချွတ်ပြီး လူပုံကြည့်လိုက်ကတည်း က အဝင်စာရင်းသွင်းပြီးနေဘီ။ထူးထူးခြားခြား ကျားပါးစပ်ကိုကျော်လိုက် ပြီးတာနဲ့  ဟိုမှာဆေးရုံ ...ထမ်းစင်ခေါ်လိုက်ဦးမယ်ဆိုပြီးထွက်သွားလိုက်တာ ဘုတ်တွေတောင်ဝင်ပြီး ထောင်မှုး အချို့ တောင် ဂတ်ကြီးဘက်ပြန်လာနေကြပြီ။ဒီနေရာမှာ လူမှာအဝတ် တောင်းမှာအကွပ်ဆိုတဲ့စကား ပုံလေးမှန်လှတာထည့်ပြောဦးမယ်။ကျွန်တော်ကအလှကြိုက်တော့ ဒီလောက်ဖြစ်နေတာတောင် ပုံစံကို အိမ်ကလာတဲ့ လည်ကတုံးလေးနဲ့ တက်ထရွန်လုံချည် အဖြူလေးနဲ့  ရအောင်လဲလာခဲ့သေးတယ်။ကိုသိန်းလွင်ကလည်းဒီလိုဘဲ။လူတွေကလည်းချောတယ်မဟုတ်လား။ကြည့်လိုက်တာနဲ့ ဂေါ်နိုက်လားကွလို့ ရိုက်စစ်ဘို့ မလိုအောင် ထင်ရှားနေတာပေါ့။အဲဒီလိုယောင်တောင်တောင်နဲ့ အတော်ကြာလာတော့မခံနိုင်တော့ဘူး။ထိုင်မှရတော့မယ်။အဲဒီမှာကိုသိန်းလွင်ကိုညှိရတာပေါ့။အကိုကြီး..ကျွန်တော်တော့ထိုင်မှရတော့မယ်ပေါ့။ကိုသိန်းလွင်ကကျွန်တော်ဆိုလိုချင်တာကိုသိတော့ မျက်နှာလေးတောင်တစ်ချက်ငယ်သွားသလို။ထောင်မှာက ထောင်ပိုင်လျောက်လမ်းခေါ်တဲ့ လမ်းမကြီးရှိတယ်။ဘေးတဖက်တချက်မှာမှ ပန်းပင်လေးတွေစီပြီးစိုက်ထားတဲ့ဘောင်တဘက်မှာအကျဉ်းသားတွေလျောက်တဲ့လမ်း။ထောင်ပိုင်လျောက်လမ်းပေါ်မှာရပ်နေတာတောင်လွန်လှပြီ။ဖြတ်သွားတဲ့ ဝန်ထမ်းတွေ ၊အကျဉ်းသားတွေကလည်းကျွန်တော်တို့ ၂ယောက် ထောင်စစ်ဆေးရေးဝင်နေတယ်ထင်လို့ လားမသိ။လှည့်ကြည့် လှည့်ကြည့်နဲ့ ။ဒါကြောင့်အပေါ်မှာပြောတာ။လူမှာအဝတ်တောင်းမှာအကွပ်ဆိုတာကို။
........
ကိုသိန်းလွင်က မျက်နှာငယ်လေးနဲ့ အကြည့်၊ကျွန်တော်ကလည်းပြုံးစိစိနဲ့ ကြည့်။အကြည့်ချင်းဆုံတော့ ကိုသိန်းလွင်လည်းပေါက်တဲ့နဖူး မထူးဘူးဆိုတဲ့ ရုပ်နဲ့  ကျွန်တော်ကိုပြုံးပြတယ်။တကယ်တော့ ကျောင်းသားတွေနဲ့ အတွဲဆုံး အရင်းနှီးဆုံး ကျောင်းသားတွေဒုက္ခပေးသမျှ အခံရဆုံး က ဒီမိုကရေစီပါတီဆို ရင် တကယ်လုပ်ခဲ့သူအများစု ကသဘောတူကြမယ်ထင်ပါတယ်။ဒီမိုကရေစီပါတီ စီအီးစီတွေကိုယ်တိုင်က သူတို့ ကိုယ်သူတို့  (ခု ကျွန်တော်တို့ ကိုယ်ကျွန်တော်တို့ထင်သလိုမျိုး) ဂေါ်လီလိုလို ဖိုက်တာလိုလို အပြင် ယူဂျီလေးကလည်းဝါသနာပါတော့ ကျောင်းသားတွေ လုပ်သမျှငြင်းခဲ့တာမရှိဘူး။ဒါနဲ့ စိတ်တူကိုယ်တူ ကျွန်တော်တို့ ၂ယောက်သား ထောင်ပိုင်လမ်းမကြီးပေါ်မှာ အင်းယားကန်ဘောင်ပေါ်လေညှင်းခံသလိုစတိုင်နဲ့ ထိုင်နေလိုက်ကြတယ်။အမယ်သူက ဆုံးဖြတ်ပြီးသွားတော့ ကိုယ့်ထက်တောင် ပိုကဲနေသေး။ဒူးလေး၂ဘက်ကိုလက်နဲ့ ပိုက်၊ဒူးခေါင်းပေါ်မေးလေးတင်လို့ အေးဆေးပါတောင်လုပ်လိုက်သေးတယ်။မကြာပါဘူး။၃ယောက် ပေါင်းလေးပွင့် ဗူးဘက်ကိုလျောက်လာတယ်။“ဟ..ဟ..ဒီကောင်တွေ ဘာကောင်တွေလည်း“ဆိုပြီးတောင်ကြည့်မြောက်ကြည့်နဲ့ ။ကိုသိန်းလွင်က ခင်ဗျားတို့ လူတွေ ဆေးရုံကအကူသွားခေါ်တာပြန်မလာသေးဘူး။ဒီလူ့ ပုံလည်းကြည့်ဦး။သူလမ်းမလျောက်နိုင်တော့လို့ ထိုင်နေတာ လို့ ဖြေလိုက်တယ်။
ထောင်မှုးကြီးက သဘောကောင်းပုံရပါတယ်။ဘုတ်ကိုင်တစ်ယောက်ကိုလှမ်းပြီး ဆေးရုံက အမေမျိုးတွေ ခုချက်ခြင်းလာခဲ့စမ်း လို့ ခိုင်းလိုက်တယ်။အကျဉ်းသားပြေးသွားလို့ ဆယ်လှမ်းလောက်ဘဲရှိသေး။ဆေးရုံမှာအလုပ်လုပ်ပုံရတဲ့အကျဉ်းသားတချို့ ထမ်းစင်နဲ့ ပြေးလာတာတွေ့ လိုက်ရတယ်။အကျဉ်းဦးစီးဌာနမှာတောင် တယ်လီပသီ ဆက်သွယ်ရေးနည်းစံနစ်တွေသုံးနေတယ်ဆိုတော့အဲဒီထက်အရေးကြီးတဲ့ လက်နက်ကိုင် အဖွဲ့ အစည်းတွေမှာ ဘယ်လိုစံနစ်မျိုးတွေရှိနေမယ်ဆိုတာသဘောပေါက် လိုက်ပေါ့။
...............
အဲဒီလိုနဲ့  မိုးမောင်လည်းဖိုးတခေတ်ပြန်ဖြစ်။ကိုသိန်းလွင်လည်း အော်တိုရံရွေတော်ကြီးဖြစ်ပြီးသကာလ ဆေးရုံအောက်ထပ်က ထောင်ဆရာဝန်ရုံးခန်းမှာ ကျွန်တော်တို့ ခွဲခွာကြရတော့တာပေါ့။အင်မတန် ချစ်ခင်မြတ်နိုးဘို့ ကောင်းတဲ့ဆရာဝန်လေးပါ။ဒေါက်တာမျိုးဆက်တဲ့။အဲကာလ ကပြည်ထဲရေးဝန်ကြီးမြသင်းရဲ့  တိုက်ရိုက်အမိန့် နဲ့ ခန့် ထားတယ်ပြောတယ်။ကျွန်တော်တို့ တွဲဘက်ထောင်ထောင်မှုးကြီးဆိုလည်းဒီလိုဘဲ။ဦးမြသင်းဗိုလ်ချုပ်ဘဝက တပ်ကြပ်လေးဘဝနဲ့ အိမ်မှာ လက်တိုလက်တောင်းလုပ်ပေးရတယ်။ဗိုလ်ချုပ်ကတော်ဈေးဝယ်သွားရင်အမြဲလိုက်ရတယ်ပြောတယ်။ဖင်အရမ်းပေါ့တော့သူ့ ကို ဦးမြသင်းတို့ ကတော်တော်ချစ်တယ်ပြောတယ်။ချစ်လည်းချစ်စရာလေးပါ။မနှိုင်းကောင်းနှိုင်းကောင်းနှိုင်းရရင် ဟာသ သရုပ်ဆောင် ချစ်စရာ ရဲ့ သားအရင်းလေးလားတောင်မှတ်ရတယ်။ပုတက်တက်လေးနဲ့ ။ဗိုလ်ချုပ် ကတော်ရှေ့ မှာ ရပ်ပြီး ချစ်စရာလိုဘဲ နဖူးပေါ် ဝဲဝဲ ကျလာတဲ့ ဆံနွယ်လေးတွေကို မှုတ် မှုတ်ပြီး တင်ပြ ဘူးလားမသိဘူး။အဲလို နဲ့ ဗိုလ်ချုပ် မြသင်း ပြည်ထဲရေးဝန်ကြီးဖြစ် ၊သူလည်းထောင်မှုးကြီးဖြစ်တာဘဲ။နောင် အရာရှိဖြစ်ချင်သူတွေ သေချာမှတ်ထားကြ။အရည်အချင်းနည်းနည်းနဲ့  ရာထူးကြီးကြီး ရချင်ရင် အောက်သက်ကြေဘို့ လိုတယ်ကွဲ့ ။
ဒေါက်တာမျိုးဆက်ကျတော့ ရာထူးလည်းကြီးသွားပြီ။နေရာကောင်းလည်းရထားပြီဆိုတော့ထောင်မှုးကြီး လောက် ပညာနဲ့ မရတော့ဘူး။ရှာဖွေပေးရတာတွေ၊ရှင်းလင်းပေးရတာတွေ ပိုလာတာပေါ့။သူကလည်းတာဝန်ကျေပါတယ်။သေတဲ့ လူနာ ၄ယောက်လောက်မှ ဒရစ်တလုံးကုန်တယ်။ဒီ အလုပ်က ဆရာဝန်ကြီးတွေတောင်မလုပ်နိုင်ဘူး။ရဲဘက်စခန်းက မိုင်းထိလို့ ငှက်ထိလို့ ၊ပြန်လာတဲ့ အမလေး အဘလေးတနေရရှာတဲ့လူနာတွေကိုဂရုတစိုက်စောင့်ကြည့်ရတယ်။တော်တော်သေချာမှ ဒရစ်ကိုချိတ်ရတာ။ပုလင်းလေးပုံတစ်ပုံကုန်ရင် လူနာသေဘို့ လိုတယ်။ဒါမှနောက်လူနာတွေကိုဒရစ်သွင်းဘို့ ကျန်မှာပေါ့။သေသွားပြီးရင် ဆေးကမဝင်တော့ဘူးလေ။အဲလိုနဲ့ ဒရစ် တစိတ်လောက်ချိတ်လိုက်ရတဲ့ မသာလည်း ဒရစ်၁၀လုံးကုန်တဲ့ မသာဘဝနဲ့ စာရင်းပေါက်သွားတာပေါ့။ဘာဘဲပြောပြော မသာလည်းမသေခင်ကုသိုလ်ရသွားရှာတာပေါ့။ဒေါက်တာမျိုးဆက်ကို ဒရစ်ကိုးလုံးလောက်လှုသွားနိုင်တာကိုး။ဒါက သူ့ ကြံရည်ဖန်ရည်ထဲကအသေးဆုံးတစ်ခုကိုတင်ပြတာပါ။ဘယ်လောက်အတွေးအခေါ်အားကောင်းလည်း။လူကိုလူနဲ့ ဖေါက်ရင် လူတစ်ယောက်အသာလေးထပ်ရနိုင်တယ်လေ။လူကိုလူနဲ့ ဖေါက်လို့ ဒရစ်ပုလင်းကိုးလုံးထွက်တယ်လို့ ခင်ဗျားတို့ ကြားဘူးလို့ လား။ဘယ်ဟာပိုအဖိုးတန်လည်းကို ဒေါက်တာမျိုးဆက်တို့ လိုမခွဲခြားနိုင်တဲ့ အတိုက်အခံတွေကြောင့် တိုင်းပြည်ဆင်းရဲတာ။
.............
အဲဒီမှာ အဲလိုစတွေ့ ကြတော့တာပါဘဲ။ကျနော် မှာအားကလုံးဝကုန်နေဘီ။အိပ်ချင်စိတ်..အိပ်ချင်စိတ်...အိပ်ချင်စိတ်.အားရပါးရအိပ်ချပစ်လိုက်ချင်စိတ်သာ ကျွန်တော့်မှာကြီးစိုးနေတယ်။သူက စားပွဲနောက်မှာ စာရွက်တွေဖတ်လိုက် ရေးမှတ်လိုက်ရေရေလည်လည်ကြီးကိုအလုပ်ရှုပ်နေရှာတာ။ကျွန်တော့်ရဲ့ မေတ္တာတရားတွေက တဗျမ်းဗျမ်း သွားနေခဲ့ တဲ့ ကျွန်တော့်ရဲ့ ဝမ်းတွေ ကိုတောင် မေတ္တာရည်အဖြစ် သူ့ မျက်နှာထဲကိုစီးဝင်သွားစေတယ်။ကျွန်တော်တို့ ထဲကနိုင်ငံရေးမူကြိုအဆင့်လောက်တောင်ဗိုက်နှိပ်ပြီးရယ်နေလို့ ရတဲ့ ထောက်လှမ်းရေးနည်းဟောင်းတွေ လာသုံးနေသေးတယ်။အမည် အဘအမည် အကျဉ်းသား အမှတ် ရောဂါဖြစ်ပုံ ဒါတွေကိုပတ်ချာလှည့်ပြီးမေးလိုက်။ကိုယ့်အတွက်ဘဲရေးသလို ။အခြားကိစ္စတစ်ခုဘဲရေးနေသလိုအထာနဲ့ ရှေ့ ကစာရွက်ပေါ်ခြစ်လိုက်။စဉ်းစားချင်ယောင်ဆောင်လိုက် ကျွန်တော့်ကိုခိုးကြည့်လိုက်ပေါ့လေ။သူနဲ့စကားပြတ်သွားရင်ဝမ်းကရစ်လာတယ်။အိပ်ချင်စိတ်တိုးလာတယ်။နားထင်နာရင်းတွေအူလာတယ်။ဒါပေမယ့် သူ ခိုးကြည့်တိုင်းမှာသူရလိုက်တာက ကျွန်တော့်ရဲ့  ခလေးဆိုးလေး တစ်ယောက်ကိုပြုံးပြတဲ့အပြုံးဘဲ။မိုးမောင်မောင် ၁၄၀၄ စီ ဦးမောင်မောင်ကြီး။သူ မေးလိုက်တိုင်းမှာ ကျွန်တော့်အဖြေပေးသံက သူ့ နားစည်ကို တူတစ်လက်နဲ့ ဆောင့်ထုလိုက်သလို ခိုင်မာပြတ်သားဆဲဘဲ။ပြသနာက အိပ်ချင်စိတ်၊နုံးခွေလာတယ်၊နားတွေထဲမှာအသံတွေအူလာတယ်။ပြုံးပြုံးလေးနဲ့ အိပ်ချလိုက်တော့မယ်ဆိုတဲ့စိတ်ကဝင်လာတယ်။စားပွဲကိုလက်တင်ပြီးဟန်ထားပေမယ့် ကြမ်းပြင်နဲ့ ထိတဲ့ ခြေထောက်တွေကခြေသလုံးကိုမထမ်းထားချင်တော့ဘူး။တဆတ်ဆတ်တုန်စပြုလာတယ်။ဒီအချိန်မှာဘဲ အင်မတန် ထူးခြားတဲ့ခံစားချက်တစ်ခုပေါ်လာတယ်။ကျွန်တော့်ခြေသလုံးတွေ ဒူးခေါင်းတွေ ကို အင်မတန် နူးညံ့ သိမ်မွေ့ တဲ့ အထိအတွေ့ တစ်ခုကလာပွတ်သပ်နေတယ်။ကျွန်တော့်ခြေဖမိုးတွေကို ဖွဖွလေးနင်းနင်းပြီး သတိပြန်ပြန်ဝင်လာအောင် တစ်စုံတစ်ယောက်ကလုပ်နေသလိုမျိုးဘဲ။လက်တံ၂ခုကြားက အောက်ကိုလှမ်းကြည့်လိုက်တော့ ကြောင်ကလေးတစ်ကောင်။ကျွန်တော်နဲ့ သူနဲ့ မျက်လုံးချင်းတန်းဆုံသွားတာ။သူကမော်ကြည့်နေပုံရတယ်။ကြောင်မျက်လုံးလေးတွေကသိတဲ့အတိုင်းလေ။ဝိုင်းစက်ရွှန်းလဲပြီးအကြင်နာတွေနဲ့ ပြည့်နေတာ။ဒေါသစိတ်တွေလျော့သွားလို့ လား။အာရုံပြောင်းစရာတစ်ခုရသွားလို့ လားမသိ။အိပ်ချင်စိတ်တွေ နည်းနည်းပျယ်သွားတယ်။ဒေါက်တာမျိုးဆက်ကိုပြန်ကြည့်နေချိန်မှာ ကြောင်လေးက တချိန်လုံးသူ့ ကိုယ်နဲ့ ကျွန်တော့်ခြေထောက်တွေကိုပွတ်တိုက်နေရောဘဲ။တခါတလေ အမြီးလေးနဲ့ ထိလိုက်။တခါတလေ ခြေ ဖမိုးတွေပေါ်နင်းသွားလိုက်နဲ့ ။ဒီလောက်ကြာတဲ့အထိသူဘာလို့ ထွက်မသွားပါလိမ့်လို့ တွေးရင်းဖျတ်ကနဲသတိရသွားတယ်။ကြောင်တွေဟာ သခင်အရင်းတောင်မှသေတော့မယ်ဆိုရင်ရက်လည်တဲ့အထိ အဝေးကိုစွန့် ခွာသွားတတ်တယ်ဆိုတဲ့အကြောင်းလေး။ကျွန်တော်သိလိုက်ပြီ။မိုးမောင် မင်းမသေဘူးကွ။မသေနဲ့ ကွလို့ လာပြောနေတာ။အဲဒီအတွေးလေးတွေနဲ့ အတူ ကျွန်တော့်ရဲ့ မာနတွေက ကျွန်တော့်ကို ခဏတာခွန်အားတစ်ခုပေးလိုက်တယ်။“မင်းလို လူလေးလူမွှားတစ်ကောင်ရဲ့ ရှေ့ မှာ ငါဘယ်တော့မှမသေစေရဘူးကွ“။မကြည်လင်တဲ့စိတ်တွေ၊ခုနကလို သူနဲ့  စိတ်ဓါတ်တိုက်ပွဲဆင်နေတာတွေဟာ မလိုအပ်ဘူး။ဆေးရုံပေါ်ကငါ့ရဲဘော်တွေဆီအရောက်သွားမယ်လို့ ဆုံးဖြတ်လိုက်တယ်။
ကျွန်တော်ဒေါက်တာမျိုးဆက်ကိုလှမ်းကြည့်လိုက်ပြီး အေးဆေးဘဲပြောလိုက်တယ်။
“ဒီမှာ..မင်းမေးစရာကုန်ပြီ၊ဒါမှမဟုတ်စဉ်းစားလို့ မရသေးဘူးဆိုရင်..ငါဆေးရုံပေါ်သွားတော့မယ်။“
ဒီကောင်ကြားချင်တာကိုကျွန်တော်သိတယ်။ဆရာရယ်..လုပ်ပါဦး။ကျွန်တော်အားတွေကုန်နေပါပြီ။သေပါတော့မယ်။ကယ်ပါဦးဆရာရယ်ဆိုတာမျိုး။ကယ်မကယ်သာမသေချာတာ။သူ့ နားထဲမှာချိုစိမ့်သွားမှာ။သူ့ ဆရာတွေ အရက်ဝိုင်းမှာ ရယ်ပွဲဖွဲ့ မယ့် နောက်ဆုံးတော့ ငါး ည ဆိုတဲ့ကောင်တွေလည်း လူဆိုးသူခိုးတွေလိုပါဘဲကွာ ဆိုတဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ကို သခင်အားရ ကျွန်ဒဏ်ဝ ပဏ္ဏာ လုပ်ဆက်သချင်တာ။သူကလည်းခေသူမဟုတ်ပါဘဲ။
“အေးလေ..မင်း မဖြေ နိုင်တော့ဘူးဆိုရင်လည်း ဆေးရုံပေါ်သွားနားနေလိုက်ပေါ့“
တခွန်းဘဲပြောတယ်။ဆိုလိုတာ လူနာမှတ်တမ်း မလုပ်ရသေးလို့  ဘာဆေး အွန်ရမလည်းမသိဘူးဆိုတဲ့ အကာအကွယ်ကိုယူတာ။ကျွန်တော်တစ်ချက်သူ့ ကိုနှစ်နှစ်ခြိုက်ခြိုက်ပြုံးပြလိုက်တယ်။ခုအချိန်မှာ ကိုယ်ကချဉ်ပေါင်..သူက ကြက်သား..လေ။ လာထားလိုက်ပေါ့။တွဲဘက်ကအထွက်မှာဆေးမှုးကြီးမှာမှတ်တမ်းရှိပြီးသား။သူပေးတဲ့ဆေးတွေပါပြီးသား။အဓိက က ကျွန်တော့်ကိုယ်ထဲကခန်းခြောက်လုဆဲဆဲ သကြားရည်ကိုအရင်ဆုံးဖြည့်ရမှာ။ရောဂါရှာဖို့ မလိုတဲ့ရောဂါ။ဒါမှမဟုတ် နောက်မှ ရှာဖို့ လိုတဲ့ရောဂါ။
************
ဘယ်သူမှလိုက်မပို့ ဘူး ။လှေခါးလက်တန်းတွေကိုအားယူပြီး တလှမ်းချင်းတက်ခဲ့တယ်။မြင့်မားလိုက်တဲ့လှေကားထစ်တွေ။ရှည်လျားလိုက်တဲ့လှေခါး။ခန်းမကြီးအဝကိုရောက်ပြီ ။တံခါးပွင့်နေတယ်။လူတစ်ယောက်ဖေးကိုင်ထားတယ်။မျက်နှာတွေ၊မျက်နှာတွေ မျက်နှာတွေအားလုံးကဝါးပြီးထပ်နေတယ်။လူတွေမသဲကွဲဘူး။ဒါပေမယ့် စိုးရိမ်ပူပန်နေတဲ့မျက်နှာတွေဆိုတာကိုသဲကွဲတယ်။ဘယ်အဖွဲ့ အစည်းကလည်းမသိဘူး။ဒါပေမယ့် ..ဒါ..ငါ့ရဲ့ ရဲဘော်တွေဆိုတာသေချာသိတယ်။အနံ့  အရလည်းသိတယ်၊အရိပ်အရလည်းသိတယ်၊အငွေ့ အရလည်းသိတယ်လာ ဖေးတွယ်တဲ့လက်တွေအရလည်းသိတယ်။သက်ပြင်းရှိုက်သံတွေအရလည်းသိတယ်။ဟစ်ကြွေးအော်ခေါ်လိုက်တဲ့အသံတွေအရလည်းသိတယ်။အတတ်နိုင်ဆုံးမျက်နှာကိုပြုံးထားလိုက်တယ်။လက်တွေကိုဖယ်တယ်။အခန်းဒေါင့်က စဥ့်အိုးကြီးရဲ့ စင်ပေါ်ကို တက်တယ်။အခန်းဖေါ်အားလုံးနဲ့ မျက်နှာချင်းဆိုင်ဖြစ်သွားပြီ။ချုပ်တည်းထားလို့ မရနိုင်ဘူးထင်တဲ့ အရည်ကျဲတောက်တောက်ဝမ်းတွေကို အားရပါးရသွားချလိုက်တယ်။ဝမ်းကိုစံနစ်တကျ အသန့် စင်ဆုံးဖြစ်အောင်သုတ်တယ်။
ရဲဘော်တွေခင်းပေးထားတဲ့ အိပ်ရာပေါ်ကိုလှဲလိုက်တယ်။သူ့ ကိုယ်သူ ကျွန်တော်လည်း ၅ည ပါဗျ လို့ အမြဲပြောတတ်တဲ့ ဆေးတပ်ကြပ် သိန်းဆန်း (ဂေါ်ကြောင်..မှားရင်ပြင်ပေးပါ။သူ့ နာမည်ကအရေးကြီးပါတယ်။)က လက်၂ဘက်မှာတပြိုင်တည်းဒရစ်ချိတ်ပေးတယ်။ခဏတာအိပ်ပျော်သွားတယ်။ပြန်နိုးလာတော့မူးနေသေးတယ်။ဒရစ်တွေကကုန်ခါနီးနေပြီ။ဘေးမှာ ဝိုင်းကြည့်အားပေးနေကြတဲ့ ဘိုနီအောင်၊ဦးဘဲဥ(ဦးကြည်တင်ဦး) နောက် မန်းဘိုအေး..ကျွန်တော်မသိသေးတဲ့ရဲဘော်တွေ။ဘိုနီအောင်က ကိုမိုးကြီး ဘာလုပ်ချင်လည်း လို့ မေးတယ်။ကျွန်တော်က ပါးစပ်နဲ့  လက်ညှိုးလက်ခလယ်ကိုကပ်ပြတော့ နောက်မှသောက်ပါလို့ ပြောတယ်။ကိုကြည်တင်ဦးက စီးကရက်လေးတစ်လိပ် တစ်ယောက်ဆီကတောင်းလာမီးညှိပြီး တုန်တုန်ရီရီ နဲ့ ပေးရှာတယ်။အမှန်ဆိုသူက သိပ်စိတ်ဓါတ်ခိုင်ကျဉ်တဲ့သူ။ကျွန်တော့်ထုံးစံအတိုင်း ဒီလောက်ဖြစ်နေတာတောင် တံဆိပ်ကိုရအောင်ဖတ်လိုက်သေးတယ်။လန်ဒန်။အကြိုက်ကြီးမဟုတ်ပေမယ့် သောက်လေ့ရှိတဲ့တံဆိပ်။၃ဖွာ၎ဖွာလောက်နဲ့ တစ်ဝက်ကျိုးအောင်ရှိုက်လိုက်ပြီး ပြန်အိပ်ပျော်သွားတယ်။နက်ဖြန်ကျတော့မှ သူတို့ က ကျွန်တော့်ကိုပြန်ပြောပြတယ်။မင်း အိမ်သာပေါ်ကနေ ပြုံးပြနေတာ ငါတို့ အားလုံးက အလောင်းကောင်ကြီးသွားဖြီးပြနေတယ်ထင်လို့ တဲ့။ဟီး..ဟီး..ဟား..ဟား နဲ့ ။လူကိုများနောက်စရာကျနေတာဘဲ။ညတုန်းကရုပ်တွေနဲ့ တခြားစီ။၅ ည ဆိုတာ အဲဒီလို ဒေါင်ဒေါင်မြည်တွေ။
***********
အမှန်တော့ သံချောင်းခေါက်သံကြားကတည်းက ဆေးရုံမှာရှိတဲ့ရဲဘော်ရဲဘက်တွေ က သူတို့ လုပ်စရာရှိတာလုပ်ပေးထားကြတာပါ။ဆေးတွေ၊ဆေးမှုးတွေအဆင်သင့်ဖြစ်နေတယ်ဆိုတာ မတော်တဆတိုက်ဆိုင်မှုတွေမဟုတ်ပါဘူး။ကိုယ့်ကိုယ်ပိုင် လိုင်းတွေကိုပါ ထုတ်သုံးခဲ့ကြတယ်။ဒီအတွက် အသက်ရှင်ခဲ့တယ်။ရဲဘော်တွေရဲ့ ဂုဏ်ကျေးဇူးကိုမမေ့ပါဘူး။ဒါပေမယ့် ကျွန်တော့်မာန နဲ့ ကျွန်တော်ယုံကြည်တန်ဘိုးထားတဲ့ဂုဏ်သိက္ခာအတွက် (ရှောင်လိုလျင်ရပါလျက်)ထိပ်တိုက်တိုးရင်း ပျော်မှတ်(melting point) ကိုရောက်ချိန်မှာ ကယ်တင်ခဲ့တာက ကြောင်လေးတစ်ကောင်ဖြစ်ခဲ့ပါတယ်။ဆေးရုံမှာ အနေကြာတဲ့သူတွေအနေနဲ့  အဲလိုကြောင်လေး တကယ်ရှိမရှိနဲ့  ရှိခဲ့ရင်လည်း သူ့ အကြောင်းလေးတွေ သိသလောက်ရေးပေးကြစေချင်ပါတယ်။
တော်လှန်ရေးသစ္စာဖြင့်
မိုးမောင်မောင်

No comments:

Post a Comment