ဟံသာဝတီ ဦးဝင်းတင်၏ ဈာပနသို့ ပြည်သူတစ်သိန်းနီးပါး ဂါရ၀ပြုပို့ဆောင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်၏ ဈာပနအခမ်းအနားကို
ဧပြီ ၂၃ ရက် မွန်းတည့် ၁၂ နာရီမှ ညနေ ၅ နာရီအထိ ရေဝေးသုသာန်၌ ပြုလုပ်ခဲ့ရာ
ထိုအခမ်းအနားသို့ လာရောက်ဂါရ၀ပြုသူ တစ်သိန်းနီးပါးရှိခဲ့ကြောင်း သိရသည်။
ဧပြီ ၂၁ ရက် နံနက်ပိုင်းက ကွယ်လွန်ခဲ့သည့် ဟံသာဝတီဦးဝင်းတင်အား နောက်ဆုံး
ဂါရ၀ပြု နှုတ်ဆက်သည့်အနေဖြင့် ဟံသာဝတီဦးဝင်းတင်၏
နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ၊ နိုင်ငံရေးပါတီအချို့မှ ဦးဆောင်သူများ၊
နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊
နိုင်ငံရေးအကျဉ်းသားဟောင်းအဖွဲ့အစည်းများ၊ လူထုအခြေပြု အဖွဲ့အစည်းများ၊
စာပေပညာရှင်များနှင့် သတင်းစာဆရာများ၊ အနုပညာရှင်များနှင့်
ဟံသာဝတီဦးဝင်းတင်အား လေးစားမြတ်နိုးသည့် ပြည်သူများက
လာရောက်ဂါရ၀ပြုခဲ့ကြခြင်း ဖြစ်သည်။
ထို့အပြင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦး၊
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များဖြစ်သည့် ဦးဥာဏ်ဝင်း၊ ဦးအုန်းကြိုင်၊
ဦးဝင်းထိန်၊ ဒေါ်စုစုလွင်၊ ဦးစိုးဝင်းအပါအ၀င် အမေရိကန်၊ နယူးဇီလန်နှင့်
ဗြိတိန်သံရုံးအစရှိသည်တို့မှ သံအမတ်ကြီးများ၊ သံရုံးတာဝန်ရှိသူများလည်း
လိုက်လံပို့ဆောင်ခဲ့ကြသည်။
ဦးဝင်းတင်၏ ဈာပနအခမ်းအနားသည် ၁၉၈၉
ခုနှစ် ဒေါ်ခင်ကြည် ဈာပနအခမ်းအနားအလွန် ၂၅ နှစ်တာ ကာလအတွင်း
နိုင်ငံရေးနယ်ပယ်၌ အစည်ကားဆုံး ဈာပနအခမ်းအနားဖြစ်ခဲ့ပြီး
တိုင်းနှင့်ပြည်နယ်အသီးသီးမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပါတီဝင်များအပြင် ပြည်သူအများအပြားက ရေဝေးသုသာန်သို့ ကိုယ်တိုင်ကိုယ်ကျ
လာရောက်ပြီး ဂါရ၀ပြုပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့
ဒီနေ့အခမ်းအနားကို မွန်းတည့် ၁၂ နာရီကစပြီး ရေဝေးသုသာန် ခန်းမဆောင် ၁
(က)မှာ ပြုလုပ်ခဲ့ပါတယ်။ညနေ ၅ နာရီအထိ လူအ၀င်အထွက်က မရပ်သေးဘူး။ ၄ နာရီ ၁၅
မိနစ်မှာ အစီအစဉ်အရ အများပြည်သူ လာရောက်ဂါရ၀ပြုတာကို ရပ်လိုက်ရတယ်။
ခန့်မှန်းလူဦးရေက တစ်သိန်းအထက် ရှိမယ်”ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပြန်ကြားရေးအဖွဲ့မှ ဦးကြည်တိုးက ပြောကြားသည်။
ဦးဝင်းတင်ဈာပနသို့
လာရောက်ဂါရ၀ပြု နှုတ်ဆက်သူအရေအတွက်ကို သိရှိနိုင်ရန် လာရောက်သူများက
စတစ်ကာများကပ်ပြီး ရေတွက်ခဲ့သော်လည်း ပြုလုပ်ခဲ့သည့် စတစ်ကာ
သုံးသောင်းခန့်မှာ နာရီပိုင်းအတွင်း ကုန်သွားခဲ့သည်။
ထို့ပြင်
မွန်းတည့် ၁၂ နာရီမှ စတင်ပြီး ညနေ ၄ နာရီ ၁၅ မိနစ် အချိန်အထိ
လာရောက်ဂါရ၀ပြုသည့် ပြည်သူများအား နှစ်ယောက်တွဲနှုန်းဖြင့် အလှည့်ကျတန်းစီ
ဝင်ရောက်စေပြီး ၀င်ရောက်စေခဲ့ရာ ညနေ ၄ နာရီ ၁၅ မိနစ်အချိန်အထိ ဂါရ၀ပြုရန်
တန်းစီစောင့်ဆိုင်းခဲ့သူများ ရှိခဲ့သည်။
ထို့ကြောင့်
ခန်းမအတွင်းသို့ ၀င်ရောက်ဂါရ၀ပြုခွင့် မရခဲ့သူများနှင့်ပြင်ပ၌
စောင့်ဆိုင်းနေသူ သောင်းဂဏန်းခန့်က ရေဝေးသုသာန်မှ
ဂူသွင်းမြှုပ်နှံမည်နေရာသို့ ခြေကျင်ခရီးဖြင့် ထပ်မံပို့ဆောင်ခဲ့ကြရာ ညနေ ၅
နာရီကျော်မှ ဂူသွင်းမြှုပ်နှံမည့်နေရာသို့ ရောက်ရှိခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဦးဝင်းတင်အား ဂါရ၀ပြုရန် ထားရှိသည့်ခန်းမသို့ ညနေ ၃
နာရီ ၄၀ မိနစ်အချိန်တွင် ရောက်ရှိခဲ့ပြီး ဦးဝင်းတင်အား ကန်တော့ခြင်းဖြင့်
ဂါရ၀ပြုခဲ့သည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် ခန်းမအတွင်း
ခေတ္တနေထိုင်ခဲ့ပြီး ညနေ ၄ နာရီခန့်အချိန်၌ ခန်းမမှ ပြန်လည်ထွက်ခွာသွားကာ
ဦးဝင်းတင်အား ဂူသွင်းမြှုပ်နှံမည့်နေရာ၌ မတ်တတ်ရပ်လျက်
ကြိုတင်စောင့်ဆိုင်းနေခဲ့သည်။ ညနေ ၅ နာရီအချိန်တွင် ဂူသွင်းမြှုပ်နှံမည့်
နေရာသို့ ဦးဝင်းတင်၏ ရုပ်အလောင်း ရောက်ရှိခဲ့ပြီး ဦးဝင်းတင်အား
ဂူသွင်းပြီးနောက် ရေဝေးသုသာန်မှ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ထွက်ခွာသွားသည်။
ဦးဝင်းတင်အား နောက်ဆုံးဂါရ၀ပြု နှုတ်ဆက်ရန်အတွက် ရေဝေးသုသာန်သို့
လာရောက်ရာတွင် ယုဒသန်ခန်းမမှ လာရောက်သူများ၊ ဦးဝင်းတင်၏ နေအိမ်မှ
လာရောက်သူများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှ လာရောက်သူများ
အသီးသီးရှိခဲ့ပြီး မြောက်ဥက္ကလာအ၀ိုင်းတွင် စုရပ်ပြုလုပ်ကာ ထိုနေရာမှ
ရေဝေးသုသာန်သို့ ခြေကျင်လျှောက် လာရောက်ဂါရ၀ပြုခဲ့သူများအပြင်
မိမိအစီအစဉ်ဖြင့် လာရောက်ခဲ့သူများလည်း ရှိခဲ့သည်။
လာရောက်သူ
များပြားသည့်အတွက် ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ခဲ့ပြီး ခြေကျင်လျှောက်ကာ
လာရောက်ခဲ့သူအရေအတွက်မှာလည်း ထောင်ဂဏန်း ရှိခဲ့သည်။
ဦးဝင်းတင်အား
နောက်ဆုံးနှုတ်ဆက် ဂုဏ်ပြုခြင်းအနေဖြင့် ယုဒသာန်ခန်းမအနီးရှိ ဓာတ်တိုင်များ၊
လှည်းတန်းခုံးကျော်တံတားတိုင်များတွင် ဦးဝင်းတင်ပုံတူအား ဂရပ်ဖစ်တီ
ပြုလုပ်ခဲ့သူများလည်း ရှိသည်။ ထို့အပြင် ဈာပနသို့ အပြာရောင်အင်္ကျီ
ဝတ်ဆင်ပြီး လာရောက်ခဲ့ကြသူများရှိသည့်နည်းတူ “ကမ္ဘာမကြေဘူး”သီချင်းအား
ဈာပနအခမ်းအနားပြုလုပ်စဉ် တစ်လျှောက်လုံး သီကြွေးဟစ်ဆိုပြီး
ဂုဏ်ပြုနှုတ်ဆက်ခဲ့သူ အများအပြားလည်း ရှိခဲ့ပါသည်။
ဦးဝင်းတင်၏
ဈာပနအခမ်းအနားသို့ အဖွဲ့အစည်းပေါင်း ၄၆ ဖွဲ့မှ
သ၀ဏ်လွှာများပေးပို့ခဲ့သည့်နည်းတူ နယ်ပယ်အသီးသီးမှ ပန်းခွေ၊ ပန်းခြင်းပေါင်း
၁၀၀၀ ကျော်ပေးပို့ခဲ့ကြောင်း သိရသည်။
“ဦးဝင်းတင်ဟာ
မျက်နှာတစ်ဖက်တည်းရှိလို့ အရမ်းလေးစားပါတယ်။ သူ့ဘ၀တစ်လျှောက်လုံး
ပြည်သူဘက်ကိုပဲ မျက်နှာမူခဲ့တာပါ။ ကျွန်တော်ဆိုရင်
ကျန်းမာရေးမကောင်းတဲ့ကြားက လိုက်ပို့ခဲ့တာ။ ဦးဝင်းတင်ဟာ
ကျွန်တော်တို့ရင်ထဲမှာ ဘယ်တော့မှ မသေပါဘူး”ဟု ပုဇွန်တောင်မြို့နယ်မှ
လာရောက်ပို့ဆောင်ခဲ့သူ ဦးကြည်ဝင်းက ပြောပါသည်။
“ဦးဝင်းတင်ဟာ
မူတစ်ခုတည်းအပေါ်မှာ ရပ်တည်ခဲ့တဲ့သူ ဖြစ်တယ်။ သူ့ကို ဘယ်လိုပဲ
တွန်းလှဲခဲ့ကြပါစေ ဘယ်တော့မှ ပြိုလဲမသွားခဲ့ဘူး။ သေသည်အထိ သူ့ကို ဘယ်သူကမှ
ပြိုလဲအောင် မတွန်းလှဲနိုင်ခဲ့ဘူး။ ကျွန်တော်တို့ ရင်ထဲက
သူရဲကောင်းဖြစ်တဲ့အတွက် လိုက်ပို့ခဲ့တာပါ”ဟု မန္တလေးမြို့မှ
လာရောက်ပို့ဆောင်ခဲ့သည့် ကိုမြတ်ထင်က ပြောကြားခဲ့ပါသည်။
NLD ပါတီ၏ သဘာပတိအဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင် ကွယ်လွန်ခဲ့သည့်အပေါ် မှတ်ချက်စကားများ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သိက္ခာ၊
နိုင်ငံရေး သိက္ခာ၊
နိုင်ငံရဲ့ သိက္ခာ၊
လူသားများ သိက္ခာ၊
တို့ကို မြှင့်တင်ပေးတဲ့ ဆရာဦးဝင်းတင်ကို ဦးညွှတ်ဂါရ၀ပြုပါသည်။
ဒေါ်အောင်ဆန်းစုကြည်
(အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက အဖွဲ့ဝင်ဖြစ်သည့် ဦးဝင်းတင် ဟံသာဝတီ
သတင်းစာအယ်ဒီတာချုပ်ဟောင်း စာပေပညာရှင်သည် ၂၁-၄-၂၀၁၄ ရက်နေ့ နံနက် ၆
နာရီခွဲခန့်တွင် ကွယ်လွန်အနိစ္စ ရောက်သည့် သတင်း ကြားသိရသဖြင့်
မိသားစုနှင့်တကွ အဖွဲ့ချုပ်အဖွဲ့ဝင်များအားလုံး ၀မ်းနည်းကြေကွဲနှမြောတသ
ဖြစ်ကြရပါသည်။
ဦးဝင်းတင်သည် (၈)လေးလုံး အရေးတော်ပုံစကတည်းက
တတ်သိပညာရှင်တွင် ပါဝင်ပြီး ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်အား ၀ိုင်းရံကာ
ကိုယ်ကျိုးစွန့်အနစ်နာခံကာ တလျှောက်ပါဝင်ခဲ့သည်။ ထိုစဉ်ကတည်းက ပြည်သူတို့၏
ပိုင်သည့်လွတ်လပ်မှု ဒီမိုကရေစီကို ပြန်လည်ပိုင်ခွင့်ရစေရန် သူ၏
ဆောင်ရွက်မှုအခန်းကဏ္ဍသည် ကြီးမားထက်မြက်၊ အထောက်အပံ့ကိစ္စများကို
ထိရောက်အောင်မြင်စွာ အကျိုးများစွာပြုခဲ့သူ ဖြစ်သည်။
သူ၏
ဆောင်ရွက်မှုတွင် မိမိ၏ယုံကြည်ချက်ကို ခိုင်မြဲစွာစွဲကိုင်
စိတ်ဓာတ်ခိုင်မာသူလည်း ဖြစ်သည်။ နိုင်ငံသူနိုင်ငံသား
တိုင်းရင်းသားများအတွက် မိမိအလွန်ထက်မြက်သော ပညာဖြင့်
အကောင်းဆုံးအကျိုးပြုစေခဲ့သည်။ အစဉ်တွေး၊ အစဉ်မေး၊ အစဉ်ရေးဆိုသည့်
မူအတိုင်း နိုင်ငံတော်၏ ဂုဏ်တက်စရာအကြောင်းများဖြင့် မျက်စိဖွင့်ပေးသူ
ဖြစ်သည်။ ယခုလို ကွယ်လွန်သွားပြီဖြစ်သောကြောင့် ဒီမိုကရေစီအင်အားစုအတွက်
အတိုင်းမသိ ဆုံးရှုံးနစ်နာရပေသည်။ သူ၏ ဆောင်ရွက်ချက်များကို အစဉ်သတိရ
အောက်မေ့နေကြမည်ဖြစ်ပါ၍ ကောင်းရာသုဂတိသို့ လားပါစေ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦး
ပြောပြဖို့အတွက်ကို တော်တော်ဆို့ဆို့ နင့်နင့်ခံစားရပါတယ်။NLD ပါတီအတွက်
တကယ်အရေးကြီးတဲ့အချိန်ရောက်ကာမှ ရွှေတောင်ကြီး ပြိုလဲသွားတာပါ။ ဆရာမ
မိုးမိုး(အင်းလျား)ရဲ့ ဈာပနမှာ ဆရာတင်မိုး ပြောခဲ့သလိုပဲ ချစ်သောသူတို့
အသက်တို၏၊ မုန်းသောသူတို့ အသက်ရှည်၏ ဆိုသလိုပါပဲ၊ ၁၉၉၆ ခု နောက်မှုတိုးတော့
ဆရာတို့အားလုံး အတူတူပဲလေ၊ သူပြောတာကို ကြားခဲ့ဖူးတယ်။ နောက်နှစ် ၃၀၊ ၄၀
လောက် နိုင်ငံရေး ဆက်လုပ်ဦးမှာတဲ့၊ အခုတော့ နှစ် ၂၀ လောက်ပဲ ကြာတယ်၊
သူမရှိတော့ဘူးပေါ့။ တကယ်ကို နှမြောသလို၊ တကယ့်ကို နက်နက်နဲနဲကြေကွဲရပါတယ်။
ဒေါက်တာဇော်မြင့်မောင်
(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
အဘရေ
သမီးတို့ရဲ့ မြန်မာပြည်သူ၊ ပြည်သားတွေရဲ့ အားထားယုံကြည်ရာ တောင်ကြီးပြိုလဲသွားသလို ခံစားရပါတယ်။ ဘဘ ကောင်းရာသုဂတိ လားပါစေ။
ဆရာကြီး သခင်ကိုယ်တော်မှိုင်း မိသားစု
မှန်တယ်ဆိုရင် ရဲရဲဝံ့ဝံ့ ရပ်တည်ရဲတာ၊ ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး
မပြောတတ်တာ၊ မလုပ်တတ်တာ၊ စွန့်လွှတ်မှု အနစ်နာခံမှုကိုပြပြီး အာဏာပိုင်တွေ
အခွင့်အရေးပေးနိုင်သူတွေနဲ့ လူထုကွယ်ရာမှာ ချိတ်ဆက်မထားတာ
ရောင့်ရဲတင်းတိမ်တတ်တာ။ လူထက်မူပေါ် အသေရပ်တည်ရဲတာ။ ဒီလိုလူမျိုး
အများကြီးမတွေ့ခဲ့ပါဘူး။ ဒီလူတွေအထဲမှာ ဆရာလူထုဦးစိန်ဝင်းက ကျွန်တော်နဲ့
ရင်းနှီးပေမယ့် ဆရာဦးဝင်းတင်က မရင်းနှီးပါဘူး။ တိုင်းပြည်ရှေ့ခရီး
အကျဉ်းအကျပ်ထဲရောက်နေချိန် အနာဂတ်လမ်းေ၀၀ါးနေချိန်မှာ ဆရာတို့
အားလုံးခွဲခွာသွားတဲ့အတွက် ၀မ်းနည်းကြေကွဲတာ၊
စိတ်ပျက်လက်ပျက်ရှိတာတွေအားလုံးထက် ပိုခံစားမိပါတယ်။
ဒေါက်တာသန်းထွဋ်အောင်
(CEO, Eleven Media Group)
မြန်မာ့သမိုင်းမှာ ၁၉၆၂ နောက်ပိုင်း တစ်ခါမှ မပေါ်ပေါက်ခဲ့ဖူးတဲ့
အစ်ကိုကြီးလို အစ်ကိုတစ်ယောက်ရဲ့ ညီဖြစ်ရလို့ ကျေနပ်တယ်။
အစ်ကိုကြီးအတွက်လည်း အရမ်းကို ဂုဏ်ယူတယ်။ မြန်မာပြည်သူတွေရဲ့ ရင်ထဲမှာ
အစ်ကိုကြီးတစ်ယောက် အမြဲရှိနေမှာပါ။ အစ်ကိုကြီး ကောင်းရာမွန်ရာဘဝ
ရောက်ပါစေ။
ကိုတင်မောင်အေး
(သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်၏ မိသားစုဝင်)
ဟိုး - တောကြိုအုံကြားက လှမ်းခေါ်တယ်
ဘဘအသက်ကို “ကယ်” မယ်တဲ့။
နိုင်ငံတကာရောက်တွေကလည်း အာမခံတယ်၊
သူတို့ စဆုံးတာဝန်ယူ ကုပါရစေတဲ့၊
သူဟာ . . . သေမင်းကိုလက်ဆွဲနှုတ်ဆက်ရချိန်
တစ်သက်တာစိုက်ပျိုးခဲ့သမျှ ရိတ်သိမ်းရတာပါပဲ၊
သူ့နောက်ဆုံးခရီးမှာ
ကြည့်လိုက်
ပန်းပြာတွေ ပြည့်လို့။
ကိုမင်းကိုနိုင်
ဆရာဦးဝင်းတင်နဲ့ပတ်သက်ရင် အမှတ်ရစရာတွေက အများကြီးပါပဲ။ အဲဒီ့ထဲကမှ ၁၉၈၉
ခုနှစ် သင်္ကြန်သံချပ် ပြိုင်ပွဲပေါ့နော်။သင်္ကြန်မှာ သံချပ်ပြိုင်ပွဲ
လုပ်မယ်ဆိုတာကို
တတ်သိပညာရှင်တချို့က သဘောမတူဘူး။ ဦးကို ယုကပေါ့နော်
နိုင်ငံရေးအရေးစကြီး နေတဲ့အချိန်မှာ နိုင်ငံရေးစင်မြင့်ကို
ပျော်ပွဲရွှင်ပွဲအတွက် သုံးတာကို သဘောမတူဘူးလို့ ပြောတာပေါ့နော်။ ဒါနဲ့
အန်တီက ရှင်းပြရတယ်၊ ပျော်ပွဲရွှင်ပွဲ မဟုတ်ပါဘူးပေါ့၊ နိုင်ငံရေးအတွက်
သုံးတာပါပေါ့။ ဒီလိုရှင်းပြတော့ ဦးကိုယုက ဦးဝင်းတင်ကို သွားပြောလို့
ပြောတယ်။ ဒါနဲ့ ဦးဝင်းတင်ကိုသွားပြောတော့ ဦးဝင်းတင်က “ကျွန်တော်ကအစကတည်းက
မကန့်ကွက်ပါဘူး၊ ဦးကိုယုကိုပြောလည် အောင်ပြောပါ”တဲ့။အန်တီကလည်း
ဦးကိုယုကို ပြောပြီးပြီလို့ပြောတော့ ဒါဆိုရင်လုပ်ရမယ်လို့ ပြောတယ်။N LD
လူငယ်ကိုယ်စားပြု သံချပ်အဖွဲ့ကို သွားစစ်ဆေးတော့ အန်တီရယ်၊
ဆရာဦးဝင်းတင်ရယ်၊ ဒေါ်မြင့်မြင့်ခင်ရယ် သွားစစ်ကြတယ်။ စစ်ဆေးတဲ့နေရာမှာ
ဆရာဦးဝင်းတင်က ဘာပြောလဲဆိုတော့ နည်းနည်းကြမ်းတဲ့ စကားလုံးတွေကို
နားခံသာအောင် ယဉ်ယဉ်ကျေးကျေး ပြင်လိုက်ရတာကလွဲရင် အားလုံးကောင်းတယ်လို့
ကျေကျေနပ်နပ်လှိုက်လှိုက်လှဲလှဲ ချီးကျူးတယ်။ နောက်ပြီး လူငယ်တွေရဲ့အမြင်က
သိပ်စူးရှတာပဲလို့ပြောတော့ အန်တီလည်း ကျေနပ်ခဲ့တာပေါ့နော်၊ အန်တီဆရာ့ကို
သတိထားမိတာက သူရေးတဲ့ စာတွေထဲမှာ တစ်ဖက်သားနားခံသာအောင်
ဆန့်ကျင်ဘက်စကားတွေကို ယဉ်ယဉ်ကျေးကျေးပြောဆို သုံးနှုန်းတတ်တာကို တွေ့ရတယ်။
ဒေါ်စမ်းစမ်းနွဲ့(သာယာဝတီ)
ဦးဝင်းတင်က NLD အတွက်တင်မကပါဘူး။ ဒီမိုကရေစီအင်အားစုအားလုံးအတွက်
အားတစ်ရပ်ပါပဲ။ ဦးဝင်းတင်ကို ဆုံးရှုံးလိုက်ရတဲ့အတွက် NLD အတွက်ရော၊
ဒီမိုကရေစီအင်အားစုအတွက်ရော တကယ်ကြီးမားတဲ့ ဆုံးရှုံးမှုပါပဲ။
ဦးဥာဏ်ဝင်း (NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ)
ကိုဝင်းတင်ကို ဆုံးရှုံးရတာ အလွန်ဝမ်းနည်းပါတယ်။ ဒါပေမဲ့ ခင်ဗျားက
တိုင်းပြည်အတွက် အလွန်တာဝန်ကျေခဲ့တာဆိုတော့ လူဖြစ်ရကျိုးနပ်ပါတယ်ဗျာ၊
ကျွန်တော်တို့အားလုံး ခင်ဗျားအတွက် ဂုဏ်ယူကြပါတယ်။ တိုင်းပြည်က
အလွန်ဂုဏ်ယူခဲ့ကြပါတယ်။
စွယ်စုံအနုပညာရှင် ဦးဝင်းဖေ
အလွန်လေးစား ခင်မင်ရပါသော ဦးဝင်းတင်၏ နောက်ဆုံးနေ့ နောက်ဆုံးခရီးတွင်
မခွဲခွာချင်ဘဲ ခွဲခွာရတဲ့အတွက် အလွန်ကြေကွဲ ၀မ်းနည်းရပါကြောင်း၊
ဦးဝင်းတင်လို အစားထိုးမရနိုင်သော ပုဂ္ဂိုလ်တစ်ဦး ဆုံးရှုံးရသည့်အတွက် မိမိ
မိသားစုနဲ့အတူ တိုင်းပြည်အတွက်ပါ အလွန်ဝမ်းနည်းကြေကွဲရပါကြောင်း။
ဦးအေးသာအောင် (ရခိုင်အမျိုးသားအဖွဲ့ချုပ်)
ဆရာကြီးဦးဝင်းတင် ကွယ်လွန်သွားခြင်းသည် မြန်မာပြည်စစ်အာဏာရှင်စနစ်
ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီအရေးတိုက်ပွဲတွင် ကြီးမားသော ဆုံးရှုံးမှုတစ်ရပ်
ဖြစ်ပါသည်။ ဆရာကြီးဦးဝင်းတင်သည် ဘ၀တစ်သက်တာတွင် ပြည်သူတို့အတွက်
ကြီးမားစွာအလုပ်အကျွေး ပြုခဲ့ပါသည်။
ဆရာကြီးဦးဝင်းတင် ကွယ်လွန်ခြင်းသည် ရိုးမတောင်တန်းကြီးကဲ့သို့ လေးနက်ကြီးမြတ်လှပေသည်။
မြန်မာပြည် ဒီမိုကရေစီတိုက်ပွဲအရေးတော်ပုံတွင် ဆရာကြီးဦးဝင်းတင်သည် ထာဝစဉ်ဥဒါန်းမော်ကွန်း တင်ရစ်စေမည် ဖြစ်ပါသည်။
ဖဒို မန်းငြိမ်းမောင်
(ကေအင်န်ယူ- ကရင်အမျိုးသားအစည်းအရုံး)
ဦးဝင်းတင်
ဆုံးဖြတ်ချက်ခိုင်မာသော၊ ရဲရင့်သော၊ တရားသောစစ်ကို ဆင်နွှဲရင်း
တိုက်ပွဲမပြီးဆုံးမီ ကျဆုံးသွားသော အာဇာနည် ဦးဝင်းတင်အား ဂါရ၀ပြုပါသည်။
အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်မိသားစု
ဘဘဦးဝင်းတင်က အမြဲတမ်းတပ်ဦးမှာပဲ နေခဲ့တာပါ။ အာဏာပိုင်တွေနဲ့ ဖြစ်တဲ့
ပြဿနာတွေပဲ ဖြစ်ဖြစ်၊ နိုင်ငံရေးနဲ့ပတ်သက်တဲ့ ပြဿနာတွေပဲဖြစ်ဖြစ်
ရှေ့ဆုံးမှာပဲ နေခဲ့တာပါ။ တိုင်းပြည်တစ်ပြည်ရဲ့ နိုင်ငံရေးနဲ့
ပတ်သက်တဲ့ဟာတွေကို ဆုံးဖြတ်တာပဲဖြစ်ဖြစ်၊ ချမှတ်တာပဲဖြစ်ဖြစ် တကယ့်ကို
ရှေ့ဆုံးက တက်တက်ကြွကြွ ပါဝင်ခဲ့ပါတယ်။ သေရတယ်ဆိုတာကတော့ သဘာဝပဲလေ။ ဒါပေမဲ့
သူက စိတ်ဓာတ်ခွန်အားကြီးတယ်ဗျ။ နောက်ဆုံး သေခါနီးအချိန်အထိ
ကြံ့ကြံ့ခံသွားနိုင်ခဲ့တယ်ဗျာ။ တိုင်းပြည်အတွက်တော့ လူတော်လူကောင်းတစ်ဦး
ဆုံးရှုံးရတာပါ။ ဒီမိုကရေစီလှုပ်ရှားမှုရဲ့တပ်ဦးဆုံးရှုံးသွားတာပါ။
ကိုဘိုဘိုဦး
(ဦးဝင်းတင်နှင့်အင်းစိန်ထောင်အတွင်း အတူနေခဲ့ရသူ)
ဆရာဦးဝင်းတင်နဲ့ ကျွန်တော်တို့က ၈၈ ကတည်းက အတူတူ လုပ်လာခဲ့သလို
ထောင်ထဲရောက်တော့လည်း အတူတူပဲဆိုတော့ တိုင်းပြည်နဲ့ လူမျိုးအပေါ် အင်မတန်မှ
ချစ်၊ အင်မတန်မှ သစ္စာရှိတဲ့၊ အင်မတန်မှ အလုပ်လုပ်တဲ့ လူတစ်ယောက်ကို
ဆုံးရှုံးလိုက်ရတဲ့အတွက် တိုင်းပြည်အတွက်ရော၊ ပါတီအတွက်ရော
အင်မတန်မှကြီးမားတဲ့ ဆုံးရှုံးမှုကြီးလို့ မြင်ပါတယ်။ သူကွယ်လွန်သွားတဲ့အတွက်
ကျွန်တော့်အနေနဲ့ အင်မတန်မှ ၀မ်းနည်းကြေကွဲရပါတယ်။ ကျွန်တော်တို့
တိုင်းတစ်တိုင်းလုံးကလည်း ၀မ်းနည်းကြေကွဲနေကြပါတယ်။ ကျွန်တော်တို့
တိုင်းအနေနဲ့လည်း ဆရာကြီးအတွက် အထိမ်းအမှတ်ပွဲတစ်ခု လုပ်မှာပါ။
ဒေါက်တာမြင့်နိုင်
(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
သတင်းစာဆရာကြီးဦးဝင်းတင်၏ ဈာပနသို့ တက်ရောက် ဂါရ၀ပြုလာရောက်ကြသည့် ပြည်သူများကို တွေ့ရစဉ်
No comments:
Post a Comment