Monday, 2 December 2013

မြန်မာ့နိုင်ငံရေးအတွက်အထူးအရေးပါသည့်မိန့်ခွန်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာလ (၁) ရက်နေ့ နံနက်ပိုင်းက သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့၌ မြန်မာမိသားစုများနှင့်တွေ့ဆုံပြီး မြန်မာ့နိုင်ငံရေးအတွက်အထူးအရေးပါသည့်မိန့်ခွန်းကို ပြောကြားခဲ့ရာ ယင်းမိန့်ခွန်းအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။


ကျမတို့ သြစတြေးလျမှာရောက်တဲ့အချိန်မှာဆိုရင် ရောက်နေတဲ့မြန်မာပြည်သူပြည်သားများဟာ တက်တက်ကြွကြွနဲ့လာရောက်ကြိုဆိုတယ်ဆိုရင် ကျမအမြဲပဲဝမ်းသာပါတယ်။ အထူးသဖြင့် ကျမတို့ရဲ့တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေက ကြိုဆိုတယ်ဆိုတာ ကျမအထူးဝမ်းသာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့နိုင်ငံဟာ ပြည်ထောင်စုဆိုတာ ထပ်တလဲလဲပြောနေရတဲ့ကိစ္စပါ။ ပြည်ထောင်စုထဲမှာ အားလုံးအဆင်ပြေဖို့ဆိုတာ အားလုံးကနေ အပေးအယူလုပ်ချင်တဲ့စိတ်ရှိဖို့လိုပါတယ်။ ကျမတို့ ဗမာလူများစုက လူလည်းများတော့ အမှားတွေလည်းပိုများတယ်ဆိုတာ ဒါဟာသဘာဝကျပါတယ်။ ဒါပေမယ့် လူနည်းစုများဖြစ်တဲ့ ကျမတို့ရဲ့တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေကလည်း သဘောထားကြီးကြီးနဲ့ ပြန်လည်ပြီးတော့ ညီညွတ်ရေးအတွက် ခွင့်လွှတ်သည်းခံတဲ့စိတ်။

ပိုပြီးတော့ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်ချင်တဲ့စိတ်တွေကို မွေးပေးမယ်ဆိုလို့ရှိရင် ကျမတို့အတွက် တစ်တပ်တစ်အားဖြစ်မှာပါ။

ညီညွတ်ကြရဲ့လား
ဘယ်သွားသွား ကျမပြောရတဲ့ကိစ္စက ဗမာတွေမြင်တိုင်းမေးရတယ့့်  ညီညွတ်ကြရဲ့လားလို့ မေးရတယ်။ အဲဒီလိုမေးရင် သူတို့ကရယ်ကြတယ်။ ရယ်ကြတယ်ဆိုတော့ အဖြေကတော့  (ရယ်လျက်)။ မနေ့က ကျမဒီလိုပဲ မြန်မာတစ်စုနဲ့တွေ့တဲ့အခါကျတော့ ညီညွတ်ကြရဲ့လားဆိုတော့ အစဉ်အလာထိန်းသိမ်းသောအားဖြင့် မညီညွတ်ပါဘူးတဲ့ (ရယ်လျက်)။ ဒါဟာ ကျမတို့နိုင်ငံမှာဖြစ်သင့်တဲ့ကိစ္စမဟုတ်ပါဘူး။ ဘာပဲပြောပြောပေါ့နော့့်  တရားသဘောနဲ့ကြည့်မယ်ဆိုရင် ကိုယ့်မှာအပြစ်ရှိမှန်းသိတာဟာ မရှိဘူးလို့ထင်တာထက် အများကြီးပိုကောင်းတယ်ပေါ့။ ဘာပဲပြောပြော ကိုယ်ဟာမညီညွတ်ဘူးဆိုတာ သိပြီ။ အားနည်းချက်ဆိုတာ သိပြီဆိုရင် ဒါဟာပြုပြင်ရေးအတွက် အစပဲ။ ပထမဆုံး ကိုယ့်ရဲ့အားနည်းချက်တွေ၊ ကိုယ်ပြုပြင်စရာတွေကို အသိအမှတ်ပြုမှ ကျမတို့ဟာ ကိုယ့်ကိုယ်ကိုပြုပြင်နိုင်မှာ။ ပိုပြီးတော့ကောင်းမွန်တဲ့၊ ပိုပြီးအင်အားကောင်းတဲ့အခြေအနေကို ရောက်သွားနိုင်မှာပါ။ အဲဒါကြောင့်မို့လို့ ကျမတို့နိုင်ငံမှာ ညီညွတ်ဖို့လိုအပ်တယ်လို့ ပြောနေတာဟာ ပြဿနာဖြစ်စေချင်လို့ပြောနေတာမဟုတ်ဘူး။ အကြီးစားပြဿနာကို ရဲရဲဝံ့ဝံ့ရင်ဆိုင်စေချင်လို့ပြောနေတာပါ။ ဘ၀ဆိုတာစိမ်ခေါ်မှုပါပဲ။ ကျမတို့ဟာ အင်မတန်ကြီးမားတဲ့စိမ်ခေါ်မှုကြီးဖြစ်တဲ့ ကျမတို့ရဲ့ပြည်ထောင်စုထူထောင်ရေးလုပ်ဖို့ဟာ ကျမတို့မှာ အခွင့်အလမ်းရတယ်။ ဒါဟာ မျိုးဆက်တိုင်း၊ မျိုးဆက်တိုင်းမှာ ရတာမဟုတ်ပါဘူး။ ဒါကြောင့် ကျမတို့ပြည်သူပြည်သားများဟာ ဒီခေတ်ဒီအခါမှာမွေးလာပြီးတော့ မြန်မာနိုင်ငံရဲ့ပြန်လည်ထူထောင်ရေး၊ ပြန်လည်ငြိမ်းချမ်းရေး၊ ပြန်လည်ညီညွတ်ရေးကိုလုပ်ပိုင်ခွင့်ရှိတာဟာ အထူးအခွင့်အရေးလို့မြင်စေချင်ပါတယ်။ ဒီဟာကို ပြဿနာကြီးလို့မမြင်စေချင်ပါဘူး။ စိမ်ခေါ်မှုဆိုတာ အခွင့်အရေးပါ။ ပြဿနာမဟုတ်ပါဘူး။ ဒီစိမ်ခေါ်မှုကို ကျမတို့အနေနဲ့ မှန်မှန်ကန်ကန်ရင်ဆိုင်ဖို့သာ လိုတာဖြစ်ပါတယ်။

အများအတွက်ချိန်ခွင်လျှာမျှအောင်
ကျမတို့နိုင်ငံ လွတ်လပ်ရေးရလာတယ်ဆိုတာလည်း တိုင်းရင်းသားများရဲ့အကူအညီနဲ့၊ တိုင်းရင်းသားများရဲ့ပါဝင်ဆောင်ရွက်မှုနဲ့ ရလာတာပါ။ အဲဒီတော့ ဒီလိုအကူအညီ ပါဝင်ဆောင်ရွက်မှုတွေ မရှိလို့ရှိရင် ကျမတို့နိုင်ငံဟာ တကယ့်ဒီမိုကရေစီပြည်ထောင်စုဆိုတာ မဖြစ်နိုင်ပါဘူး။ ကျမတို့ဟာ သဘောမတူတာတွေရှိရင်၊ တစ်ယောက်နဲ့တစ်ယောက် သဘောထားကွဲလွဲတာတွေရှိရင် မျက်နှာချင်းဆိုင်ပြီးတော့ဆွေးနွေးရမယ်။ သူ့အမြင်ကိုယ့်အမြင်ကို ဖလှယ်နိုင်ရမယ်။ သူ့အမြင်ကိုယ့်အမြင်ရှိသလို သူ့ရဲ့အမြင်ကိုလည်း လေးစားတတ်ရမယ်။ ကိုယ့်အမြင်ချည်းပဲကောင်းတယ်လို့ ထင်လို့မဖြစ်ပါဘူး။ ကျမတို့သာမန်လူသားတွေဟာ ဘယ်သူမှအမြဲမှန်နေတယ်လို့မရှိပါဘူး။ မှန်တဲ့အခါရှိတယ်၊ မှားတဲ့အခါရှိတယ်။ ကိုယ့်ရဲ့အတ္တအရ ကိုယ့်ရဲ့လိုချင်တဲ့၊ ကောင်းစေချင်တဲ့လူ့သဘာဝအရဆိုရင် လူတွေက ကိုယ့်ဘက်ကိုယ်ဆွဲကြည့်ကြတာပဲ။ ဒါပေမယ့် လူ့အသိုင်းအ၀ိုင်းမှာနေတယ်ဆိုရင် ကိုယ့်ဘက်ကိုဆွဲချင်တဲ့စိတ်၊ အတ္တစိတ်ကို အများအတွက်စဉ်းစားတဲ့ ပရဟိတစိတ်နဲ့ ကျမတို့ချိန်ခွင်လျှာမျှအောင် လုပ်ဖို့လိုပါတယ်။

ဝိုင်းမကန့်ကွက်ဘဲ ခေါင်းငုံ့ခံခဲ့လို့
အထူးသဖြင့် ကျမတို့လိုနိုင်ငံမျိုးမှာဆိုရင် ပိုလိုအပ်ပါတယ်။ ကျမတို့အခုရနေတဲ့အခွင့်အရေးတွေကို မလွတ်သွားဖို့ဟာ အင်မတန်အရေးကြီးတယ်လို့ထင်ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ တိုးတက်မှုကိုရရှိနိုင်မယ့်အခွင့်အရေးတွေဆိုတာ အမြဲရနေတာမဟုတ်ပါဘူး။ သူ့အချိန်ကာလနဲ့သူ ရှိပါတယ်။ ကျမတို့လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စတွေကို လုပ်သင့်လုပ်ထိုက်တဲ့အချိန်မှာ မလုပ်လို့ရှိရင် အခွင့်အရေးတွေဆုံးရှုံးသွားပြီးတော့ နှစ်ပေါင်းများစွာ ဒုက္ခရောက်နိုင်ပါတယ်။ ဒါဟာ ကျမတို့နိုင်ငံရဲ့သမိုင်းကို ပြန်ကြည့်ရမှာ။ (၁၉၆၂) ခုနှစ်မှာ စစ်အာဏာသိမ်းလိုက်တာ့  ပထမဦးဆုံးကတော့ (၁၉၅၈) ပေါ့။ အဲဒီဟာကတော့ နှစ်နှစ်ပဲ။ (၁၉၆၀) ကျတော့ ပြည်သူလူထုကရွေးကောက်လိုက်တဲ့အစိုးရက အစိုးရတစ်ရပ်ဖွဲ့နိုင်ခဲ့တယ်။ ဒါပေမယ့် (၁၉၆၂) ခုနှစ်ကျတော့ စစ်တပ်ကအာဏာသိမ်းလိုက်တဲ့အခါကျတော့ ကျမတို့ရဲ့ပြည်သူလူထုတွေက ၀ိုင်းပြီးကန့်ကွက်သင့်တာကို မကန့်ကွက်ဘဲနဲ့ ခေါင်းငုံ့ပြီးတော့လက်ခံခဲ့လို့ ကျမတို့ဟာစစ်အုပ်ချုပ်မှုအောက်မှာ ရာစုနှစ်တစ်ဝက်ကိုနေခဲ့ရတယ်။ ရာစုနှစ်ဆိုတော့ အနှစ်ငါးဆယ်။ အနှစ်ငါးဆယ်ဆိုတော့ ဒီမှာရောက်နေတဲ့ မြန်မာပြည်သူပြည်သားများတစ်ဝက်ကျော်ကတော့ အသက် (၅၀) အောက်ရှိမယ်လို့ ကျမထင်တယ်။ အဲဒီလိုအသက် (၅၀) အောက်ရှိတဲ့ ကျမတို့ရဲ့ပြည်သူပြည်သားတွေဆိုရင် ကျမတို့နိုင်ငံဟာ လွတ်လပ်တဲ့ဒီမိုကရေစီအဖွဲ့အစည်းအနေနဲ့ ရှိစဉ်တုန်းကကာလကို လုံးဝမသိခဲ့ကြဘူး။ ဒီမိုကရေစီရဲ့လုပ်ရိုးလုပ်စဉ်တွေကို နားမလည်ကြဘူး။ တချို့ကတော့ ဒီမှာရောက်လာမှ ဒီဟာတွေကို နားလည်ကြတာပေါ့နော်။ တချို့ကတော့ မြန်မာပြည်အတွင်းကနေ အဝေးကိုကြည့်ပြီးတော့၊ ပြင်ပကမ္ဘာကိုကြည့်ပြီးတော့မှ နားလည်တာသာဖြစ်တယ်။ နေ့တဓူဝဖြစ်တဲ့ကိစ္စလေးကို ကျမပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ကျမတို့ငယ်ငယ်တုန်းကဆိုရင် လွတ်လွတ်လပ်လပ် သတင်းစာတွေကိုထုတ်ပြန်ပိုင်ခွင့်ရှိတယ်။ အဲဒီတော့ သတင်းစာတွေက အစိုးရဘက်က သတင်းစာတွေလည်းရှိတယ်။ အစိုးရကိုဝေဖန်တဲ့ တိုက်ခိုက်တဲ့သတင်းစာတွေလည်းရှိတယ်။ ကျမတို့ငယ်ငယ်တုန်းက ဆိုရင်အိမ်တစ်အိမ်မှာ သတင်းစာနှစ်စောင်၊ သုံးစောင်ယူတယ်ဆိုတာ သိပ်ပြီးတော့ မထူးခြားပါဘူး။ ကျမတို့အိမ်မှာဆိုရင် သုံး၊ လေးစောင်ကိုယူတယ်။ ဘာဖြစ်လို့လဲဆိုတော့ကျမတို့ကလည်း နိုင်ငံရေးဘက်မှာစိတ်ပါတဲ့အသိုင်းအ၀ိုင်းကဆိုတော့ သတင်းစာသုံး၊လေး၊ ငါးစောင့့်  အဲဒီလိုယူလေ့ရှိတယ်။ အဲဒီအထဲမှာ အမြဲပဲ သတင်းစာတစ်ဝက်လောက်က အစိုးရကိုဆန့်ကျင်တဲ့သတင်းစာတွေဖြစ်တယ်။ လူကြီးတွေက သတင်းစာထဲဆောင်းပါးတွေကို တစ်ယောက်နဲ့တစ်ယောက်ဖတ်ပြကြတယ်။

တစ်ချိန်က အရှေ့တောင်အာရှမှာ အထွန်းတောက်ဆုံးနိုင်ငံ
ဒီဆောင်းပါးတွေဖတ်ပြကြတဲ့အထဲမှာဆိုရင် ၀န်ကြီးချုပ်ကို ဝေဖန်တာ၊ ၀န်ကြီးတွေကိုဝေဖန်တာ ဒါတွေက ကျမတို့အမြဲကြားနေရတယ်။ ကြားနေရတော့ ကျမတို့က ဒီလိုဝေဖန်တာဟာ ပြည်သူပြည်သားများရဲ့လုပ်ပိုင်ခွင့်လို့  ဒီလိုပဲ ကျမတို့နားလည်တယ်။ ဘယ်သူကမှ ဒီလိုလုပ်လို့၊ ဘယ်သူကမှလည်း မဖမ်းဘူး။ ဘယ်သူ့ကိုမှလည်း အရေးမယူဘူး။ ကလေးတွေက ငယ်ငယ်ကတည်းက နားရည်ဝနေတယ်။ အစိုးရဆိုတာ ဝေဖန်ရမယ်။ အစိုးရမှားလို့ရှိရင် အစိုးရလုပ်တာတွေကို မကျေနပ်လို့ရှိရင် ထောက်ပြပိုင်ခွင့်ရှိရမယ်ဆိုတာ ကျမတို့နားလည်နေတယ်။ နားလည်နေပြီးတော့ အဲဒီအချိန်တုန်းက နောက်တစ်ခုက ကျမတို့ပြည်သူတွေဟာ အစိုးရအပေါ်မှာ သြဇာလွှမ်းနိုင်တယ်ဆိုတဲ့အသိက၀င်လာတဲ့အပြင် တစ်ချိန်တည်းမှာ ကျမတို့ဘာအသိတစ်ခုရှိခဲ့သလဲဆိုတော့ ကျမတို့နိုင်ငံမှာ အဲဒီအချိန်တုန်းဆိုရင် အရှေ့တောင်အာရှမှာ အထွန်းတောက်ဆုံးနိုင်ငံပဲ။ အဲဒီအသိဟာ ကျမတို့ကိုအများကြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုပေးခဲ့တယ်။
မြန်မာနိုင်ငံကနေ အပြင်ကိုသွားပြီးတော့ အဲဒီတုန်းက ပညာသင်တဲ့ကျောင်းသူကျောင်းသားတွေ၊ ဒါမှမဟုတ် တခြားအကြောင်းကြောင်းကြောင့်မို့လို့ အလည်အပတ်သွားတဲ့ပုဂ္ဂိုလ်တွေဆိုရင် မြန်မာနိုင်ငံကလာတယ်ဆိုရင် အရမ်းမျက်နှာပွင့်တယ်။ အဲဒီတုန်းက မြန်မာနိုင်ငံဆိုရင် ဘယ်မှန်းမသိတဲ့သူတွေလည်း ရှိတာပေါ့နော်။ ကမ္ဘာကြီးက ဒီလောက်တောင်မှ မပွင့်လင်းသေးဘူးပေါ့။ သို့သော်ငြားလည်း မြန်မာနိုင်ငံဟာ ဘယ်မှာရှိသလဲဆိုတာ၊ မြန်မာနိုင်ငံဟာ ဘာလဲဆိုတာသိတဲ့နိုင်ငံခြားက ပုဂ္ဂိုလ်တွေဆိုရင် မြန်မာဆိုရင် တလေးတစားရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့နိုင်ငံဟာ အင်မတန်မှတိုးတက်တဲ့နိုင်ငံဖြစ်တယ်။ ကိုယ့်လွတ်လပ်ရေးကို ကိုယ်အရယူတယ်။ ယူပြီးတော့ ပြည်တွင်းစစ်တွေက လွတ်လပ်ရေးရပြီးတာနဲ့ စဖြစ်တာပဲ။ ဒီပြည်တွင်းစစ်ဖြစ်နေတဲ့ကြားထဲကကို ကျမတို့ပြည်သူတွေရဲ့တိုးတက်မှုကို စွမ်းဆောင်နိုင်တယ်ဆိုတဲ့အသိနဲ့ ကျမတို့ တော်တော်အလေးစားခံရတယ်။ အလေးစားခံရတော့ ကျမတို့ရဲ့ပြည်သူပြည်သားတွေက နိုင်ငံခြားရောက်သွားတဲ့အခါ တို့က ဗမာဆိုပြီးခေါင်းမော့ပြီးတော့ ယုံကြည်မှုအပြည့်အ၀နဲ့ နေနိုင်ကြတယ်။
အခုခေတ်မှာဆိုရင် ကျမ ဘယ်လိုတွေ့ရသလဲဆိုတော့ ကျမကို မကြာခဏပြောတယ်။ အထူးသဖြင့် တခြားအာဆီယံနိုင်ငံတွေမှာ သွားပြီးအလုပ်လုပ်နေတဲ့ ကျမတို့ပြည်သူပြည်သားတွေပြောတာ ၀မ်းနည်းစရာပဲ။ တချို့ကျတော့ ကိုယ့်ကိုယ်ကို ဗမာလို့တောင်မပြောချင်ဘူးတဲ့။ ဘာဖြစ်လို့လဲဆိုတော့ အနှိမ်ခံရလို့တဲ့။ အဲဒီတုန်းကအခြေအနေတွေနဲ့ ဘယ်လောက်ပြောင်းသွားသလဲ။ ဒါကြောင့်မို့လို့ အစိုးရစနစ်တစ်ခုဆိုတာဟာ အစိုးရတင်မကဘူ့း့  နိုင်ငံတစ်နိုင်ငံလုံးရဲ့အခြေအနေတစ်ရပ်လုံးပြောင်းလဲစေတယ်။ ကျမတို့ပြည်သူပြည်သားတွေ တစ်ယောက်ချင်းတစ်ယောက်ချင်းရဲ့စိတ်ဓာတ်အပေါ်မှာ လွှမ်းမိုးမှုရှိနေတယ်။ ဒါကြောင့်မို့လို့ ကျမတို့က နိုင်ငံရေးသိပ်ပြီးတော့ အလေးထားတာပါ။ အထူးသဖြင့် အခုခေတ်မှာဆိုရင် နိုင်ငံရေးကအရေးမကြီးဘူး၊ စီးပွားရေးတောင့်တင်းရင်ပြီးရော ဆိုပြီး ဒီလိုပြောကြတယ်။ အဲဒီလိုဆိုရင် ကျမတို့အမြဲပဲသတိပေးတယ်။ (၁၉၆၂) ခုနှစ်၊ စစ်အာဏာရှင်လက်အောက်ကို ရောက်သွားတဲ့အချိန်မှာ ကျမတို့နိုင်ငံဟာ စီးပွားရေးအရပြဿနာတွေရှိနေတဲ့နိုင်ငံမဟုတ်ဘူး။ ပြဿနာကတော့ အမြဲရှိတာပေါ့။ ကျမပြောချင်တာက အဲဒီတုန်းက ကျမတို့ဟာစီးပွားရေးအရ တိုးတက်နေတဲ့နိုင်ငံတစ်ခု အသတ်မှတ်ခံရတာ ကျမတို့ပြည်သူလူထုတွေရဲ့စီးပွားရေးအခြေအနေဆိုတာလည်း အဲဒီခေတ်အခါတုန်းဆိုရင် ကောင်းတယ်လို့ပြောရမယ်။
အဲဒီတုန်းက စစ်အာဏာရှင်အောက်ရောက်ခဲ့တာဟာ စီးပွားရေးအကြောင်းကြောင့် မဟုတ်ဘူး။

လူမှုရေးအကြောင်းကြောင့်မဟုတ်ဘူး။ နိုင်ငံရေးအကြောင်းကြောင့်။ ဒီစစ်တပ်က မကိုင်ထားလို့ရှိရင် ပြည်ထောင်စုကြီးက ပြိုကွဲသွားမယ်ဆိုတဲ့ဝါဒဖြန့်ချိရေးက အဲဒီတုန်းက စတာပဲ။ အဲဒီတုန်းကစပြီးတော့ အဲဒီတုန်းကနေ ကျမတို့ဟာ အာဏာရှင်အောက်ရောက်သွားတာပဲ။ ဒါကြောင့် ကျမတို့အားလုံးနားလည်ရမှာက ပြည်ထောင်စုကြီး ပြိုကွဲရေး၊ မပြိုကွဲရေးဆိုတာက အဖွဲ့အစည်းတစ်ခုတည်းနဲ့ မဆိုင်ဘူး။ စစ်တပ်နဲ့လည်း ဆိုင်တာမဟုတ်ဘူး။ ကျမတို့အားလုံးနဲ့ဆိုင်တယ်။ ဒါကြောင့် ကျမတို့ပြည်သူပြည်သားတွေ ညီညွတ်မယ်ဆိုရင် ပြည်သူပြည်သားတွေက တစ်စိတ်တည်းတစ်ဝမ်းတည်ဖြစ်မယ်ဆိုရင် ကျမတို့ပြိုကွဲစရာအကြောင်း ဘာမှမရှိဘူး။

နှစ်ပေါင်းများစွာ့  အထူးသဖြင့် တိုင်းရင်းသားတွေက နားလည်ပါလိမ့်မယ်။ ဖက်ဒရယ်ဆိုတဲ့စကားကို မြန်မာနိုင်ငံမှာ သုံးလို့ရှိရင် ရာဇ၀တ်မှုတစ်ခုလိုတောင် တချို့ကထင်ကြတယ်။ မသုံးရဲကြဘူး။ ဘာဖြစ်လို့လဲ။ ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေးဆိုပြီးတော့ အဲဒီလိုဝါဒဖြန့်ချိတယ်။ အဲဒီတော့ ကျမတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီဟာကို မားမားမတ်မတ်ဆန့်ကျင်ခဲ့တယ်။ ဖက်ဒရယ်ဆိုတာ နိုင်ငံရေးစနစ်တစ်ခုပဲဖြစ်တယ်။ ဒါဟာ ခွဲထွက်ရေးလည်းမဟုတ်ဘူး။ မခွဲထွက်ရေးလည်း မဟုတ်ဘူး။ ခွဲထွက်ရေး၊ မခွဲထွက်ရေးဆိုတာ ဒီဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ စည်းမျဉ်းစည်းကမ်းအပေါ်တည်တယ်။ ဒီဖက်ဒရယ်စနစ်ကိုထူထောင်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ စည်းမျဉ်းစည်းကမ်းချက်တွေအရ ဘယ်လို ဗဟိုအစိုးရနဲ့ပြည်နယ်အစိုးရကြားထဲမှာ အာဏာခွဲယူမလဲဆိုတာ သတ်မှတ်ထားတယ်။

အဲဒီတော့ ဖက်ဒရယ်ဆိုတာဟာ၊ ဖက်ဒရယ်ဆိုတဲ့စကားဆိုတာဟာ ခွဲထွက်ရေးလည်း မဟုတ်ဘူး။ ပြိုကွဲရေးလည်း မဟုတ်ဘူး။ နိုင်ငံရေးစနစ်တစ်ခုနဲ့ဆိုင်တာမို့လို့ နိုင်ငံရေးအရသုံးပိုင်ခွင့်ရှိတယ်။ ဆွေးနွေးပိုင်ခွင့်ရှိတယ်ဆိုပြီးတော့ ကျမတို့ရပ်တည်ခဲ့တယ်။ အဲဒီလိုရပ်တည်ခဲ့တဲ့တလျှောက်မှာ ခဏခဏလည်း အခြိမ်းခြောက်ခံရတာပေါ့နော်။ ဖက်ဒရယ်ဆိုတဲ့စကားကိုသုံးလို့ရှိရင် ဒါဟာ အရေးယူခံရမယ်ဆိုပြီးကြောက်နေတဲ့လူတွေတောင်မှရှိတယ်။ ကျမတို့ကတော့ အဲဒီတုန်းက ဖက်ဒရယ်ဆိုတဲ့စကားကို တွင်တွင်ကြီးသုံးခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးအရလည်း ဒါဟာပညာပေးတစ်ခုပဲလို့ ကျမတို့နားလည်ခဲ့တယ်။ ကျမတို့ပြည်သူပြည်သားအများ နားလည်အောင်လို့ ဖက်ဒရယ်ဆိုတာဘာလဲ။ ဖက်ဒရယ်ဆိုတာ ကျမတို့ရဲ့နိုင်ငံကို တကယ့်စစ်မှန်တဲ့၊ ညီညွတ်တဲ့ပြည်ထောင်စုကြီးတစ်ခုဖြစ်စေမယ့် စနစ်တစ်ခုဖြစ်တယ်လို့ ကျမတို့ယုံကြည်တဲ့အလျောက် ကျမတို့ဒီဟာကို နိုင်ငံရေးပညာပေးတစ်ခုအနေနဲ့ ဆောင်ရွက်ခဲ့တယ်။
အခု ကျမအလေးဂရုပြုနေတာကတော့ အရင်နှစ်ပေါ့နော့့်  (၂၀၁၂) ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်အရွေးခံပြီးတော့ နောက်ပိုင်းမှာ ဖက်ဒရယ်ဆိုတဲ့စကားကို ပိုပြီးတော့သုံးလာကြတယ်။ ဒီဟာကလည်း အစိုးရနဲ့တချို့လက်နက်ကိုင်တိုင်းရင်းသားတပ်ဖွဲ့တွေကြားမှာ အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးလုပ်တာမှာ ဒီစကားကိုသုံးလာကြတယ်။ တော်တော်များများက သုံးလာပြီ။ အခုဆိုရင် ကျယ်ကျယ်ပြန့်ပြန့် ဒီဟာကိုဆွေးနွေးနိုင်ပြီ။ ဖက်ဒရယ်ဆိုတာဟာ ခွဲထွက်ရေးမဟုတ်ဘူး။ ဖက်ဒရယ်ဆိုတာဟာ နိုင်ငံရေးစနစ်တစ်ခုပဲဖြစ်တယ်ဆိုပြီးတော့ လက်ခံလာကြတယ်။ အဲဒီမှာ ကျမက တမင်သက်သက် ထော်လော်ကန့်လန့်လုပ်ချင်တာတော့ မဟုတ်ပါဘူး။ အများစုက ဖက်ဒရယ်သုံးနေနိုင်တဲ့အချိန်ကတော့ ကျမက ပြည်ထောင်စုဆိုတဲ့စကားကို သုံးတယ်။ အဲဒါဘာဖြစ်လို့လဲဆိုတော့ ကျမဖက်ဒရယ်ကိုမသုံးရဲလို့မဟုတ်ဘူး။ မသုံးချင်လို့မဟုတ်ဘူး။ အားလုံးက သုံးနေတဲ့အချိန်မှာ ကျမရဲ့နှလုံးသားထဲမှာရှိတဲ့ ကျမရဲ့နိုင်ငံအတွက် မျှော်လင့်ချက်ကိုရောင်ပြန်ဟပ်တဲ့ ပြည်ထောင်စုဆိုတဲ့စကားလုံးကို ကျမသုံးတာပါ။ ပြည်ထောင်စုဆိုတာ ဖက်ဒရယ်ပြည်ထောင်စုဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဖက်ဒရယ်ထက် ပြည်ထောင်စုဆိုတဲ့စကားဟာ ကျမနားထဲမှာ အင်မတန်မှလှပါတယ်။ အားလုံးကနေစုပေါင်းပြီးတော့ ထူထောင်ထားတဲ့ ပြည်ထောင်စု။

ကျမတို့မြန်မာနိုင်ငံဟာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဆိုပြီးတော့ လွတ်လပ်ရေးကိုရခဲ့တာ။ အဲဒီတော့ စုပေါင်းပြီးတော့၊ ထူထောင်ပြီးတော့ လွတ်လပ်ခဲ့တဲ့နိုင်ငံဖြစ်တယ်။ ဒီဟာက ပင်လုံစာချုပ်ရဲ့အသီးအပွင့်တစ်ခုဖြစ်တယ်။ လွတ်လပ်ရေးဟာ ပင်လုံစာချုပ်ကနေပေါ်လာတဲ့အသီးအပွင့်တစ်ခုဖြစ်တယ်လို့ ကျမတို့ဒီလိုပဲယူဆပါတယ်။ အဲဒါကြောင့်မို့လို့ ပြည်ထောင်စုဆိုတဲ့စိတ်ဓာတ်၊ ပြည်ထောင်စုဆိုတဲ့သဘောတရားကို ကျမတို့ရဲ့ပြည်သူပြည်သားတွေ နားလည်ပြီးတော့ နှစ်သက်စေချင်တယ်။ အားလုံးစုပေါင်းပြီးတော့ ထူထောင်ထားတဲ့တိုင်းပြည်။ အားလုံးတန်းတူညီတူ ဒီတိုင်းပြည်ကိုပိုင်တယ်။ တန်းတူညီတူ ဒီတိုင်းပြည်ထဲမှာ အခွင့်အရေးတွေရသင့်တယ်။ ပိုင်ဆိုင်သူအားလုံးဟာ တန်းတူညီတူအခွင့်အရေးရသင့်တယ်ဆိုပြီးတော့ ကျမတို့ဒီလိုမြင်တယ်။ စဉ်းစားပါ ပြည်ထောင်စုဆိုတဲ့စကား။ ခက်တာကလေ ပြည်ထောင်စုဆိုတဲ့စကားက တိုင်းရင်းသားစကားတွေမှာ ဘယ်လိုရှိသလဲတော့ မသိဘူး။ ကျမက တခြားတိုင်းရင်းသားစကားတွေ မတတ်တဲ့အခါကျတော့ အဲဒါကိုတောင်းပန်ပါတယ်။ ဗမာစကားမှာတော့ ပြည်ထောင်စုဆိုတဲ့စကားက အင်မတန်လှပါတယ်။ ပြည်ထောင်စုဆိုတာ စုစည်းရေးကိုဦးတည်တယ်။ ညီညွတ်ရေးကို ဦးတည်တယ်။ ချစ်ခင်ရေးကို ဦးတည်တယ်။ နွေးထွေးရေးကို ဦးတည်တယ်လို့ ကျမဒီလိုပဲမြင်ပါတယ်။
အဲဒါကြောင့်မို့လို့ ကျမတို့ရဲ့တိုင်းရင်းသားများဟာ ဗမာတွေပါထည့်ပြောတာပါ။ ဗမာတွေက ဒီတိုင်းရင်းသားထဲမှာ အများဆုံးပေါ့နော်။ လူများစု တိုင်းရင်းသားဖြစ်တယ်။ တချို့တွေက တိုင်းရင်းသားဆိုရင် ဗမာမပါဘူးဆိုတဲ့ပုံစံဖြစ်နေတယ်။ အဲဒီတော့ ဗမာတွေကဘာလဲလို့ ကျမမေးရမလိုဖြစ်နေတယ်။ ကျမတို့လည်း တိုင်းရင်းသားပါပဲ။ ဒါပေမယ့် ကျမတို့က လူများစုကြီးဖြစ်နေတဲ့အခါကျတော့ ပိုပြီးတော့လည်း တာဝန်ယူရမယ့်အနေအထားမှာရှိတယ်လို့ ကျမပြောချင်ပါတယ်။ အဲဒီဟာက ကျမတို့က ပိုတော်လို့မဟုတ်ဘူး။ ပိုပြီးတော့ အရှေ့ရောက်နေလို့မဟုတ်ဘူး။ ကျမတို့က ပိုများလို့။ ဒါပါပဲ။ ကျမတို့က လူဦးရေအားဖြင့် အင်မတန်မှများတော့ ကျမတို့ဟာ နိုင်ငံရဲ့နိုင်ငံရေးအခင်းအကျင်းကို လွှမ်းမိုးနိုင်ခဲ့တယ်။ လွှမ်းမိုးလည်း လွှမ်းမိုးနေဆဲပဲ။ အားလုံးလည်း သိတဲ့အတိုင်းပဲ အခုမြန်မာနိုင်ငံမှာ အစိုးရဆိုတဲ့အဖွဲ့အစည်းဟာ အများစုက ဗမာတွေဖြစ်ပါတယ်။ ဗမာတိုင်းရင်းသားတွေဖြစ်ပါတယ်။ နောက်ပြီးတော့ အစိုးရတည်ရာနေရာတွေကလည်း ဗမာများနေတဲ့နေရာတွေဖြစ်ပါတယ်။
အဲဒါကြောင့်မို့လို့ ဗမာတွေရဲ့အနေအထားဟာ ပိုပြီးတောင့်တင်းခိုင်မာတဲ့အနေအထားလိုဖြစ်နေလို့ ပိုပြီးတော့တာဝန်ယူရမယ်လို့ ကျမက ဒီလိုပဲမြင်တယ်။ အာဏာနဲ့တာဝန်၊ အခွင့်အရေးနဲ့တာဝန်ဆိုတာ ချိန်ခွင်လျှာညီမျှရမယ်။ ပိုပြီးတော့အခွင့်အရေးယူချင်လို့ရှိရင် ပိုပြီးတော့တာဝန်လည်းလက်ခံရမယ်။ အာဏာကို ပိုပြီးတော့ရထားလို့ရှိရင် တာဝန်သိစိတ် ပိုပြီးတော့ရှိရမယ်။ အဲဒီလိုမရှိနိုင်ဘူးဆိုရင်တော့ ကိုယ်ရထားတဲ့အာဏာ၊ ကိုယ်ရထားတဲ့အခွင့်အရေးတွေကို အလွဲသုံးစားလုပ်ရာရောက်ပါလိမ့်မယ်။ ပြည်သူပြည်သားများကလည်း အစိုးရကိုထိန်းထားရမယ်။ ဒီမိုကရေစီရဲ့အဓိကအင်အားက ဒါပဲ။ တိုင်းသူပြည်သားတွေဟာ အစိုးရကိုထိန်းထားနိုင်တဲ့အနေအထားမှာရှိတယ်။

ဘယ်လိုပုံစံနဲ့ထိန်းထားသလဲဆိုတော့ နံပါတ်တစ်ကတော့ ပြည်သူပြည်သားတွေ လွတ်လပ်စွာပြောဆိုဆွေးနွေးပိုင်ခွင့်နဲ့ ထိန်းထားတာပဲ။ အစိုးရလုပ်တာ မကြိုက်ဘူးဆိုရင် ပြည်သူပြည်သားတွေက ပွင့်ပွင့်လင်းလင်းပြောပိုင်ခွင့်ရှိရမယ်။ ဥပဒေဘောင်အတွင်းကပေါ့နော်။ ဒါ အသရေဖျက်မှုတို့ဘာတို့ ပြောတာမဟုတ်ပါဘူး။

ကျမအမြဲပဲပြောပါတယ်။ တချို့တွေက အခွင့်အရေး၊ အခွင့်အရေးကို သိပ်ပြီးတော့ စဉ်းစားပြီးတော့ တာဝန်ကိုမစဉ်းစားဘူး။ ဒီတော့ ကိုယ့်မှာလွတ်လွတ်လပ်လပ်ပြောပိုင်ခွင့် အခွင့်အရေးရှိတယ်ဆိုရင် ဒီအခွင့်အရေးကို မှန်မှန်ကန်ကန်သုံးဖို့တာဝန်ရှိပါတယ်။ လွတ်လွတ်လပ်လပ်ပြောပိုင်ခွင့်ဆိုတာ လွတ်လွတ်လပ်လပ် မုသားပြောပိုင်ခွင့်ကိုပြောတာမဟုတ်ပါဘူး။

လွတ်လွတ်လပ်လပ်ဆဲပိုင်ခွင့်ကိုပြောတာမဟုတ်ပါဘူး။ လွတ်လွတ်လပ်လပ် ပြောသင့်ပြောထိုက်တဲ့စကားကို ပြောပိုင်ခွင့်ဖြစ်ပါတယ်။
ကျမတို့ ဗုဒ္ဓဘာသာအနေနဲ့စကားအရဆိုရင် ကျိုးရှိ၊ မှန်ကန်၊ သူခံသာတဲ့စကား၊ မခံသာတဲ့စကားပေါ့နော်။

ကိုယ်ပြောတဲ့စကားတစ်ခုဆိုတာဟာ မှန်ကန်ရမယ်။ ဒါပေမယ့် မှန်ကန်ရုံတင်မက အကျိုးလည်းရှိရမယ်။ မှန်ကန်ပြီးအကျိုးမရှိရင် ဒါ မပြောသင့်တဲ့စကား။ ဥပမာဆိုရင် လူတစ်ယောက်က အင်မတန်မှအရုပ်ဆိုးတယ်ဆိုရင် ခင်ဗျားဟာ အရုပ်ဆိုးတယ်လို့သွားပြောရင် မှန်ရင်တော့မှန်မှာပေါ့။ ဘာအကျိုးရှိလို့လဲ။ ဒါဟာ အဓိပ္ပာယ်မရှိတဲ့စကားတွေ မပြောသင့်ဘူး။ အဲဒီတော့ မှန်ကန်ရမယ်။ အကျိုးရှိရမယ်။ ဒါပေမယ့် မှန်ကန်တိုင်း၊ အကျိုးရှိတိုင်းလည်း လူတွေက မခံချင်ကြဘူး။ တစ်ခါတလေ မှန်လွန်းလို့ကို မခံချင်ကြဘူး။ အဲဒီဟာတွေကျတော့ ချင့်ချိန်ရမှာပေါ့။ မှန်လွန်းလို့ မခံချင်ပေမယ့်လည်း ပြောသင့်ရင်လည်းပြောရမှာပဲ။

အကောင်းဆုံးကတော့ ခံနိုင်အောင်ပြောနိုင်ရင်တော့ ကောင်းတာပေါ့။ ဒါပေမယ့် တစ်ခါတလေ မခံနိုင်အောင်ပြောမှ အရာရောက်တယ်။

(သြဘာသံများ)

ဒါကတော့ ကျမတို့လူ့သဘာဝအရပေါ့နော်။ လူဆိုတာကတော့ ပြီးပြည့်စုံတာမှမဟုတ်ဘဲ။ ကျမတို့လည်း အပြီးပြည့်စုံဘူး။ ကျမတို့နဲ့ဆက်ဆံနေရတဲ့သူတွေလည်း မပြီးပြည့်စုံတော့ ဒါကတော့ ကိုယ့်ဖာသာကိုယ်ချင့်ချိန်ပြီးတော့ လုပ်ရမှာပေါ့။ ဒါပေမယ့် ပြည်သူပြည်သားတွေမှာ ပထမအခွင့်အရေးတစ်ခုက လွတ်လွတ်လပ်လပ်ပြောဆိုပိုင်ခွင့်၊ အစိုးရဝေဖန်ပိုင်ခွင့့်  အဲဒီနည်းနဲ့ထိန်းထားနိုင်တယ်။ ဒီကိစ္စဟာ အာဏာရှင်အစိုးရအောက်မှာ အကြာကြီးနေခဲ့တော့ ပြည်သူပြည်သားတွေကလည်း ဒီအခွင့်အရေးကို ထိထိရောက်ရောက်မှန်မှန်ကန်ကန် မသုံးတတ်သေးဘူး။ အစိုးရကလည်း ဒီအခွင့်အရေးသုံးတာကို မခံနိုင်သေးဘူး။

အစိုးရလုပ်တယ်ဆိုတာဟာ တစ်ချိန်လုံး အချီးမွမ်းခံချင်နေလို့မရဘူး။ အမုန်းခံရဲရမယ်။ အမုန်းခံသင့်လို့ရှိရင့့်  ။ နိုင်ငံ့အကျိုးအတွက် လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စဆိုရင် တစ်ခါတလေ အများပြည်သူကနေပြီးတော့ ရေတိုအတွင်းမှာလိုလားတဲ့ကိစ္စမျိုး၊ လုပ်စေချင်တဲ့ကိစ္စမျိုး။ နောက်ပြီးတော့ မလုပ်စေချင်တဲ့ကိစ္စတွေ့  အများပြည်သူအတွက် ရေရှည်အကျိုးရှိမယ်လို့ တကယ်ယုံကြည်ပြီးတော့ ယုံကြည်နိုင်လောက်အောင် အထောက်အထားရှိတယ်ဆိုရင်လည်း လုပ်ရဲရမယ်။ အစိုးရလုပ်တဲ့လူက အမြဲအချစ်ခံချင်နေလို့ရှိရင် အစိုးရမလုပ်နဲ့။ ဘယ်အစိုးရမှ အမြဲအချစ်ခံနေရတာ မဟုတ်ဘူး။ နိုင်ငံရေးလုပ်တယ်ဆိုတာ အချစ်ခံချင်လို့လုပ်ရတဲ့ကိစ္စမဟုတ်ဘူး။ ကိုယ့်တာဝန်အရ၊ ကိုယ့်ယုံကြည်ချက်အရ၊ ကိုယ့်တိုင်းပြည်ကို အကျိုးပြုနိုင်မယ်လို့ထင်မှ လုပ်ရမယ့်ကိစ္စဖြစ်တယ်။ ငါ့ကိုတော့ မုန်းတော့မှာပဲဆိုပြီး အဲဒီစိတ်ဝင်ပြီးဆိုကတည်းက နိုင်ငံရေးကထွက်လိုက်ပေတော့။ ဘာဖြစ်လို့လဲဆိုတော့ နောင်ဆိုလို့ရှိရင် ဒီစိတ်နဲ့ပဲလမ်းမှားကို ရောက်သွားလိမ့်မယ်။ လူများကြိုက်အောင်လို့ပေါ့နော်။

လူများအကြိုက်လိုက်လုပ်ရင့်း့  လိုက်လုပ်ရင်းနဲ့ အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်တယ်ဆိုသလို နောက်ကျတော့ လုံးဝမှားတဲ့နေရာကိုရောက်သွားပြီ။


(ဒုတိယပိုင်း လာမည်)

No comments:

Post a Comment