Friday, 8 April 2016
လက်ခုပ်တီးမစောနဲ့ ခဲပေါက်မလောနဲ့ ..........(ရေးသူ - သီပာသွေး)
လက်ခုပ်တီးမစောနဲ့ ခဲပေါက်မလောနဲ့
ကျွန်တော့ မှာပြောချင်တာတွေရော ရေးချင်တာတွေပါ များလွန်းလို့ ဘယ်ကစရမှန်းမသိ ..,
အရင်ဆုံး ပြောချင်တာက ကျွန်တော် ဖေ့ဘွတ်ခ် ပေါ်မှာရေးတဲ့ အခါ ဘယ်သူကိုမှ ၊ ဘယ်သူ့အတွက်မှ လော်တဲ့ အလုပ်လည်း မလုပ် ဆော်တဲ့အလုပ်လည်းမလုပ်ပါ၊ ဖါတဲ့ အလုပ်လည်း မလုပ် ပြဿနာ ရှာတဲ့ အလုပ်လည်းမလုပ်ပါ ။ ကျွန်တော့ မှာ အများနဲ့မတူတဲ့ အမြင်ရှိရင် ချပြလေ့ရှိပါတယ် ။ တခုပြောချင်တာက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သပ်လို့ ကျွန်တော်ရေးနေတာတွေဟာ ဘာကြောင့်ရေးနေတာလည်းဆိုတာပြောပြချင်ပါတယ်။ တချို့ ရင်းနှီးတဲ့ မိတ်ဆွေတွေကတောင် ဒေါ်စုကို ကာကွယ်ပင့်မြှောက်ပြီးရေးတယ်လို့ ယူဆပြီး သတင်းထောက်အနေနဲ့ မရေးသင့်ဘူးလို့ဝေဖန်ကြတာရှိပါတယ်။ တကယ်တော့ ဒေါ်စုကိုမြှောက်ရေးသည်ဖြစ်စေ နှိမ်ချရေးသည်ဖြစ်စေ ဒေါ်စုအပေါ် ဘာသက်ရောက်မှုမှာရှိမှာလည်း မဟုတ်ပါ ။ ကျွန်တော် အရင်ကလည်းပြောဖူးပါတယ်။ ကျွန်တော့မှာ ဒေါ်စု နဲ့ အမြင်မတူတာတွေ သဘောမတူတာတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ဒေါ်စု ဟာ သာမာန်ပုဂ္ဂိုလ် တစ်ဦးမဟုတ်ပါ ။ သူ့ရဲ့ပညာ ၊ သူ့ရဲ့ ဝါ ၊ သူ့ရဲ့ကျင်ကြံအားထုတ်မှု ၊ သူ့ရဲ့ စောင့်စည်းထိန်းသိမ်းမှု ၊ သူ့ရဲ့ ကိုယ်ခံအား ၊ မာကြောမှု ၊ အသက်အရွယ်နဲ့ မမျှတဲ့ ဝရိယနဲ့ ရုန်းကန်ကြိုးပမ်းနိုင်မှု ၊ မျိုးစုံသောတန်ဖိုးတွေနဲ့ အတွေ့အကြုံများစွာ သူမဆီမှာ ရှိနေတာ ဘယ်လိုမှ မငြင်းနိုင်ပါ။ ဒါကြောင့် ကျွန်တော် သူ့အကြောင်းပြောတဲ့ အခါ ဘုန်းတော်ဘွဲ့တွေ မပြောပါ။ ကျွန်တော်တို့ လူ့အဖွဲ့အစည်း အတွက်အကျိုးရှိမယ့် ၊ စံနမူနာပြုလောက်တဲ့ နာယူကျင့်သုံးသင့်တဲ့ သူမရဲ့ အတွေးအခေါ်၊ အမြင် ၊ ဆုံးဖြတ်ချက် ၊ ရပ်တည်ချက်တွေကို ကျွန်တော်မြင်တဲ့ ရှု့ဒေါင့်ကနေ သုံးသပ်တင်ပြခြင်းသာဖြစ်ပါတယ် ဒေါ်စု အကျိုးအတွက် မဟုတ်ပါ။ ကျွန်တော်တို့လူ့ဘောင် ကျွန်တော်တို့လူ့အဖွဲ့အစည်း အကျိုးအတွက်သာဖြစ်ပါတယ် ။ တနည်းပြောရရင် ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့ စာအုပ်ထဲက အလွန် ခွန်အားဖြစ်စေတဲ့ စာသားတွေကို ရွေးချယ်ပြီး အောက်ကနေ မျဉ်းလိုက်သားနေခြင်းသာဖြစ်ပါတယ်။
စကားပလ္လင် အခုလိုခံနေရတာ ဒီနေ့ အပြောင်းအလဲကြားမှာ ထောက်ခံလိုက်ကြ၊ ဆဲဆိုလိုက်ကြနဲ့ ယောက်ယက်ခတ်နေတဲ့ ဝန်းရံသူ တွေကို ပြောပြချင်တဲ့ အကြောင်းလေးတခုရှိလို့ပါပဲ။ အားလုံး က အရမ်းလောကြီးတယ် ၊ ပြီးတော့ ရွေးကောက်ပွဲ စစ်ဆင်ရေးစိတ်ဓါတ်ကိုဖြုတ်မသိမ်းကြသေးဘူး။ ရွေးကောက်ပွဲလွန် တည်ဆောက်ရေးမှာ အဲ့ဒီလက်နှက်တွေက အသုံးမဝင်ရုံမဟုတ်ဖူး၊ အန္တရယ်ပါရှိတယ်။ ထားပါပြောချင်တာက တခု။
၁၉၈၈ စစ်တပ်က အဏာသိမ်းပြီး ဒီမိုကရေစီ လှုပ်ရှားမှုတွေကို နှိပ်ကွတ်နေတဲ့အချိန် .. ဒေါ်စုကလည်း မတရားတဲ့ ဥပဒေတွေ ထိတ်တိုက်ရင်ဆိုင်ကြဆိုပြီး တရားလှည့်ဟောနေတဲ့အချိန် ..အာဏာသိမ်းပြီးခါစ လူတွေကလည်းစစ်တပ်ကို နာကျည်းနေတဲ့ အချိန် .. ဆူးလေဘုရားလမ်းနဲ့ အနော်ရထာလမ်းဒေါင့်က လူ့ဘောင်သစ် ပါတီရုံးခန်း အထက်မြင့် ပေါ်ကနေ ဒေါ်စု က မတရား အမိန့်အာဏာ ဖီဆန်ရေး တရားဟောတယ်။ အောက်မှာ သွေးဆူနေတဲ့ ပရိတ်သတ် ရာချီ ရှိတယ်။ စစ်အုပ်ချုပ်ရေးကာလဖြစ်လို့ လမ်းပေါ်မှာ သံဆူးကြိုးတွေချ ပြီး လက်နှက်ကိုင် စစ်သားတွေ အင်အားပြနေရာယူထားတယ်။ ဒေါ်စုက ဟောနေကြ စစ်အစိုးရက ထုတ်ပြန်ထားတဲ့ စစ်အုပ်ချုပ်ရေးနဲ့ ၂/၈၈ လို့ခေါ်တဲ့ ၅ယောက်ထက်ပိုတဲ့ လူစုလူဝေးမပြု လုပ်ရဆိုတဲ့ အမိန့်ကို ဆန့်ကျင်ရေးတရားဟောတယ်။ အောက်က ပရိတ်သတ်က ဒေါ်စု စကားတစ်ခွန်းပြီးတိုင်း လက်ခုပ်တဖြောင်းဖြောင်းပေါ့။ ဒီလိုနဲ့ မိန့်ခွန်းတနေရာမှာ ဒေါ်စုက" ဒီကနေ့ ပြောနေကြတာရှိပါတယ်၊ တပ်မတော်သားတွေဟာ ပညာမတက်ဖူး ဆိုပြီးပြောကြပါတယ် " ဆိုပြီးစကားချီလိုက်တယ် ။ လက်ခုပ်သံ စီကနဲ ထွက်လာတယ်။ အဲဒီမှာ ဒေါ်စုက စကားချက်ချင်းဖြတ်ပြီး လက်ခုပ်သံလာရာဖက်ကို လက်ညှိုးထိုးပြီး " ကျမ အခု လက်ခုပ်တီးတဲ့ သူတွေ နဲ့သဘောမတူပါဘူး , တကယ်တော့ တပ်မတော် သားတွေမှာ ပညာ ရှိပါတယ် အဲဒါကတော့ စစ်ပညာပါပဲ " လို့ ပြောခဲ့ပါတယ်။
အဲဒီတော့ ကျွန်တော်ပြောချင်တာတစ်ခုက ဒေါ်အောင်ဆန်းစုကြည် ရဲ့ ခေါင်းဆောင်မှုကို ခံယူကြ ထောက်ခံကြတယ်ပြောပြီး သူမရဲ့ မူ ဝါဒ ၊သဘောထား ၊အယူအဆ၊ အမျှော်အမြင်တွေကို အသေအခြာမလေ့လာ မဆင်ခြင်ပါပဲ စိတ်ထဲက နေ လက်ခုပ်ကြိုတီးထားတာ၊ ထစ်ကနဲ လက်ခုပ်ထတီးတာ ၊ ခဲနဲထပစ်တာ ဆွမ်းကြီးလောင်း ကြမယ်ဆိုရင် ကိုယ့်ခေါင်းဆောင်ကို ကန့်လန့်တိုက်သလို သိက္ခာချသလိုဖြစ်သွားမှာပါပဲ။ အဓိက ကတော့ ကျွန်တော်တို့တွေ ရင့်ကျက်ဖို့ အရေးတကြီးလိုအပ်နေပါပြီ။ နိုင်ငံရေး အရ ပိုပြီး ရင်ကျက်မှ ဖြစ်မှာပါ ။ အပြစ်တင်တမ်း ခဲပေါက်တမ်း ကစားနေလို့ မဖြစ်သလို မျက်စိစုံမှိတ်ပြီး ဟုတ်ပါတယ် မှန်ပါတယ် လုပ်နေလို့လည်းမဖြစ်တော့ပါဘူး ။ ကျွန်တော်တို့အားလုံး ရင်ကျက်ပြီး တည်တည်ငြိမ်ငြိမ် တစ်လှမ်းချင်းရှေ့ကိုလှမ်းနိုင်ပါမှ ကျွန်တော်တို့လက်ထဲမှာ ဆွဲကိုင်မိထားတဲ့ ဒီမိုကရေစီ နိုင်ငံတည်ဆောက်နိုင်ခွင့်ဟာ ကျွန်တော်တို့လက်ထဲမှာမြဲမြံသေချာနေမှာဖြစ်ပါတယ် ။ ဒါကြောင့် လက်ခုပ်တီးလည်းမစောနဲ့ ခဲပစ်လည်းမလောကြပါနဲ့ စဉ်းစားပြီးမှ လုပ်ကြပါလို့ ..
Subscribe to:
Post Comments (Atom)
No comments:
Post a Comment