Friday, 28 February 2014

ဝဋ်လည်မည် သတိထား

ဝဋ်လည်မည် သတိထား

ဘွားဘွားကို အဖေဒီလို ရိပ်သာပို့ပစ်မည်ဟု ကျွန်တော်လုံးဝမထင်ခဲ့။ သည်လိုအလုပ်မျိုး လုပ်ရက်မည်ဟု ဘယ်တုန်းကမှလဲ မတွေးရဲခဲ့ပေ။ သို့သော်ယခု အဖေလုပ်ရပ်ပြီ။

ယနေ့ညဟာ မိသားစုစားပွဲအတွက် နောက်ဆုံးညပေ။ ဘွားဘွားရယ်၊ အဖေရယ်၊ အဖေနောက်ယူမည့် ကျွန်တော့် မိထွေးလောင်းနှင့် ကျွန်တော်တို့ရဲ့ အဓိပ္ပါယ်မဲ့ ညစာစားပွဲဖြစ်သည်။ အိမ်တွင် ဟိုတယ်မှ မှာထားသည့် စားဖွယ်အစုံလင်နှင့် ဖြစ်သည်။ အဖေက သူ့ဇနီးလောင်းကို သွားခေါ်နေသည်။ အိမ်တွင် ကျွန်တော်နှင့် ကျွန်တော့်ဘွားဘွားနှစ်ယောက်တည်း။ ယခင်က အလွန်သာယာစိုပြေသည့် ဂေဟာကြီးက ယခုအလွန်ခြောက်သွေ့ကာ တိတ်ဆိတ်နေသည်။

ဘွားဘွားထံမှ အသံစကြားလာရသည်။ “မြေးလေးရယ်-- ဝမ်းမနည်းပါနှင့်ဟု။ ဘွားဘွားနှင့် ရိပ်သာက သင့်တော်ပါတယ်။ ဟိုမှာ တရားအေးဆေး အားထုတ်လို့ ရပါသည်ဟု”။ ကျွန်တော့်ထံမှ ဘာသံမှ ပြန်၍မထွက်ပေ။ ငိုချင်လို့တော့မဟုတ်။ ကျွန်တော်စိတ်မှာ အလိုလို နားလည်နေသည်။ ကျွန်တော့်အား ကျွန်တော့်ဘွားဘွား ဖြေသိမ့်ပေးနေသည်။ ကျွန်တော် အေးဆေး မီးဖိုချောင်သို့ ထွက်ခဲ့သည်။ ပြင်ဆင်စရာရှိသည်ကို ကြိုတင် ပြင်ဆင်ပေးထားလိုက်သည်။

၈နာရီခွဲ ဝန်းကျင်တွင် အဖေနှင့် သူ၏ဇနီးလောင်းရောက်လာသည်။ တစ်ယောက်လက် တစ်ယောက်ချိတ်လို့။ အဖေ့ထံမှ စကားတစ်ခွန်းထွက်လာသည်။ “အမေနှင့် သားတို့ရေ--- ညစာအတူတူစားရအောင်” ဟူ၍။ ကျွန်တော် အဘွားလက်ကိုတွဲကာ ထမင်းစားခန်းသို့ ထွက်ခဲ့သည်။ အဘွားကို ထမင်းထည့်ပေးကာ ကျွန်တော်လည်း ထမင်းစားဖို့ စတင်ပြင်ဆင်လိုက်သည်။ ထိုအချိန်တွင် အဖေက အဖွားလက်ထဲသို့ ပိုက်ဆံ ၁၀သိန်း ထည့်ပေးနေသည်။ ပါးစပ်ကလဲပြောသည်။ “အမေ လှူစရာရှိတာ လှူရအောင်” ဟူ၍။

ထိုအရာကို မြင်သည့် အဖေ့ဇနီးလောင်းက “ ရိပ်သာမှာ ဘာလှူစရာရှိလို့လဲ။ ၁၀သိန်းတောင် မလိုပါဘူး”ဟူသည့် စကားပြန်ထွက်လာသည်။ အဖေ့မျက်နှာ နီရဲတက်သွားသည်။ ကျွန်တော်နားလည်လိုက်သည်။ အဖေဒေါသထွက်နေပြီ။

အဖေ့ဇနီးလောင်းက ပြန်ပြောသည်။ “ဒါလေးပြောတာကို ဖြစ်နေလိုက်တာ”ဟုဆိုကာ ထမင်းစားဝိုင်းမှ ထထွက်သွားသည်။ အဖေဘာလုပ်ရမလဲ မသိသည့်အချိန်တွင် ဘွားဘွားက “ ဟုတ်လဲ ဟုတ်တာပဲသားရယ်။ အမေ့အတွက် ၁၀သိန်းလောက် မလိုပါဘူး” ဟုဆိုကာ ငွေကို ပြန်ပေးနေသည်။

ကျွန်တော်လည်း ငွေကို ဝင်ယူလိုက်ကာ ဘွားဘွားလက်ထဲ ငွေ၅သိန်းထည့်ပေးလိုက်ကာ အဖေ့ကို ငွေ ငါးသိန်းပြန်ပေးလိုက်သည်။ အဖေက နားမလည်ဟန်နှင့် ကြည့်နေသည့်အခါ ကျွန်တော်လည်း “အဖေဒီငွေ ၅သိန်းကို သိမ်းထားလိုက်ပါ။ အဖေ ဘွားဘွားလို အသက်ရွယ်ရောက်တဲ့အခါ ဒီလိုမကြုံဘူးဟု မပြောနိုင်ပါဘူး။ ကြုံလာသည့်အခါ သုံးလို့ရအောင် သိမ်းထားလိုက်ပါ”ဟု ပြောကာ ငွေကိုထည့်ပေးလိုက်သည်။ အဖေ့မျက်ဝန်းထဲ မျက်ရည်ဝဲလာသည်။ တစ်စုံတစ်ခုကို နားလည်ဟန်တူသွားသည်။ သို့သော် ဘာစကားမျှမထွက်လာ။ ဖွားဖွားက အားလုံးကို နားလည်သည့်သဘောနှင့် “သားရယ်--- အမေနားလည်ပါတယ်။ သားကိုအပြစ်မယူပါဘူး”ဟူသည့် စကားက တိတ်ဆိတ်နေသည့် ဂေဟာလေးကို လွှမ်းခြုံသွားသည်။

လွမ်းတေး

Aye Chan Mon# Credit To :ဘဝစာမျက်နှာ> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Thursday, 27 February 2014

လောကမှာငွေရှိရင် ဘာမဆိုဖြစ်တယ်လို့ ထင်နေကြသူတွေအတွက်

လောကမှာငွေရှိရင် ဘာမဆိုဖြစ်တယ်လို့ ထင်နေကြသူတွေအတွက်…
အောက်ကအချက်(၂၀)ကို ဖတ်ကြည့်ပေးပါ…………။
.........................................................................................

1. ပိုက်ဆံပေးပြီး အစားအသောက်တွေ (Food) ကို မင်းဝယ်လို့ရလိမ့်မယ်၊
စားချင်စိတ် (Appetite) ကို ဝယ်လို့မရဘူး။

2. ပိုက်ဆံပေးပြီး ဟာသတွေ (Fun) ကို မင်း ဝယ်လို့ရလိမ့်မယ်၊
ပျော်ရွှင်ခြင်း (Joy) ကို ဝယ်လို့မရဘူး။

3. ပိုက်ဆံပေးပြီး အပေါစားမိန်းမတွေ အများကြီး ကို မင်း ဝယ်နိုင်လိမ့်မယ်၊
မေတ္တာတရား (Love) ကို ဝယ်လို့မရဘူး။

4. ပိုက်ဆံပေးပြီး ဆေးဝါးပစ္စည်းတွေ (Medicine) ကို မင်းဝယ်လို့ရလိမ့်မယ်၊
ကျန်းမာခြင်း (Health) ကို ဝယ်လို့မရဘူး။

5. ပိုက်ဆံပေးပြီး စာအုပ်တွေ အများကြီး (Books) ကို
မင်းဝယ်လို့ရလိမ့်မယ်၊ အသိပညာ (Knowledge) ကို ဝယ်လို့မရဘူး။

6. ပိုက်ဆံပေးပြီး အိမ် ဆိုတဲ့ အဆောက်အဦး (House) ကို မင်းဝယ်လို့ရလိမ့်မယ်၊
ကိုယ့်မြေ ကိုယ့်ရေနဲ့ ရှင်သန်ရာ ဘဝ အိမ် (Home) ကို ဝယ်လို့မရဘူး။

7. ပိုက်ဆံပေးပြီး အိပ်ယာ အကောင်းစားတွေ (Bed) ကို မင်းဝယ်နိုင်လိမ့်မယ်၊
ချိုမြိန်စွာ အိပ်စက်ခြင်း (Sleep) ကို ဝယ်လို့မရဘူး။

8. ပိုက်ဆံပေးပြီး အရေးပါတဲ့ နေရာတစ်နေရာ (Position) ကို မင်းဝယ်လို့ရလိမ့်မယ်၊
လေးစားမှု (Respect) ကို ဝယ်လို့မရဘူး။

9. ပိုက်ဆံပေးပြီး ဖိတ်ဖိတ်တောက်နေတဲ့ အဖိုးတန် ပစ္စည်းတွေ (Glitter)ကို
မင်းဝယ်လို့ရလိမ့်မယ်၊
လှပ တင့်တယ်မှု (Beauty) ကို ဝယ်လို့မရဘူး။

10. ပိုက်ဆံပေးပြီး နာရီ (Clock) ကို မင်း ဝယ်လို့ရလိမ့်မယ်၊
အချိန် (Time) ကို ဝယ်လို့မရဘူး။

11. ပိုက်ဆံပေးပြီး ဂြိုဟ်တုတစ်လုံး (Satellite) ကို မင်း ဝယ်လို့ရလိမ့်မယ်၊
နည်းပညာ (Technique) ကို ဝယ်လို့မရဘူး။

12. ငွေကြောင့် အသိအကျွမ်းတွေ အများကြီး (Acquaintances) မင်း
ဖန်တီးနိုင်လိမ့်မယ်၊
မိတ်ဆွေစစ်တွေ (Friends) ကို ဝယ်လို့မရဘူး။

13. ငွေကြောင့် အချွေအရံတွေ အများကြီး (Servant) မင်း ထားနိုင်လိမ့်မယ်။
သစ္စာရှိမှု (Faithfulness) ကို ဝယ်လို့မရဘူး။

14. အနားယူချိန်တွေ၊ အားလပ်ချိန်တွေ (Leisure) ကို မင်း ဝယ်လို့ရချင် ရလိမ့်မယ်။
ငြိမ်းချမ်းခြင်း (Peace) ကို ဝယ်လို့မရဘူး။

15. အဖြစ်ပျက် ဟောင်းတွေကိုသတိမရအောင် ခေတ်သစ် တစ်ခု (New Age) ကို မင်း
ဝယ်နိုင်လိမ့်မယ်၊
လုံးဝ မေ့ပျောက်ခြင်း (forgets) ကို ဝယ်လို့မရဘူး။

16. ငွေပုံပေးပြီး လူသတ်ခိုင်းလို့ရတယ်၊
အသက်တစ်ချောင်းကို ငွေပုံပေးပြီး ပြန်ရှင်အောင်လုပ်လို့မရဘူး။

17. ငွေပုံပေးပြီး အရှက်ကွဲအောင် လုပ်လို့ရတယ်၊
အရှက်တကွဲ အကျိုးနည်း ဖြစ်သွားပြီးရင်တော့ ငွေပုံပေးပြီး သိက္ခာဆည်လို့မရဘူး။

18. ငွေပုံပေးပြီး မလုပ်ဖြစ်အောင် မင်း တားနိုင်လိမ့်မယ်၊
လုပ်ပြီးသွားရင်တော့ ပကတိအတိုင်းဖြစ်အောင် ပြန်ကာလို့မရဘူး။

19. ငွေပုံပေးပြီး အကောင်းပြောခိုင်းလို့ ရလိမ့်မယ်၊
အကောင်းမြင်ခိုင်းလို့မရဘူး။

20. လောကတွင် ငွေရလျှင် ဘာမဆိုလုပ်မည်၊ အရာအားလုံး ရင်းနိုင်သည်ဟူသောသူ
နှစ်မျိုးသာရှိတယ်။
(1) တစ်မျိုးမှာ မွေးကတည်းက သူများသုံးသလို မသုံးရပဲ သူများသုံးသလို
သုံးချင်သူ။
(2) အသိပညာ နှင့် အတတ်ပညာ နည်းပါးပြီး ပေါ့ပေါ့နေ ပေါ့ပေါ့စားချင်သူ.

မခင်ဦး ပြောချင်တာတွေ ......

ပြောပြချင်တဲ့ စကားတွေ။
မခင်ဦး။
( ၂၂၈)

ကျွန်မတို့နိုင်ငံမှာ မျိုးစောင့်ဥပဒေဆိုတာကြီးပြဌာန်းဘို့ တောင်ပြောမြောက်ပြော အရူးတယောက်လို ပြောစရာလိုသလား မလိုသလားဆိုတာ စဉ်းစားစရာပါ။

လူမျိုးအနေနဲ့စောင့်ရမှာလား။ ဗုဒ္ဒဘာသာအနေနဲ့ စောင့်ရမှာလာ။ ဘာကို ဘာအတွက် ဥပဒေထုတ်ပြီး စောင့်ရမှာလဲတော့ မသိပါဘူး။

ကျွန်မတို့ရဲ့ သမိုင်းမှာခေတ်အဆက်ဆက် ဖြတ်သန်းခဲ့ပါပြီ။
အင်္ဂလိပ်လူမျိုးခြားလက်မှာလဲ နှစ်ပေါင်းတရာကျော် နေခဲ့ပြီးပြီ။

ဆရာတော်သမားတော်ကြီးတွေ ခေတ်အဆက်ဆက် ဘုရားအဆုံအမနဲ့အညီ နှစ်ပေါင်း များစွာကြိုးပမ်းလာကြတဲ့တရားဓမ္မတွေကြောင့် အမျိုးပျက်သွားတယ်လို့လဲသတိမထားမိသလို ဘာသာပျက်သွားတယ်လို့လဲ မကြားမိခဲ့ပါဘူး။

အင်္ဂလိပ်လက်ထက်မှာ လယ်တီဆရာတော်ဘုရားက အင်္ဂလိပ်ထုတ်ပြန်တဲ့ နွားသတ်လိုင်စင်ကိုဆန့်ကျင်ပြီး နွားသား( အမဲသားမစားရေးသပိတ်လုပ်ခဲ့ဘူးတာတော့ရှိပါတယ်။

ဒါပေမဲ့ လယ်တီဆရာတော်တို့ ကြီးကြီး ကျယ်ကျယ် မျိုးစောင့်ဥပဒေ ထုတ်ပြန်မယ်တော့ လုပ်ခဲ့ကြပါဘူး။

ကျွန်မတို့ မိသားစုအနေနဲ့ မိဘကငယ်စဉ်မှာ အမဲသားကိုအားရှိအောင်ဆိုပြီး ကျွေးလို့စားပါတယ်။ ကြီးလာတော့ နွားများကို ကြင်နာသနားတဲ့ အနေနဲ့ မစားဖြစ်တော့ပါဘူး။

အစဉ်အလာအားဖြင့်တော့ ဗုဒ္ဓဘာသာထိန်းသိမ်းစောင့်ရှောက်ဘို့ ဆရာတော်ကြီးတွေ ကြိုးပမ်းခဲ့ကြတာက တော့ နည်းလမ်းအတော်ကျပါတယ်။

လယ်တီဆရာတ်ေဘုရားဆိုရင် ပါဠိဘာသာနဲ့သာရှိတဲ့ ဗုဒ္ဓကျမ်းစာတွေကို မြန်မာလိုရှင်းလင်းစွာ ရေးသားခဲ့ တယ်။ မိုးကုပ်ဆရာတ်ေဘုရားဆိုရင် ပဋိစ္စသမုပ္ပတ်တရာေးတ်ာတွေကို စက်ဝိုင်းတည်ထွင်ပြီး သံသရာလည်ပုံ ကို သာမာန်လူတွေနားလည်အောင်မနေမနားကြီးစားပြီးတရားဓမ္မတွ ဟောကြားခဲ့တယ်။

တရားဓမ္မကိုသွန်သင်ဆုံးမတာကို ငယ်စဉ်ကပင်ကျွမ်းဝင်စေခြင်းကသာ တကယ့်မျိုးစောင့်တရားပါ။

မျိုးစောင့် ဥပဒထုတ်တာဟာ မျိုးစောင့်တရားလို့ မထင်မိပါဘူး။

ကျွန်မတို့ မြန်မာလူမျိုးတွေ မျိုးစာင့်တရားမှာ အရင်ကလဲမညံ့သလို အခုလဲမညံ့ပါဘူး။ ချွင်းချက်ဆိုတာကတော့ ဘယ်အရာမဆို ရှိတတ်ပါတယ်။

အခုအချိန်မှာလဲ မြို့ပြကျေးလက် နေရာဒေသအနှံအပျားမှာ တရားပွဲတွေ လမ်းတိုင်းလမ်းတိုင်း လုပ်နေကြတာ မျိုး ၊ တရာ့းပွဲချင်း ဆက်နေတာပါဘဲ။ ဆရာတော်ကြီးတွေ ဖွင့်လှစ်သင်ကြားနေတဲ့ ယဉ်ကျေးလိမ်မာသင်တန်း တွေကလဲ နွေရာသီဆိုရင် ချိမ့်ချိမ့်သဲပါဘဲ။

ဆရာတော်ဦးဥာနိသရရဲ. တက္ကသိုလ်ကျောင်းတော်ကြီးမှာဆိုရင် နိုင်ငံခြားသားတွေတောင် ဗုဒ္ဒဘာသာကို ရာနဲ့ချီတဲ့ ကျောင်းသားတွေ လာသင်နေကြတာပါ။ သာသနာပြုရာမှာ ဓမ္မနဲ့ညီတယ်ပြောရမယ်။ တကယ်ကို အားကျေနပ်စရာပါ။

ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီးရဲ.ဇီနတ္တပကာသနီကျမ်းအစမှာ ဆရာတော်အမှာရေးတဲ့ထဲမှာ ဆင်းရဲမွဲတေခြင်းက အရာရာကိုဆိတ်သုဉ်းစေတယ်တဲ့။

တကယ်တာ့ တိုင်းပြည်ဆင်းရဲမွဲတေနေရင် မျိုးစောင့်ဥပဒေဘယ်လောက်ထုတ်ထုတ် မျိုးမစောင့်နိုင်ဘူး ထင်ပါတယ်။ အခုတောင် မြန်မာမိန်းကေလးတွေ တရုတ်ပြည်ကိုသွားပြီး တရုတ်လယ်သမားရဲ. ကလေး မွေးပေးနေရတဲ့ အနေအထားဖြစ်နေတယ်။

တရုတ်ဘက်က ဈေးကောင်းရလို့။ တရုတ်မဟုတ်လဲ ဘင်္ဂလားဒက်ရှ်က ငွေပိုပေးရင် သွားကြမယ်ထင်မိပါတယ်။

အခု ထိုင်းဘက်မှာ မြန်မာပြည့်တန်စာမိန်းကလေးတွေ ဘယ်လောက်ရှိနေသလဲ။

အရည်အတွက်တောင် မသိဘူးထင်ပါတယ်။ အဲဒါ ဆင်းရဲမွဲတေမှု၊ အလုပ်အကိုင်ရှားပါးမှုကြောင့် မျိုးမစောင့်နိုင်တာပါဘဲ။

မျိုးစောင့်နိုင်ဘို့ ချမ်းသာကြွယ်ဝတာမဟုတ်ရင်သော်မှ ဆင်းရဲမွဲတေနေလို့ မဖြစ်နိုင်ပါဘူး။ ဆင်းရဲမွဲတေခြင်းကသာ အရာရာကိုဆိတ်သုဉ်းစေမှာပါ။

အခုအချိန်ဟာ နိုင်ငံအပြောင်းအလဲ ဖြစ်တည်ဘို့ တာစူနေချိန်မှာ ဆင်းရဲတွင်းက လွတ်မြောက်ရေးကိုသာ ပထမ ဦးစားပေးဦးတည်သင့်တယ်။

အခုပြည်တွင်းမှာ ထကြွသောင့်ကျမ်းနေတဲ့ နောက်ပြန်ဆွဲအတွေးအခေါ်တွေဟာ နိုင်ငံတကာဆက်ဆံရေး အတွက် အတော်လေးကို စိတ်ကသိကအောင့်ဖြစ်စရာပါ။

ကျွန်မမှတ်မိနေသေးတယ်။

ကျွန်မတို့ငယ်ငယ်က ကျွန်မတို့ ညီအမတွေ တက္ကသိုလ်တွေတက်ကြ။ သင်တန်းတွေတက်ကြချိန် ဘောင်းဘီရှည်ဝတ်တယ်ကြားလို့ ခေတ်မမီတဲ့ ဘကြီးဘုန်းကြီးတပါးက ကျွန်မတို့ ညီအမတွေကို ( ကွန်မြူနစ်မ တွေ ငါ့ကျောင်းထဲ မ၀င်နဲ့။) ပြောခံရတာ သတိရမိတယ်။

အခုလဲ အဲဒီလို အချိုးဖြစ်နေတယ်။

အလုပ်အကိုင်တွေပေါများပြီး ၀င်ငွေထွက်ငွေတွေ၊ ဘ၀လုံခြုံမှုတွေရှိလာပြီး မိမိနိုင်ငံကသူများထက်သာလာရင် အမျိုးကိုစောင့်ပြီးသားအလိုလို ဖြစ်လာပါလိမ့်မယ်။

ဆင်းရဲမွဲတေနေရင်တော့ ဥပဒေမကလို့ စစ်တပ်နဲ့စောင့်၊ ဒုတ်-ဓားထမ်းစောင့်လဲ မရနိုင်ပါဘူး။

မျိုးစောင့်ဥပဒေလုပ်ချင်တယ်ဆိုတာကတော့ ရူးသွပ်မှုတခုဘဲလို့သာပြောပါရစေ။

( ၁၆-၆-၁၃

သြကာသ ရှင်းတမ်း

သြကာသ ရှင်းတမ်း

သြကာသ ဘုရားရှိခိုး
သြကာသ… သြကာသ…. သြကာသ ကာယကံ၊ ၀စီကံ ၊ မနောကံ၊ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ၊ ပထမ ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊ နှစ်ကြိမ် ၊ သုံးကြိမ် မြောက်အောင်၊ ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ ရတနာ မြတ်သုံးပါးတို့ကို၊ အရို အသေ အလေး အမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ ရှင်ဘုရား။
ဆုတောင်း ခြင်း
ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး ၊ ကပ်သုံးပါး၊ ရပ်ပြစ် ရှစ်ပါး၊ ရန်သူမျိုး ငါးပါး၊ ၀ိပတ္တိတရား လေးပါး၊ ဗျသန တရားငါးပါး၊ အနာမျိုး ၉၆ ပါး၊ မိစ္ဆာဒိဋ္ဌိ ၆၂ ပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား ဖိုလ်တရားနိဗ္ဗာန် တရားတော်မြတ်ကို ရပါလို့၏ အရှင်ဘုရား။

သြကာသ ရှင်းတမ်း
သြကာသ = ရှိခိုးပါရစေ၊ ကန်တော့ပါရစေဟု အခွင့်တောင်းခြင်းကို သြကာသဟု ခေါ်သည်။ လေးနက်စေလိုသောကြောင့် လည်းကောင်း၊ ထင်ရှားပျံ့နှံ့စေလိုသောကြောင့် လည်းကောင်း သြကာသကို သုံးကြိမ် ဆိုရပါသည်။
ကံသုံးပါး = ကိုယ်ဖြင့်ပြုသော အမှုကို ကာယကံ၊ နှုတ်ဖြင့်ပြောသောအမှုကို ၀စီကံ၊ စိတ်ဖြင့်ကြံသောအမှုကို မနောကံဟုခေါ်သည်။
ရတနာ = နှစ်သက်မြတ်နိုးအပ်သောကြောင့် ရတနာဟုခေါ်ပါသည်။
ဘုရား = တရားအလုံးစုံကို အကုန်အစင် သိမြင်တော်မူသောကြောင့် ဘုရားဟု ခေါ်ပါသည်။
တရား = အပါယ်ဆင်းရဲ သံသရာဝဋ်ဆင်းရဲသို့ မကျရောက်အောင် ဆွဲဆောင်တတ်သောကြောင့် တရားဟု ခေါ်ပါသည်။
သံဃာ = အယူသီလ တူမျှခြင်းဖြင့် ပေါင်းစုဖွဲ့စည်းထားသောကြောင့် သံဃာဟု ခေါ်ပါသည်။
အရိုအသေ = ကိုယ် ၊ နှုတ် ၊ စိတ် သုံးပါးတို့ဖြင့် ညွတ်တွား ကိုင်းရှိုင်းခြင်း။
အလေးအမြတ် = တကယ်အဟုတ် စိတ်ပါပါနှင့် လေးစားမြတ်နိုးခြင်း။
ရှိခိုး = ရှိခိုးခြင်းမှာ ကိုယ်ဖြင့်ရှိခိုးခြင်း ၊ နှုတ်ဖြင့်ရှိခိုးခြင်း၊ စိတ်ဖြင့်ရှိခိုးခြင်းဟူ၍ သုံးမျိုးရှိသည်။ ကိုယ်ဖြင့် ရှိခိုးခြင်းဆိုသည်မှာ ရတနာသုံးပါး၊ မိဘ၊ ဘိုးဘွား၊ ဆရာသမားတို့၏ ဂုဏ်ကျေးဇူးကို အာရုံပြု၍ ထိခြင်းငါးပါးဖြင့် ရှိခိုးခြင်းကိုခေါ်သည်။ နှုတ်ဖြင့်ရှိခိုးခြင်းဆိုသည်မှာ ရတနာသုံးပါး၏ ဂုဏ်ပုဒ်များကို နှုတ်ဖြင့်ထုတ်ဖော်၍ ရွတ်ဆိုခြင်းကို ခေါ်ပါသည်။ စိတ်ဖြင့်ရှိခိုးခြင်းဆိုသည်မှာ ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးကို စိတ်ထဲမှ အဖန်တလဲလဲ အောက်မေ့ခြင်းကိုခေါ်ပါသည်။
ပူဇော် = အာမိသ - ပစ္စည်းဖြင့် ပူဇော်ခြင်း၊ ဓမ္မ - တရားဖြင့် ပူဇော်ခြင်း နှစ်မျိုးရှိသည်။
ဖူးမြော် = ပကတိမျက်စိဖြင့် ဖူးမြော်ခြင်း၊ အသိဥာဏ်မျက်စိဖြင့် ဖူးမြော်ခြင်း။
မာန်လျှော့ = မိမိသန္တာန်ရှိသော မာန်မာနတရားများကို လျှော့ချဖယ်ရှားခြင်း (ရတနာသုံးပါးကို မြင့်မြတ်ရာ၌ ထားခြင်း)ကို မာန်လျှော့သည်ဟု ခေါ်ပါသည်။ မာန်လျှော့ခြင်းကို နိဝါတမင်္ဂလာ ဟုလဲ ခေါ်ပါသည်။
ကန်တော့ = အပြစ်ရှိက ခွင့်လွှတ်တော်မူပါဟု ၀န်ချတောင်းပန်ခြင်းကို ကန်တော့သည်ဟုခေါ်သည်။ အပြစ်ရှိ၍ ကန်တော့ခြင်း၊ ကုသိုလ်ရလိုပြီး ကန်တော့ခြင်းဟု နှစ်မျိုးရှိသည်။
(ကန်တော့ ဆိုသည်မှာ အကုသိုလ်ကို ကန်, ကျောက်ပြီး ကုသိုလ် ကိုတော့, ယူခြင်းကို ဆိုလိုသည်။)

ဆုတောင်းခြင်း
အပါယ် ၄ ပါး - ချမ်းသာကင်း၍ ကုသိုလ်ကောင်းမှု ပြုခွင့်မရသော အရပ်ကို အပါယ်ဟု ခေါ်သည်။
၁။ ငရဲ = ချမ်းသာသုခဝေးကွာ၍ ဒုက္ခအတိပြီးသော ဘုံဌာန။
၂။ တိရစ္ဆာန် = အိပ်၊ စား၊ ကာမ ဤသုံးမျိုးသာသိ၍ မဂ်ဖိုလ်မှ ဖီလာဖြစ်သော သတ္တ၀ါ။
၃။ ပြိတ္တာ = ချမ်းသာအပေါင်းမှ ဝေးကွာသော သတ္တ၀ါ။
၎။ အသူရကာယ် = နတ်များကဲ့သို့ မရဲရင့်၊ မတင့်တယ်၊ မတောက်ပသော သတ္တ၀ါ။

ကပ် ၃ ပါး - ငတ်မွတ်ဘေး၊ လက်နက်ဘေး၊ ရောဂါဘေးတို့ကြောင့် ပျက်စီးခြင်း။
၁။ ဒုဗ္ဘိက္ခန္တရကပ် = ငတ်မွတ်ဘေးကြောင့် ပျက်စီးသောကပ်။
၂။ သတ္တန္တရကပ် = လက်နက်ဘေးကြောင့် ပျက်စီးသောကပ်။
၃။ ရောဂန္တရကပ် = ရောဂါဘေးကြောင့် ပျက်စီးခြင်းရှိသောကပ်။

ရပ်ပြစ် ၈ ပါး
၁။ ငရဲ - ချမ်းသာမှု မရှိသောအရပ်
၂။ တိရစ္ဆာန် - အိပ် စား ကာမ သုံးခုသာသိ၍ မဂ်ဖိုလ်မှ ဖီလာကန့်လန့်ဖြစ်သော သတ္တ၀ါ
၃။ ပြိတ္တာ - ချမ်းသာသုခကင်းဝေးသော ဖုတ်၊ တစ္ဆေစသော (နေ့ခံ ညစံ၊ ညစံ နေ့ခံသတ္တ၀ါ)
၎။ အသညသတ်နှင့် အရူပဗြဟ္မာ - ဘုရားပွင့်တဲ့အခါ လွန်စွာ အသက်ရှည်ပြီး ဘုရားရှင်ကို မဖူးတွေ့နိုင်
၅။ ပစ္စန္တရစ်အရပ် - ရတနာသုံးပါးမတည်၍ ရိုင်းစိုင်းသူတို့နေရာအရပ်
၆။ မိစ္ဆာဒိဋ္ဌိ - ရတနာသုံးပါးကို အယုံအကြည်မရှိသူတို့နေရာ အရပ်
၇။ ဉာဏ်ပညာမဲ့သူ - တရားကိုနားမလည်သော အသိဥာဏ်ပညာမဲ့သူတို့နေရာအရပ်
၈။ ဘုရားမပွင့်ရာအခါ သာသနာမဲ့ရာအခါ၌ လူဖြစ်ရခြင်းတို့သည် မဂ်ဖိုလ်နိဗ္ဗာန် မရနိုင်သည်ကိုစွဲ၍ ရပ်ပြစ်ရှစ်ပါးဟု ခေါ်သည်။

ရန်သူမျိုး ၅ ပါး
၁။ ရေ
၂။ မီး
၃။ မင်း
၎။ ခိုးသား ဓားပြ
၅။ အမွေခံ အမွေဆိုး

ဝိပတ္တိတရား ၄ ပါး - ဖောက်ပြန်ချွတ်ယွင်းခြင်းကို ၀ိပတ္တိဟု ခေါ်သည်။
၁။ ဂတိဝိပတ္တိ = အပါယ်ဘုံ၌ ဖြစ်ရခြင်း။
၂။ ဥပဓိဝိပတ္တိ = ရုပ်ဆင်းအင်္ဂါချို့တဲ့ခြင်း။
၃။ ကာလ၀ိပတ္တိ = တရား မစောင့်သူတို့၏ လက်ထက်၌ လူဖြစ်ရခြင်း။
၎။ ပယောဂ၀ိပတ္တိ = အကုသိုလ်တရားကိုသာ အားထုတ်၍ အကျင့်ပျက်စီးခြင်း။

ဗျသနတရား ၅ ပါး - ပျက်စီးခြင်းကို ဗျသနဟု ခေါ်သည်။
၁။ ဉာတိဗျသန = ဆွေမျိုးပျက်စီးခြင်း။
၂။ ဘောဂဗျသန = စည်းစိမ်ပျက်စီးခြင်း။
၃။ ရောဂဗျသန = ရောဂါနှိပ်စက်၍ပျက်စီးခြင်း။
၎။ ဒိဋ္ဌိဗျသန = အယူလွဲမှား၍ပျက်စီးခြင်း။
၅။ သီလဗျသန = အကျင့်သီလပျက်စီးခြင်း။

အနာမျိုး ၉၆-ပါး
သည်းခြေကြောင့်ဖြစ်သော ရောဂါ (၃၂)ပါး၊
လေကြောင့်ဖြစ်သော ရောဂါ (၃၂)ပါး နှင့်
သလိပ်ကြောင့် ဖြစ်သော ရောဂါ (၃၂)ပါး၊

မိစ္ဆာဒိဋ္ဌိ ၆၂-ပါး
သဿတ ဒိဋ္ဌိဝါဒ (၄)ပါး
ဧကစ္စ သဿတ ဒိဋ္ဌိဝါဒ (၄)ပါး
အန္တာနန္တ ဒိဋ္ဌိဝါဒ (၄)ပါး
အမရာ ၀ိက္ခေပ ဒိဋ္ဌိဝါဒ (၄)ပါး
အဓိစ္စသမုပ္ပန္န ဒိဋ္ဌိဝါဒ (၂)ပါး
ဥဒ္ဒမာဃာတနသညီ ဒိဋ္ဌိဝါဒ (၁၆)ပါး
ဥဒ္ဓမာဃာတနအသညီ ဒိဋ္ဌိဝါဒ (၈)ပါး
ဥဒ္ဓမာဃာတနနေ၀သညီနာသညီ ဒိဋ္ဌိဝါဒ (၈)ပါး
ဥစ္ဆေဒ ဒိဋ္ဌိဝါဒ (၇)ပါး
ဒိဋ္ဌဓမ္မ နိဗ္ဗာန ဒိဋ္ဌိဝါဒ (၅)ပါး

မဂ်တရား = နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော တရားလမ်းကို မဂ်ဟု ခေါ်သည်။
ဖိုလ် = မဂ်၏ အကျိုးတရားကို ဖိုလ်ဟုခေါ်သည်။
နိဗ္ဗာန် = ရာဂ၊ ဒေါသ၊ မောဟ တို့၏ကင်းရာ ငြိမ်းအေးမှု ဓာတ်သဘောကို နိဗ္ဗာန်ဟုခေါ်သည်။

Tuesday, 25 February 2014

ဒီပဲယင်း သမိုင်းမှန်

( " ဒါ ..... ဒေါ်အောင်ဆန်းစုကြည် ကားနော်၊ မင်းတို့ သမိုင်းဝင်သွားမယ်” )

၂၀၁၂ မေ (၃၀) တွင် မဇ္ဖိမ သတင်းဌာနမှ ဖော်ပြသော ၂၀၀၃ ဒီပဲယင်းအရေးအခင်းကို ကိုယ်တွေ့ကြုံခဲ့သူ ဒေါ်အောင်ဆန်းစုကြည်၏ ကားဒရိုင်ဘာ ကိုကျော်စိုးလင်းအားမေးမြန်းပြီး ဆောင်းပါးရှင် လင်းဘိုဘို ရေးသားသော ဒီပဲယင်း သမိုင်းမှန် ပေါ်ချင်သူ အမည်ရှိသော အင်တာဗျူးအား ဆယ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် နောင်လာနောက်သားများ သိစေခြင်းငှာ ပြန်လည်ဖော်ပြအပ်ပါသည်.။

ဒီပဲယင်း သမိုင်းမှန် ပေါ်ချင်သူ

(ဒီပဲယင်း အထူးအင်တာဗျူး) ဖြစ်သည်။

၂ဝဝ၃ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေးခရီးစဉ်အတွင်း ဒီပဲယင်းမြို့နယ် ကျီရွာတွင် တိုက်ခိုက် ခံခဲ့ရသည့် ယင်းဖြစ်ရပ် တွင် မည်သူက အကွက်ချစီမံ၍ မည်သူ ဦးဆောင်ခဲ့သည်၊ မည်သူများ ပါဝင်ခဲ့သည် ဆိုသည် ကို ယနေ့တိုင် ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။

ဖြစ်ရပ်မှန်သမျှ သမိုင်းချည်းပင် ဖြစ်သည်။ သမိုင်းသည် အကောင်းဆုံး ဥပမာ ဖြစ်သည်။ သမိုင်းမှ သာဓကယူ ဆန်းစစ်ရသည်။ ခေတ်အဆက်ဆက် သမိုင်းစစ်ကို ရှာဖွေတူးဆွသူများ ရှိခဲ့သလို သမိုင်းကြောင်း၌ ကမ္ဗည်းတင် မခံဝံ့သူတို့က ဖြစ်ရပ်ဟောင်းကို ဖုံးဖိပြောင်းလဲရန် ကြိုးစားခဲ့ကြသည်။

ဒီပဲယင်း အရေးအခင်းကို သမိုင်းအဖြစ်မှန်အဖြစ် တရားဝင် ပေါ်ပေါက်စေလိုသူများအနက် ဒီပဲယင်းလုပ်ကြံမှု၏ အဓိကပစ်မှတ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အားထုတ်ခဲ့သူ တဦးဖြစ်သည့် ထိုစဉ်က

ဒေါ်အောင်ဆန်းစုကြည် စီးနှင်းသည့် ကားကို မောင်းနှင်ခဲ့သူ ကိုကျော်စိုးလင်းလည်း ပါဝင်နေသည်။

သမိုင်းကို အဖြစ်မှန်အတိုင်း ဖြစ်စေချင်သူ ကိုကျော်စိုးလင်း (၂ဝဝ၃ ခုနှစ် ဒီပဲယင်း အရေးအခင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ ကားကို မောင်းနှင်ခဲ့စဉ်က ကိုကျော်စိုးလင်းသည် ဒုတိယနှစ် ဥပဒေကျောင်းသား အရွယ်ဖြစ်သည်။)

ဒုတိယနှစ် ကျောင်းသားအရွယ်သာ ရှိခဲ့သော်လည်း လုပ်ကြံမှု ဖြစ်စဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် အနီးဆုံး

နေရာတွင် ရှိခဲ့ပြီး မျက်မြင်သက်သေလည်း ဖြစ်သည့် ကိုကျော်စိုးလင်းနှင့် ဒီပဲယင်း ကိုးနှစ်ပြည့်အဖြစ် မဇ္ဈိမသတင်းဌာနက တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ဒီပဲယင်းကိစ္စ ၉ နှစ်ပြည့်တော့မယ် ဒီအချိန်မှာ ဘယ်လိုခံစားရလဲ။

ပြန်ပြီးတော့ သတိရနေတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကိစ္စ ကျနော့်စိတ်ထဲမှာ သူတို့ကို ပြန်ပြီး ထိခိုက်ပါစေ၊ နစ်နာပါစေ၊ ဟိုဟာဖြစ်ပါစေဆိုတဲ့ ဆန္ဒမရှိဘူး။ ဒါပေမယ့် အဖြစ်မှန်လေးကိုတော့ ပေါ်ပေါက်စေချင်တယ်။
တနေ့ထက် တနေ့တော့ အဲ့ဒီ ခံစားချက်လေးတော့ ရှိနေတာပေါ့။

ဒီအမှု့ကြီးကတရားဝင် ဖော်ထုတ်နိုင်ခြင်းလည်း မရှိခဲ့ဘူး။ အဲ့တာ
ကြောင့် လည်း ဒီ ဒီပဲယင်းကို အမြဲတမ်းပဲ သတိရနေစေဖို့ အတွက်ရယ်၊ နောက်ပြီးတော့ ပြဿနာအရပ်ရပ်ကို
ဘယ်သူက ဘယ်လို စလုပ်တယ် ဆိုတာကို ပြည်သူအားလုံး
က သိစေချင်တဲ့ ဆန္ဒနဲ့ ဒီနှစ်ကို ကျီရွာမှာ သွားပြီး အလှူ
လုပ်ဖို့ စီစဉ်ထားပါတယ်။

အန်တီ့ကားကို မောင်းဖြစ်သွားပုံလေးက စပြီး ပြန်ပြောပြပါဦး။

ကျနော့်အဖေ ဦးကိုကြီး က မန္တလေးတိုင်း NLD တိုင်းဦးစီးမှူး(ဘဏ္ဍာရေး) လုပ်တော့ အဖွဲ့ချုပ်က ကိစ္စတွေဘာတွေ ရှိရင် ကျနော့်အိမ်က ကားတွေဘာတွေ သုံးလေ့ရှိတယ်။ ကျနော်ရယ်၊ ကျနော့်အကိုရယ်က အဲ့လိုကိစ္စတွေမှာ လိုက်ပို့တာရှိတော့ တိုင်းက လူကြီးတွေက ကျနော်တို့ ကား ကောင်းကောင်းမွန်မွန် မောင်းတတ်တာ သိနေတယ်။ အဲ့ဒီမှာ အန်တီ့ခရီးစဉ် ရောက်လာတယ်။ အဲ့ဒီတုန်းက ကျနော်က ဒုတိယနှစ်ပဲ ရှိသေးတယ်။ ဥပဒေ မေဂျာနဲ့။ အစကတော့ ကျနော်တို့က လူငယ်အနေနဲ့ လုံခြုံရေးပဲ လိုက်ရတာ။

အန်တီ့ခရီးစဉ် ဒုတိယတခေါက်အနေနဲ့ ရောက်လာတော့ ကား ကျွမ်းကျွမ်းကျင်ကျင် မောင်းတတ် တဲ့ လူ လေးဦး လိုတယ်ဆိုလို့ ကျနော်တို့ ညီအကို နှစ်ယောက်ရယ်၊ စက်မှုထဲက ဦးကံရယ်၊ မောင်ကိုလေးရယ် ဆိုပြီး လေးယောက်

ပေးလိုက်တယ်။ ဒါပေမယ့် တကယ်တမ်း လိုက်ဖြစ်တာက ဦးကိုလေးနဲ့ ကျနော်နဲ့ နှစ်ယောက်ပဲ။

စမောင်းတော့ ဦးကိုလေး မောင်းတာ။ နောက် ကချင်ပြည်နယ် ခရီးစဉ်တခုလုံး ကျနော် ဆက်မောင်းတယ်။ ကချင်ပြည်နယ် မိုးကုတ်၊ သပိတ်ကျင်းဘက်ကနေ မန္တလေးကို ဝင်တယ်။ မန္တလေးကနေ မုံရွာခရီးစဉ်ဘက် တွေလည်း ကျနော်ပဲ ဆက်မောင်းတာ နောက်ဆုံး ပြဿနာ ဖြစ်တဲ့နေ့အထိပဲ။

မေ ၃ဝ ရက်နေ့ အနေအထားတွေကို မှတ်မိသလောက် ပြန်ပြောပြပါဦး။

တောက်လျှောက် သူတို့ လိုက်နှောင့်ယှက်နေတဲ့ကိစ္စတွေကို သတင်းတွေ ရတယ်။ သိလည်း သိတယ်။ ဘာတွေလဲ ဆိုတော့ ကြံ့ခိုင်ရေးဝတ်စုံတွေနဲ့ လိုက်ပြီး နှောင့်ယှက်နေတယ်ဆိုတော့ ဆိုးဆိုးဝါးဝါးကြီး နှောင့်ယှက်လိမ့်မယ်တော့ မထင်ဘူး။ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေ၊ နှောက်ယှက်မယ်ဆိုတဲ့ သတင်းတွေလည်း ကြားတယ်။ နောက် ဘုတလင်နဲ့ မုံရွာက ခရီးစဉ်ကို လိုက်ပို့တဲ့ ကျောင်းသားလေးတွေ အပြန်မှာ အဖမ်းခံရတယ်ဆိုတဲ့ သတင်းလည်း ကြားတယ်။ ရှေ့ပြေး လွှတ်တဲ့သူကလည်း ပြန်မလာနိုင်ဘူး။ ပြန်မလာနိုင်ပေမယ့် သတင်းကတော့ အဆက်မပြတ် ကြားနေတာ။

အဲ့ဒီနေ့က လမ်းကြောင်းတခုလုံးမှာ အန်တီရှိနေတဲ့ နေရာအထိ သတင်းတွေ ရောက်လား။ သတင်းပို့မှု အစပ်အဆက် ရှိနေလား။

ရှိတယ်။ ဒါပေမယ့် နှောက်ယှက်မယ်လို့ပဲ ကြားနေတာ။ နောက်ပြီး ဘုန်းကြီးအတုတွေ၊ အတုတွေဆိုတာက သင်္ကန်း

တောင် မဝတ်ရသေးဘူး။ ကတုံးစိမ်းတွေနဲ့ ကားကြီးတွေနဲ့ ထွက်သွားတယ်။ သွားလိုက်လာလိုက် လုပ်နေတယ် ဆိုတဲ့ သတင်းလည်း ကြားရတယ်။ ဒါပေမယ့် အန်တီကတော့ အဖွဲ့တွေအားလုံးနဲ့ သွားမယ့် ခရီးစဉ် ဆက်ထွက်တယ်။

အဲ့ဒီအချိန်က သူတို့ဘက်က အနှောက်အယှက်ပေးရင် ညပိုင်းတွေများတယ်။ မိုးကုတ်၊ သပိတ်ကျင်း ဘက်မှာဆိုရင် လာကြည့်တဲ့ ပြည်သူတွေကို လေးဂွတွေ၊ ခဲတွေနဲ့ ထုတာ၊ မီးမောင်းတွေထိုးတာ၊ သံပုံးတွေရိုက်တာ မျိုးပေါ့နော်။

နေ့လည်ပိုင်းဆို သူတို့က သိပ်ပြီးတော့ မလုပ်ကြဘူး။ ဆန္ဒပြသလို သာမန် နှောင့်ယှက်တာလေးတွေလောက်ပဲ လုပ်တယ်။ အဲ့တော့ ကျနော်တို့က ညကို အရောက်မခံဘဲ မောင်းတာ များတယ်။ နောက်တချက်က အဲ့ဒီနေ့က ကျနော်တို့ဘက်က ခရီးစဉ် မိုင်တွက်တာလည်း မှားတယ်။ မိုင်အကွာအဝေးကို ၁၄ မိုင်လို့ ရေးထားတဲ့ နေရာမှာ ၁ ပြုတ်ပြီး ၄ မိုင်လို့ ဖြစ်နေတာလည်း နောက်ပိုင်းမှာ ကျနော်တို့ သွားတွေ့ရတယ်။

ကျီရွာကို ရောက်တဲ့အချိန်မှာ ဘုန်းကြီး နှစ်ပါးက “ဒကာမကြီး မနက်ကတည်းက ကျနော်တို့ စောင့်နေလို့ပါ။ ရပ်ပြီး

နှုတ်ဆက်စကားလေး ပြောပေးပါ”လို့ ပြောလာတယ်။ အချိန်က ငါးနာရီခွဲ ခြောက်နာရီလောက် ရှိပြီ။ မမှောင်သေး ဘူး။ မှောင်ရီပျိုးပြလေး။ ဘုန်းကြီးက တောင်းတောင်း ပန်ပန်နဲ့ ပြေးပြီးတော့ လိုက်ပြောတဲ့ အခါကြတော့ အန်တီက “ငါ့သားရယ် ရပ်ပေးလိုက်ပါဦး” ဆိုတော့ ကျနော်က ရပ်လိုက်တယ်။ အဲ့ဒီမှာ ဘုန်းကြီးနှစ်ပါးရယ် ရွာသားတွေကော အများကြီး စောင့်ပြီး ကြိုနေတယ်။ ဘုန်းကြီးအိုကြီး တယောက်လည်း ပါတယ်ပြောတယ်။

ရပ်လိုက်တဲ့ အချိန်မှာ နောက်က လိုက်လာတဲ့ ကားတန်းကလည်း တော်တော်များတယ်။ ကား အစီးရေတော့ မမှတ်မိဘူး။ ကားတန်းရပ်သွားတော့ နောက်က လိုက်လာတဲ့ ကားတွေထဲက ဘုန်းကြီးအတုတွေကော လူတွေကော တုတ်တွေနဲ့ ဆင်းလာပြီးတော့ ကြိုတဲ့သူတွေကိုကော၊ ကျနော်တို့နောက်က လိုက်လာတဲ့ ကားတွေပေါ်က လူတွေကိုကော တန်းရိုက်တော့တာပဲ။

PA က လုံခြုံရေးအတွက် ဆင်းပြီးတော့ ကြည့်တဲ့အချိန်မှာ နောက်မှာ စရိုက်နေပြီလို့ သိတော့ အန်တီ မဆင်းဖြစ်တော့ ဘူး။ မဆင်းဖြစ်တော့ဘဲ PA ပါ ပြန်တက်၊ ကားတံခါးတွေကို Lock ချ လိုက်တယ်။ ကျနော့်ရှေ့မှာက ကား သုံးလေးစီး

လောက်တော့ ရှိတယ်။ ဘဘဦးတင်ဦး ကားကလည်း ရှေ့မှာပဲ။ အနီးကပ် လုံခြုံရေးတွေကတော့ ကျနော့်ကားပေါ် မှာပေါ့။ မန္တလေး တိုင်းက လုံခြုံရေးအဖွဲ့တွေကတော့ ရှေ့မှာကော နောက်မှာကော ပါတယ်။

နောက်ကနေ ရိုက်လာတဲ့အချိန်မှာ လုံခြုံရေးအဖွဲ့တွေက “ကိုကျော်စိုးလင်း မောင်းမောင်း” ဆိုပြီး ပြောတယ်။

နောက်က အမျိုးသမီးတွေပါတဲ့ ကားတစီးက ကျော်တက်ပြီး ကျနော်တို့ ကားနား ရောက်လာတယ်။ ဆိုင်ကယ်တွေနဲ့ လိုက်လာတဲ့ ကျောင်းသားတွေကလဲ ပြန်ချမယ်၊ ပြန်ထုမယ် ဆိုတော့ အန်တီက တားခိုင်းလိုက်တယ်။ မလုပ်ပါနဲ့ သူတို့က ဘယ်လိုအကြံအစည်နဲ့မှန်း မသိဘူးဆိုပြီး အန်တီက တားတော့ သူတို့က မလုပ်ဖြစ်တော့ဘူး။

နောက်ကနေ ရိုက်လာရင်းနဲ့ ကျနော်တို့ ကားနားအထိ ရောက်လာတယ်။ ကျနော်တို့ ကားနား ရောက်လာတော့ ကိုတိုးလွင်တို့ တခြားလုံခြုံရေး အဖွဲ့ဝင်တွေက တားတယ်။ “ဒါ ဒေါ်အောင်ဆန်းစုကြည်ကားနော်။ မင်းတို့ သမိုင်းဝင် သွားမယ်နော်” ဆိုပြီး တားတယ်။ တားတော့ သူတို့ ရိုက်တာ တန့်သွားတယ်။ ကျနော်တို့ ကားနားကို အရင်ရောက် လာတဲ့ ရှေ့ဆုံးက ၄၊ ၅ယောက်က ဘုန်းကြီးဝတ်တွေ။ သင်္ကန်းတွေနဲ့ တုတ်တွေနဲ့။ ညာဘက်လက်တွေမှာ လက်ပတ် အဖြူတွေ ပတ်ထားတယ်။

အဲ့ဒီမှာ ဘဘဦးတင်ဦး ရောက်လာတယ်။ “မင်းတို့ကောင် အဲ့ဒီမှာ ဘဘဦးတင်ဦး ရောက်လာတယ်။ “မင်းတို့ကောင်တွေက ဘယ်ကလဲ။ ဘာလို့ရိုက်တာလဲ” ဆိုပြီး မေးနေတုန်း ဘဘဦးတင်ဦးကိုပါ သူတို့ ရိုက်ချလိုက် တယ်။ နောက် အန်တီ့ဘက်အခြမ်းက လုံခြုံရေးယူထားတဲ့ ကိုတိုးလွင်ကိုလည်း

သူတို့ ရိုက်ချလိုက်တာ ကိုတိုးလွင်က ပုံလျက်သားလေး လဲသွားတယ်။

အဲ့နေရာမှာပဲ ပုံကျသွားတော့ သေပြီလို့ပဲ ထင်လိုက်တယ်။

တွေက ဘယ်ကလဲ။ ဘာလို့ရိုက်တာလဲ” ဆိုပြီး မေးနေတုန်း ဘဘဦးတင်ဦးကိုပါ သူတို့ ရိုက်ချလိုက်တယ်။ နောက် အန်တီ့ဘက်အခြမ်းက လုံခြုံရေးယူထားတဲ့ ကိုတိုးလွင်ကိုလည်း သူတို့ ရိုက်ချလိုက်တာ ကိုတိုးလွင်က ပုံလျက်သားလေး လဲသွားတယ်။
အဲ့နေရာမှာပဲ ပုံကျသွားတော့သေပြီလို့ပဲ ထင်လိုက်တယ်။

ကျနော့်စိတ်ထဲမှာ အဲ့ဒီတုန်းက တော်တော် ဒေါသဖြစ် သွားသေးတယ်။ နောက်ကနေ ပြေးလာတဲ့ သူတွေကပြေး၊ လိုက်ရိုက်တဲ့သူတွေက လိုက်ရိုက်နဲ့ဆိုတော့လေ။

တချို့ဆို ကိုယ်တုံးလုံး ကျွတ်တွေနဲ့ ထွက်ပြေးလာတာကို လိုက်ရိုက်နေတာလည်း တွေ့တော့ ဒေါသဖြစ်ပြီး ပထမ တခုခု တုန့်ပြန်မယ် စဉ်းစားသေးတယ်။ ကျနော် ကားကို ဘက်ဆုတ်လိုက်တယ်။ ဘက်မဆုတ်ခင် လီဗာကို အကျယ်ကြီး နင်းလိုက်တယ်။ ကိုယ့်လူတွေလည်း ရှိတော့ရှောင်လို့ရအောင် အသံ ပေးလိုက်တာပေါ့။

အဲ့ဒီမှာ ကျနော့်ကားရဲ့ တိုက်ရော့နဲ့ ဘီးနဲ့ကြားမှာ သစ်သားချောင်း ဘယ်အချိန်က ထိုးခံထားလဲ မသိဘူး။ စတီရာရင်ခေါက်လို့ မရအောင် ထိုးထည့်ထားတာ။

ကံကောင်းချင်တော့ ကျနော်က နောက်အရင် ဆုတ်လိုက်တော့ အဲ့ဒီဟာက ကျိုးထွက်သွားတယ်။ ဒိုင်းကနဲ ဘာနဲ့မှလည်း မထိဘဲ အသံထွက်လာတော့မှ တခုခု ကလန့်ထားတာ ကျိုးသွားတာ သိတာ။ နောက်ဆုတ်တဲ့အချိန်မှာ ကျနော့် ညာဘက်က မှန်ကော၊ ဘယ်ဘက်က မှန်ကော၊ နောက်မှန်တွေကော၊ ကားဘက်မှန်နဲ့ မီးသီးတွေကော သူတို့ အကုန်ရိုက်ခွဲကြတယ်။

အဲ့အချိန် ကားဘေးမှာ လုံခြုံရေးတွေ ရှိနေတယ်။ သူတို့က ပေပြီးတော့ အရိုက်ခံနေကြတာ။ ကျနော် ကားနောက် ဆုတ်ပြီ ဆိုတာနဲ့ သူတို့က ကားပေါ်ကို အတင်းဝိုင်းတက်ကြတယ်။

ရှေ့ကို ကြည့်တော့ ကိုယ့်လူတွေက မှောက်နေ တယ်။ ရိုက်တဲ့သူတွေက ရှောင်နေတာနဲ့ ဘယ်သူ့ကိုမှ မတိုက်တော့ပဲ ကျနော် ကျော်တက်ပြီးတော့ အတင်းမောင်း ထွက်ခဲ့တာ။ အဲ့ဒီနေရာမှာ ဆယ့်ငါးမိနစ်၊ မိနစ်နှစ်ဆယ်လောက် ကြာမယ်ထင်တယ်။

အန်တီကကော အဲ့ဒီအချိန်မှာ ဘယ်လိုရှိနေလဲ။ အန်တီက ကား မောင်းထွက်ဖို့တွေဘာတွေ ပြောလား။

အန်တီက ဒီမှာလည်း လူတွေ အရိုက်ခံနေရပြီ။ ပြည်သူတွေလည်း အရိုက်ခံနေရပြီ။ သူများတွေက “မောင်းမောင်း”လို့ပြောနေကြတယ်။ အန်တီက ဘာမှ မပြောဘူး။

ကျနော့် အမြင်ပေါ့၊ ကျနော့်အတွေးက အန်တီက တကယ်လို့ မောင်းခိုင်းမယ်ဆိုရင် သူများတွေ အရိုက်ခံ နေရတာကို ပစ်ပြီးတော့ ပြေးရာရောက်မယ်။ အဲ့လိုလည်း အဖြစ်မခံချင် ဘူးလို့ ထင်တယ်။ ကျနော် မမောင်းဘဲနဲ့ နေမယ်ဆိုရင်လည်း ဘယ်သူမှ မောင်းလို့မရဘူးလေ။ အကုန်လုံး ပဋိပက္ခဖြစ်သွားနိုင်တယ်။

အဲ့ဒီမှာ ကျနော်ကလည်း အဲ့တုန်းက လူငယ်စိတ်နဲ့ပေါ့နော် ဒေါသလဲ ဖြစ်တော့ ကျနော် ၁ သက်ဆို သူတို့ ၂ သက်ဆိုပြီး ဖြစ်ချင်ရာဖြစ် မောင်းထွက်လိုက်တာ။

နောက်ထပ် သတ်ကွင်းလို တနေရာ ကြုံရတယ် ဆိုတာက ဘယ်လိုမျိုးလဲ။

ဒုတိယနေရာကမှ တကယ့် သတ်ကွင်း။ ပထမနေရာနဲ့ နောက်တနေရာက တမိုင်လောက် ဝေးတယ်။ ကျနော် ထွက်လာတော့ ဘဘဦးတင်ဦးကားတို့၊ အမျိုးသမီးကားတို့ကို ကျော်ပြီး ထိပ်ဆုံးက မောင်းထွက်လာတာ ရှေ့ကိုပဲ အာရုံစိုက်ပြီး မောင်းနေတော့ သူတို့လည်း နောက်က ပါလာတယ်ပဲ ထင်တာ။ ငါးမိနစ်လောက် မောင်းရတယ်။ ရှေ့မှာ ကုန်ကားကြီး ၃ စီး တွေ့တယ်။ အဝေးကတည်းက မြင်တော့ လမ်းကို ဒီကားတွေ ကန့်လန့် ပိတ်လိုက်မှာလည်း စိုးတယ်။ သိပ်လည်း မသင်္ကာဘူးပေါ့ စပြီးလည်း ဖြစ်နေပြီဆိုတော့လေ။

အဲ့တာနဲ့ သူတို့ ထိပ်တည့်တည့်ရောက်ပြီဆိုမှ ညာဘက်ကို လှည်းလမ်းပေါ်ကို ချိုးချပြီး မောင်းမယ် လုပ်မှ ဒီဘက်အခြမ်းမှာ ကားအစီး ၂ဝ၊ ၃ဝ လောက်က မီးတွေဖွင့်ပီး ထိုးထားတာတွေ့ရတယ်။ လမ်းရဲ့ဘေးမှာ ကွင်းက အကျယ်ကြီး ဒိုင်နာလိုလို၊ ကုန်ကားလိုလို ကားတွေ၊ ကွင်းထဲမှာ စီရပ်ထားတာ။ မီးကြီးတွေ လမ်းဘက်ကို ထိုးထားတာ။ ကားသုံးစီးကို ကျော်တော့မှ မြင်ရတာ။

မီးတွေနဲ့ လူတွေလည်း များပါလားပေါ့။ လူတွေက စီရပ်နေတာ မန္တလေးလိုဆိုရင် တပြလောက်ကို ရှိတယ်။ လူအပြည့်ပဲ တုတ်တွေနဲ့ စောင့်နေတာ။ လမ်းဘေးတလျှောက်လုံး အပြည့်ပဲ။ ဟိုမှာက ရိုက်တာနှက်တာ ကိုယ့်ရှေ့မှာတင် ကြုံလာခဲ့ပြီဆိုတော့ ကျနော်က သိလိုက်တယ်။ အဲ့ဒီမှာ သတ်ကွင်းဆိုတာ သိလိုက်တယ်။ တုတ်တွေနဲ့ လူတွေက လမ်းရဲ့ ညာဘက်မှာ။ ကျနော် ဆင်းကျော်တဲ့ ညာဘက်မှာပေါ့နော်။ လမ်းရဲ့ ဘယ်ဘက်မှာက ကြံ့ခိုင်ရေး ဝတ်စုံတွေနဲ့ ဆိုင်းဘုတ်လေးတွေ ကိုင်ပြီးတော့ အရင်နှောက်ယှက် သလို စောင့်နေကြတာ။

ကျနော်က ကားကို ခေါင်းတည်ပြီး လီဗာနည်းနည်း နင်းလိုက်တော့ တုတ်တွေနဲ့ လူတွေက ရှဲသွားတယ်။ ရှဲသွားပြီဆိုမှ ကျနော်က လမ်းပေါ်ကို ခေါင်းတင်လိုက်တယ်။ ကားနောက်မှာကော ဘေးပတ်လည်မှာ တွယ်လိုက်လာတဲ့ အခါကျတော့ ဆွဲချပြီး ရိုက်လိုက်မှာကို စိုးတယ်။

ကား လမ်းပေါ် ရောက်သွားတော့ လက်လှမ်းမမီတော့မှ နောက်ကနေ ဝိုင်းထုကြတာ။ အဲ့မှာ ကျနော့်ခေါင်းကို တချက်မှန်တယ်။ ဘာနဲ့ ထုလိုက်လည်း မသိဘူး။ သွေးတွေ ဖြာသွားတယ်။ အန်တီက “ဘာဖြစ်သွားသေးလဲ” မေးတော့ ကျနော် သတိရှိသေးတယ် “ရတယ်”လို့ ပြောလိုက်ပါတယ်။

လမ်းရဲ့ အဆုံးမှာ သစ်သားနဲ့ သံဆူးကြိုးနဲ့ ဘယ်ရီဂိတ် ပိတ်ထားတယ်။ အဲ့တာကို ကျနော်က တိုက်ချိုးပြီး ဆက်မောင်းမယ် လုပ်တော့ ကားနှစ်စီးနဲ့ ဆက်ပိတ်ထားတာ တွေ့ရတယ်။ ကားနှစ်စီးရဲ့ ကြားမှာ လူသွားဖို့ လမ်းချန်ထားတာ ရှိတယ်။ အဲ့ဒီ လူသွားလမ်းက ကျနော့်ကားနဲ့ ကွက်တိဖြစ်နေတယ်။ အဲ့ဒီကနေ လွတ်သွားတာ။

လွတ်သွားတော့ အရှေ့မှာ ရဲ ၁ဝ ယောက်လောက် ရှိမယ်။ သေနတ်တွေနဲ့ ချိန်ထားတာ။ ကျနော်လည်း မထူးဘူးဆိုပြီး ဆက်မောင်းတော့ သူတို့က ဒိုင်ဗင်တွေဘာတွေ ထိုးပြီး ရှောင်တဲ့သူက ရှောင်တယ်။ ဘယ်သူ့ကိုမှတော့ ကျနော် မတိုက်ဖြစ်ပါဘူး။

နောက်တော့ကော ဘာတွေ ဆက်ဖြစ်သေးလဲ။

အဲ့ဒီက လွတ်လာတော့ အန်တီက ပြောတယ်။ ဒီပဲယင်းကိုဝင်မယ် ငါ့သား။ ဒီကိစ္စကို ဖြေရှင်းမယ်။ မဖြေရှင်းလို့ မရဘူးပေါ့ ပြောတယ်။ ကျနော့်ကို ပြောတာပေါ့။ ဖြစ်ချင်တော့ ကျနော်ကလည်း ဒီပဲယင်းကို မရောက်ဖူးတော့ ဒီပဲယင်းကို ကျော်သွားတယ်။ ဒီပဲယင်းက လမ်းဘေးလေး ချိုးဝင်လိုက်ရတာ။ ကျနော်က မြို့ရှောင်လမ်းပေါ့နော် အဲ့ဘက်က ထွက်သွားလိုက်တော့ ကျော်သွားတယ်။ ကျော်သွားပြီးတော့ လမ်းဘေး တောထဲမှာ ခဏဝင်ရပ်တယ်။

ကားပေါ်မှာ တုတ်တွေကော၊ ကားအောက်မှာ ကလန့်ထားတဲ့ တုတ်ကလဲ စဖြစ်တဲ့ နေရာကတည်းက ဒီးဒီး၊ ဒီးဒီး မြည်ပြီးတော့ ပါလာတာလေ။ နောက်ပြီး ကျနော် တိုက်ဖြတ်လာတဲ့ သံဆူးကြိုးတွေလဲ ကားနဲ့ငြိပြီး ပါလာတယ်။

အဲ့ဒီမှာ တုတ်တွေဘာတွေ ဖြုတ်၊ သံဆူးကြိုးတွေ ဖြည်ပြီးတော့ အန်တီက လူ ဘယ်နှစ်ယောက်ပါလဲ။ နာမည်တွေပြောဆိုပြီး တခါတည်း အန်တီက သူ့စိတ်နဲ့ပဲ မှတ်ထားလိုက်တယ်။

အန်တီအပါအဝင် ကျနော်တို့အားလုံး ၁၈ယောက် ပါတယ်။ အန်တီက ဘယ်သူမှ အန်တီနဲ့ မခွာနဲ့။ ဘယ်မှ မသွားကြနဲ့ အန်တီ့ဘေးမှာပဲ နေလို့ မှာတယ်။

ကြောက်လန့် ပြီး ခွဲထွက်သွားရင် အန္တရာယ်ဖြစ်မှာစိုးလို့ မှာတယ်လို့ ထင်ပါတယ်။

အဲ့ဒီက ပြန်ထွက်တော့ ရေဦးမြို့အဝင် သံလမ်းနားမှာ မောင်းတံဂိတ်လေးတွေ့တော့ ကျနော်က ကားခဏရပ်တယ်။ ကားရပ်တော့ အဘိုးကြီး နှစ်ယောက်က ဒါဘယ်သူ့ကားလဲတဲ့ လာမေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ကားပါလို့ ဆိုတော့ တိုင်းမှူးက အမိန့်ချထားတယ်တဲ့။ ဘယ်ကားမှ အဝင်မခံနဲ့လို့ ပြောထားတယ်တဲ့။ အဲ့တာကြောင့်မို့ပါဆိုတော့ ရပါတယ် ကျနော်တို့စောင့်မယ်လို့ ပြောလိုက်တယ်။

နောက် နာရီဝက်လောက် ကြာတော့ ကျနော်တို့ရှေ့က ရထားသံလမ်း တံခါးကြီးကို ပိတ်လိုက်တယ်။ သံလမ်းပိတ်ပြီး သံလမ်းရဲ့ ဟိုဘက်မှာ ဘယ်ရီဂိတ်တွေ ချလိုက်တယ်။ ရေဦးဘက်က စစ်သားတွေ ထွက်လာပြီး ကျနော်တို့ကို ဝိုင်းလိုက်တယ်။ ဝိုင်းတာတော့ တော်တော်ဝေးဝေးက ဝိုင်းတာပါ။ သေနတ်တွေနဲ့ပဲ။ ဝိုင်းပြီးတော့ ဒီအတိုင်းပဲ ကြည့်နေကြတော့ ကျနော်တို့လဲ အေးအေးဆေးဆေးပဲ နေလိုက်တယ်။

အဲ့ဒီလို ဝိုင်းပြီး နာရီဝက်လောက် ထပ်ကြာတော့မှ စစ်တပ်ယူနီဖောင်းနဲ့ အရာရှိကြီးတယောက် ရောက်လာတယ်။ အသက်က ၅ဝ လောက်ရှိမယ်။ သူက ကျနော့်ကို နားထင်ကို သေနတ်နဲ့ ချိန်တယ်။ ချိန်ပြီးတော့ “မင်းလိုက်မလား မလိုက်ဘူးလား” ဆိုပြီး မေးတယ်။ အန်တီ့ကို ကြည့်တော့ အန်တီက ခေါင်းညှိမ့်ပြတော့ “လိုက်မယ်”လို့ ပြောလိုက် တယ်။ “အဲ့တာဆို နောက်က လူတွေ တက်”ဆိုပြီး သေနတ်တွေနဲ့ ချိန်ပြီး တက်ခိုင်းတယ်။ နောက်က လူတွေပါ တက်တော့မှ သံလမ်းတံခါးနဲ့ ဘယ်ရီဂိတ်တွေပါ ဖယ်။ ရှေ့က ရဲကားနဲ့ သူတို့က အနောက်က လိုက်လာကြတယ်။

ဘေးက မော်တော်ပီကယ်တွေ ဘာတွေနဲ့ပါ ခေါ်ပြီးတော့ ရေဦး ရဲစခန်းထဲ ရောက်သွားတယ်။

ရေဦး ရဲစခန်းရောက်ပြီး ဘာဆက်ဖြစ်ကြလဲ။

ရေဦး ရဲစခန်းရောက်တော့ အန်တီက ပြောတယ်။ “ရှင်တို့ သတ်ချင်ရင် ကျမတို့ကို ဒီနေရာမှာ သတ်ချင် သတ်ပစ် လိုက်။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ကျမတို့ကတော့ ဒီကိစ္စကို ဖြေရှင်းရမှာပဲ”လို့ ပြောတယ်။ အဲ့ဒီမှာ သူတို့က အန်တီ့ကို အဲ့လိုတော့ မဟုတ်ပါဘူး။ ဖြေရှင်းဖို့ ကျနော်တို့နဲ့ လိုက်ခဲ့ပေးပါဦး လို့ ပြောတယ်။ အဲ့မှာ အန်တီက “မလိုက်နိုင်ဘူး၊ ဥပဒေကြောင်းအရ ဖြေရှင်းမှ သာလျှင် လိုက်မယ်”လို့ ပြောလိုက်တယ်။

နောက် ၁ဝ မိနစ်လောက် နေတော့ ဥပဒေကြောင်းအရ ဖြေရှင်းပေးပါ့မယ်လို့ သူတို့က ပြောတယ်။ အဲ့ဒီမှာ အန်တီနဲ့ ကိုထွန်းဇော်ဇော်ရယ်၊ ကိုထွန်းမြင့်ရယ် လိုက်သွားတယ်။ ကိုထွန်းဇော်ဇော်နဲ့ ကိုထွန်းမြင့်ကို အန်တီက သက်သေအနေနဲ့ ခေါ်သွားလိုက်တာ။ ကျနော်ကတော့ ကားနဲ့ ကားမှာပါတဲ့ သက်သေခံပစ္စည်းတွေကို စောင့်ကြည့်တဲ့ အနေနဲ့ ကျန်ခဲ့တယ်။ ကျန်တဲ့သူတွေ အားလုံးကိုတော့ သူတို့က အချုပ်ထဲ ထည့်လိုက်တယ်။

ရဲစခန်းကို သက်သေဆိုပြီး လိုက်လာတဲ့သူတွေ ၄၊ ၅၊ ၆ ယောက်ရှိတယ်။ အဲ့ဒီလူတွေမှာလည်း စရိုက်တုန်းက လူတွေ ပတ်ထားတဲ့ လက်ပတ်အဖြူတွေ ပတ်ထားတာတွေ့တယ်။ သူတို့က ရပ်ကွက်လူကြီးတို့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ အဲ့လိုလူတွေ။ ကျနော်တို့ကိုလည်း ဗီဒီယို မှတ်တမ်း တင်တာတွေဘာတွေ လုပ်တယ်။

အဲ့ဒီက ထောက်လှမ်းရေး ထင်တယ် တယောက်က “မင်းတို့က စရိုက်လို့ ငါတို့က လုပ်ရတယ်” ဆိုပြီး ကျနော့်ကို ပြောတယ်။ အဲ့မှာ ကားပေါ် ပါတဲ့ သက်သေပစ္စည်းတွေ စာရင်းတွေလုပ်။ စာရင်းတွေ လုပ်ပြီးပြီဆိုမှ ကျနော့်ကိုပါ အချုပ်ထဲ ထည့်လိုက်တယ်။ အဲ့ဒီမှာ ကျနော်တို့ကို ထမင်းလည်း မကျွေးဘူး။ အဲ့ဒီညနဲ့ နောက်နေ့ တနေ့လုံး ထားတယ်။

အန်တီနဲ့ လိုက်သွားတဲ့ နှစ်ယောက်က သိပ်မကြာဘူး ပြန်ရောက်လာတယ်။ ကျနော်တို့ ၁၇ ယောက်ကို နောက်နေ့ ညနေမှာ ဒိုင်နာ ၂ စီးနဲ့ ရွှေဘိုထောင်ကို ပို့တယ်။ ဒိုင်နာ ၂ စီးကို တာလပတ်တွေနဲ့ အုပ်ပြီးတော့ ရဲတွေနဲ့ ခေါ်သွား တယ်။ ရွှေဘိုထောင်ရောက်တော့ ကျနော်တို့ တယောက်စီကို ရာဇဝတ်သား ၂ ယောက်၊ တန်းစီးလိုမျိုးပေါ့ အဲ့လို လူတွေနဲ့ ထားတယ်။ အဟန့်ပေါ့ဗျာ။ ဒါပေမယ့် သူတို့က ကျနော်တို့ကို ဘယ်သူမှ ရိုင်းရိုင်းပြပြ မဆက်ဆံပါဘူး။
ကောင်းကောင်းမွန်မွန် စောင်တွေဘာတွေနဲ့ ထားပါတယ်။

ရွှေဘိုထောင်မှာ ကိုတိုးလွင်ကိုလည်း ကျနော်တို့ ပြန်တွေ့တယ်။ စရိုက်လို့ ကျနော်တို့ကား ထွက်လာတဲ့အချိန်မှာ သူက မှောက်ကျန်နေခဲ့တော့ သူ့ကို ကျနော်တို့က အသေဆိုပြီး တွက်ထားတာ ရွှေဘိုထောင် ရောက်မှ ပြန်တွေ့တာ။ သူကလည်း ခေါင်းတခေါင်းလုံး အရိုက်ခံထားရတာ ပွစိကို လန်နေတာပဲ။ အဲ့ဒီအချိန်အထိ သူ့ကို ဆေးကုမပေး ထားဘူး။

အဲ့ဒီမှာ ည ၂ နာရီလောက်မှာ ရွှေဘိုထောင်ကနေ ပြန်ထုတ်တယ်။ ပြန်ခါနီးမှ ကိုတိုးလွင်ကို ပတ်တီးတွေစည်းပြီး ကျနော်တို့နဲ့ ပြန်ထည့်ပေးလိုက်တယ်။ ကျနော်တို့ထဲက မုံရွာက ကျောင်းသားလေး တယောက်ကိုတော့ သူတို့
ရွှေဘိုထောင်မှာပဲ ထားခဲ့တယ်။

ကျနော်တို့ကို ခေါင်းစွပ်တွေ စွပ်ပြီး ကုန်ကားကြီးပေါ် တင်တယ်။ ကားပေါ်ရောက်တော့ မျက်နှာဖုံး ပြန်ချွတ်တယ်။ ကားပေါ်မှာ မတ်တပ်မရပ်ခိုင်းပေမယ့် ပတ်ဝန်းကျင်ကို မြင်ရတော့ တံတားဦးဘက်
ရောက်နေတာ ကျနော်သိရတယ်။ အဲ့ဘက်က ရောက်နေကျဆိုတော့ ကျနော်က သိတယ်လေ။ နောက် ကျနော်တို့ကို မျက်နှာဖုံးပြန်စွပ်ပြီး နာမည်တွေခေါ်ပြီး လေယာဉ်ပေါ် တင်တယ်။

လေယာဉ်ပေါ်မှာ ကျနော်တို့က မျက်နှာဖုံးစွပ်တွေက မွန်းတယ်။ လေယာဉ်ပေါ်ကနေ ဘယ်မှလည်း ထွက်ပြေးလို့ မရပါဘူးလို့ တောင်းပန်တော့မှ မျက်နှာဖုံးစွပ်တွေ ချွတ်ပေးတယ်။ လေယာဉ်က ထိုင်ခုံတွေနဲ့ပဲ။ ဒီဘက်ထိုင်ခုံ နှစ်ခုံ ဟိုဘက်နှစ်ခုံ နှစ်တန်းပါတယ်။ လေယာဉ်မယ် ပါတယ်။ ဒီဘက်မှာ ကျနော်တို့ကို နှစ်ယောက်စီ ထားလိုက်တယ်။ ဟိုဘက်မှာက စစ် ထောက်လှမ်းရေးတွေ၊ ရဲထဲက SB တို့ ပါမယ်ထင်တယ်။ သူတို့လည်း နှစ်ယောက်စီ ထိုင်တယ်။ ကျနော်တို့ ၁၇ ယောက်ကို သူတို့ကလည်း ၁၇ ယောက် ပါတယ်။

၁ နာရီ၊ ၂ နာရီလောက် ကြာတော့ ခန္တီးကို ရောက်တယ်။ မိုးလင်းပြီ။ ခန္တီးထောင်မှာ ကျနော်တို့ နေဖို့ နေရာတွေချ တယ်။ မင်းတို့ကို ကောင်းကောင်းမွန်မွန် ကျွေးပါ့မယ် ဘာညာပြောပြီး ကျနော်တို့ကို ရွှေဘိုက ထည့်ပေးလိုက်တဲ့ အထုပ်လေးတွေတောင် သိမ်းသွားတယ်။ ကျနော် နေရတဲ့ အခန်းက ၃ ပေ၊ ၈ ပေ လောက် ရှိမယ်။ (ခန္တီးထောင်တွင် ကိုကျော်စိုးလင်း ကြုံတွေ့ ခဲ့ရသည်များမှာ စစ်အစိုးရလက်ထက် နိုင်ငံရေးအကျဉ်းသားများ ကြုံတွေ့ခဲ့ရသည့် အနေအထား များအတိုင်းဖြစ်၍ ချန်လှပ်ထားခဲ့ပါသည်။)

ခန္ဓီးထောင်မှာ ဘယ်လောက်နေခဲ့ရလဲ။

ခြောက်လ။

အဲ့ဒီခြောက်လက တရားခွင်တွေဘာတွေတင်၊ အမှုတွေဘာတွေ စစ်ပြီး ချုပ်တာလား။

တရားခွင် မတင်ဘူး။ ဒီလို မတရားချုပ်နှောင်တဲ့အပြင် မတရားဖမ်းဆီးမှုလို့လည်း ပြောရမှာပေါ့။ အဲ့ဒီမှာ ၁၅ ရက်လောက်က စစ်ကြောရေး ဝင်ခဲ့ရတယ်။ စစ်ကြောရေးကတော့ တကယ့် ဆိုးဆိုးဝါးဝါး ငရဲခန်းပါပဲ။

စစ်ကြောရေးမှာ အဓိက ဘာတွေစစ်လဲ။

အဓိကကတော့ ကျနော်တို့က စလုပ်တာပေါ့။ ကျနော်တို့က ရိုက်တယ်ဆိုတဲ့ အကြောင်းကို ထွက် ဆိုခိုင်းတာ။ ပထမ တကြိမ် လာစစ်လည်း ကျနော် အမှန်အတိုင်းပြောတယ်။ ဒုတိယ တကြိမ်၊ တတိယ အကြိမ်လဲ အဲ့ဒီအတိုင်းပဲ ထွက်တယ်။

                                                                                     ဆောင်းပါးရှင် လင်းဘိုဘို


ငါးမိနစ် တရားရူမှတ်နည်း

ငါးမိနစ် တရားရူမှတ်နည်း
...............................
ခန္ဓာငါးပါး၏ အဖြစ်အပျက်ကိုမမြင်ဘဲ အနှစ်တစ်ရာ အသက်ရှင်နေရခြင်းထက်၊ ခန္ဓာငါးပါး၏ အဖြစ်အပျက်ကို ၀ိပဿနာဉာဏ်ဖြင့် ရူမြင်သောသူ၏ တစ်ရက်မျှ အသက်ရှင်ခြင်းက ပို၍ မြတ်ပေ၏။ ဘုရားသနာနှင့် ကြုံရခိုက်၊ လူ့ဘ၀ရခိုက်၊ တရား အားထုတ်ဖို့ အခွင့်သာခိုက် အမြတ်ဆုံး အသက်ရှည်နည်းကို သိလိုလျှင် ဤပိုစ့်လေးကို ဖတ်ကြည့်ပါ၊ ဖတ်ပြီးလျှင် လက်တွေ့ လေ့ကျင့်ကြည့်လိုက်ပါ၊ ဒိဋ္ဌအကျိုးထူး ခံစားရပါလိမ့်မယ်။

ဤပိုစ့်လေးတင်ရခြင်း ရည်ရွယ်ချက်မှာ -

၁။ အချို့သော ပုဂ္ဂိုလ်များသည် တရားဘာဝနာကိစ္စကို လုံးဝ မသိရှိကြပါ။

၂။ အချို့သော ပုဂ္ဂိုလ်များသည် သိရှိ စိတ်ဝင်စားကြပါသော်လည်း အချိန်ပေး၍ တစ်သီးတစ်သန့် အားမထုတ်နိုင်ကြပါ။

၃။ အချို့သော ပုဂ္ဂိုလ်များသည် စိတ်ဝင်စား၍ အချိန်ပေး အားထုတ်နေကြသော်လည်း နည်းလမ်းကျကျ မှန်ကန်စွာ နားမလည်ကြပါ။

၎။ အချို့သောပုဂ္ဂိုလ်များသည်ကား အယူအဆ အတွေးအမြင်မှောက်မှား၍ “တရား” ဆိုလျှင် ဝေးဝေးကရှောင်၍ ရှား၍ နေကြပါသည်။

ဤသို့အားဖြင့် လေးမျိုးလေးစား ခွဲခြား၍ တွေ့ကြုံရသည်။

အမှတ် ၁ - အခြေအနေပါ ပုဂ္ဂိုလ်မျိုးသည် တရားဘာဝနာရူမှတ်ခြင်း၏ တန်ဖိုးနှင့် အကျိုးအာနိသင်ကို သိရှိနားလည်ခွင့်ရှိပါက ဤကျင့်စဉ်ကို မုချကျင့်ဆောင်လာမည်ဟု မိမိယုံကြည့်ပါသည်။

အမှတ် ၂ - အခြေအနေပါ ပုဂ္ဂိုလ်မျိုးသည် အကြောင်းအမျိုးမျိုးဖြင့် အချိန်မပေးနိုင်ကြသော်လည်း ဘာဝနာကျင့်စဉ်၏ အမှန်တကယ် လိုအပ်သော အချိန်နှင့် တန်ဖိုးများ သဘောပေါက်လာလျှင် လက်တွေ့ကျင့်ဆောင်လာမည်ဟု မိမိယုံကြည်ပါသည်။

အမှတ် ၃ - အခြေအနေပါ ပုဂ္ဂိုလ်မျိုးသည် မှန်ကန်သော နည်းလမ်းနှင့် တိကျသေချာသော ကျင့်စဉ်ကို ဧကန်အမှန်ကို သိရှိရလျှင် လမ်းမှန်နည်းမှန်သို့ ဒိဋ္ဌရောက်ရမည်ဟု မိမိယုံကြည်ပါသည်။

အမှတ် ၄ - အခြေအနေပါ ပုဂ္ဂိုလ်မျိုးသည်ကား အမြင်မှန် အယူမှန်သို့ ကြည်ကြည်လင်လင် မရောက်သရွေ့ တရားကျင့်စဉ်တို့နှင့် ဝေးကွာနေကြဦးမည် ဖြစ်ပါသည်။

ဤသို့တွေ့ကြုံရ ယုံကြည်ရသောကြောင့် မိမိ၏ကိုယ်တွေ့ ကျင့်ကြံကြိုးကုတ် အားထုတ်မူနှင့် စာတွေ့ ဗဟုသုတတို့ ပေါင်းစပ်ကာ ဤ ပိုစ့်ကို ရေးသားခြင်း ဖြစ်ပါသည်။

၁။ တရားဘာဝနာကိစ္စကို မနီးမစပ်မရင်းနှီးသောကြောင့် ခက်ခဲသည်ဟု ထင်မှတ်ကာ ဝေးကွာနေကြသူများ။

၂။ လောက ကိစ္စ လူမူရေးရာ စီးပွားရေးရာ စသည်တို့ဖြင့် မအားမလပ် အချိန်မပေးနိုင်ပါဟု ဆိုကြသူများ။

၃။ လူမူဒုက္ခအပေါင်း ဆုံးရကြုံရသဖြင့် စိတ်ညစ်ညူးကာ လွတ်လမ်း ထွက်ပေါက် ရှာကြံလိုကြသူများအတွက် အလွယ်ဆုံး၊ အရှင်းဆုံး၊ အတိုဆုံးနည်းလမ်းအားဖြင့် တရားဘာဝနာကို ကျင့်ကြံ ရူမှတ်နိုင်ရန် ညွှန်ပြပေးထားပါသည်။

ဤသို့ညွှန်ပြရာ၌ အသိဉာဏ်ရှိသော ထွက်သက် ၀င်သက်ရှိသူ လူအပေါင်းတို့အတွက် “ဆင်းရဲမူအားလုံး ကုန်ဆုံးရာ” သို့ ရည်ရွယ်ညွှန်ပြလိုသည်ဖြစ်ရာ လူမျိုး၊ ဘာသာ စသော အပိုင်းအခြားများ ကင်းလွတ်စေရန် တတ်နိုင်သမျှ ဘာသာစွဲ ၀ါဒစွဲများကို ရှောင်ကြဉ်၍ ရေးသားထားပါတယ်။

ငရုတ်သီးသည် ဘယ်သူစားစား ဘယ်အချိန်မှာစားစား ဘယ်နေရာမှာစားစား စပ်သည့်အရသာကို ကိုယ်တိုင် ခံစားရသကဲ့သို့ -

တရားဘာဝနာကျဉ့်စဉ်သည် ကျင့်သူတိုင်းအား အကျိုးအာနိသင်ကို ခံစားရစေသည်ဖြစ်ရာ လူမျိုးနှင့်ဘာသာ အယူဝါဒများကွဲပြားမူမှာ ဤကျင်စဉ်အား အတားအဆီး အကာအကွယ်တစ်ခုအသွင် မရှိစေလိုပါ။

လူမျိုးမရွေး ဘာသာမရွေး အသက်အရွယ်မရွေး သိတတ်နားလည်သောသူတိုင်း ဤကျင့်စဉ်တရားကို အားထုတ်ကျင့်ဆောင်နိုင်ကြပါသည်။ အားထုတ်ကျင့်ဆောင်၍ ခံစားရရှိစေချင်ပါသည်။

သို့သော် ဤကျင့်စဉ်နည်းလမ်းကို ဗုဒ္ဓဘာသာထေရ၀ါဒ အဆုံးအမတော်များမှ ထုတ်ယူ၍ ရေးသည်ကိုကား ပွင့်လင်းစွာ ၀န်ခံလိုပါသည်။

ဤကျင့်စဉ်ကို လက်တွေ့လိုက်နာကျင့်ဆောင်ရူမှတ်ခြင်းဖြင့် ရရှိခံစားကြရမည့် အကျိုးကို ကိုယ်တိုင်ကိုယ်ကျ သိရှိခံစားကြရမည် ဖြစ်သောကြောင့် အထူး မညွှန်းလိုတော့ပါ၊ အနည်းငယ်မျှ ဖော်ပြရလျှင် -

၁။ စိတ်တည်ငြိမ်းခြင်း။

၂။ မှတ်ဉာဏ်ကောင်းခြင်း။

၃။ ကိုယ်၊ စိတ် ပင်ပန်းနွမ်းလျမူများ ပြေပျောက်ခြင်း။

၎။ ကိုယ်၊ စိတ် ဆင်းရဲမူများဒဏ် ခံနိုင်ခြင်း။

၅။ ကောင်းသောအတွေးအမြင် ကြည်လင်ခြင်း။

၆။ ဖြောင့်မှန် တည့်မတ်သော ဆုံးဖြတ်ချက်ကို ပြုလုပ်နိုင်ခြင်း။

၇။ လေးနက်သော အယူဝါဒကို သိမြင်စွဲမြဲခြင်း စသည့် အကျိုးအာနိသင်များကို ရရှိမည်မှာ ဧကန်ဒိဋ္ဌိဖြစ်ပါသည်။

တစ်နာရီ၊ တစ်မိနစ်၊ တစ်စက္ကန့်စသော အချိန်ကာလ၏ တန်ဖိုးသည် လွန်စွာ ကြီးမားလှပါသည်။ တန်ဖိုးကြီးမားလှသော အချိန်ကို အကျိုးရှိစွာ လက်တွေ့အသုံးချတတ်ရန် ဤပိုစ့်လေးမှ ညွှန်ပြလိုက်ပါသည်။

အသုံးကျသော အရာတို့ကို အသုံးချတတ်ရန်လည်း အထူးလိုအပ်ပါသည်။

အို - မိတ်ဆွေ သင်၏ မအားလပ်ဖူးဆိုသော အချိန်ထဲမှ တစ်နေ့တာမှ (ငါးမိနစ်) မျှသော အချိန်ကာလကို လက်တွေ့ အသုံးချကြည့်စေချင်ပါသည်။
နိုးဆော်လင်္ကာ
ငါးမိနစ်မျှ ခဏချိန်တွင်၊
စိတ်ဝယ်စူးစိုက် ပြုလိုက်ပါလျှင်
ဘာဝနာမျိုး တနိဖိုးထင်ထင်၊
ညောင်စေ့ငယ်မှ ဖြစ်ရညောင်ပင်၊
ပမာထား ကြီးမားအာနိသင်။

ကျမ်းကိုး။ ။စက္ကန့် သုံးရာ ဘာဝနာ စာအုပ်မှ ကိုးကား ရေးသား ဖော်ပြထားပါသည်

Monday, 24 February 2014

ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးသမိုင်းဝင်မိန့်ခွန်းနှင့် ရုပ်ရှင်မင်းသမီးကြီးလှလှမိုး

ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးသမိုင်းဝင်မိန့်ခွန်းနှင့် ရုပ်ရှင်မင်းသမီးကြီးလှလှမိုး
***********************************************************

``ဒေါ်စုက အစ်မနဲ့ဟောပြောပွဲသွားမယ်၊ ညီမလေးတို့လိုက်မလားဆိုတော့ လိုက်ပါ့မယ်ဆိုပြီးလိုက်သွားတယ်။ အန်တီတို့ တရားဟောသွားဖို့စထွက်မယ် ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဆီဖုန်းဝင်လာတယ်။ ဖုန်းထဲကနေ ဒေါ်အောင်ဆန်းစုကြည်သွားပြီး တရားဟောမှာကို မသွားခိုင်းဘူး တား တယ်။ သွားရင် ဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုလည်း ဒေါ်အောင်ဆန်း စုကြည်က ကြိုက်တာလုပ် သွားမယ်လို့ပြောတယ်။ အဲဒီမှာ အန်တီတို့ နည်းနည်းတော့ လန့်သွားတာပေါ့။´´

(၁၉၈၈)ခုနှစ်အရေးအခင်းသည် မြန်မာနိုင်ငံတွင် ကျောင်းသား၊ ရဟန်း ရှင်လူပြည်သူလူထု တက်ြွကစွာပါဝင်လှုပ်ရှားခဲ့သည့် ဒီမိုကရေစီတိုက်ပွဲကြီး တစ်ခုပင်ဖြစ်သည်။ (၁၉၈၈)ခုနှစ်သည် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏သမီး ဒေါ်အောင်ဆန်းစုကြည် အမိမြန်မာ နိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် သမိုင်းဝင်နှစ်တစ်နှစ်လည်းဖြစ်ပေသည်။ (၁၉၈၈)ခုနှစ်အရေးအခင်းကြီးတွင် ဒီမိုကရေစီရရှိရေးအတွက် ဆန္ဒပြတိုက်ပွဲ ၀င်နေကြသည့် ရဟန်းရှင်လူကျောင်းသားပြည်သူအများအပြား အသက် သေဆုံးခဲ့ကြရသည်။ ယင်းသို့ ဒီမိုကရေစီရရှိရေးတိုက်ပွဲဝင်နေကြသူများကို (၁၉၈၈)ခုနှစ်၊ သြဂုတ်လ(၂၄)ရက်တွင် ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီ ရရှိရေးအတွက် စည်းလုံးညီညွတ်ကြရန် လွတ်လပ်ရေးဖခင်ကြီး၏သမီး တစ်ယောက်အနေဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး နှလုံးရောဂါကုဌာနအရှေ့ရှိ စာပေအနုပညာရှင်များ၏ စင်မြင့်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး သမိုင်းဝင်မိန့်ခွန်းပြောကြားခဲ့သည်။ ထိုသို့ ဒေါ်အောင်ဆန်းစုကြည်၏ ပထမ ဆုံးမိန့်ခွန်းပြောကြားချိန်တွင် သူမ၏ဘေး၌ အမျိုးသမီးအနုပညာရှင်နှစ်ဦး ကိုတွေ့ရှိရသည်။ ထိုအမျိုးသမီးနှစ်ဦးသည်ကား ရုပ်ရှင်သရုပ်ဆောင်များ ဖြစ်သည့် အကယ်ဒမီခင်သီတာထွန်းနှင့်လှလှမိုးတို့ဖြစ်ကြသည်။ သို့ဖြစ်၍ ထူးထူးခြားခြားမြင်တွေ့ရသည့် ရုပ်ရှင်သရုပ်ဆောင်မင်းသမီးကြီးနှစ်ဦးအနက် ရုပ်ရှင်သရုပ်ဆောင်လှလှမိုးနှင့် (၁၉၈၈)ခုနှစ်အရေးအခင်းအကြောင်းကို တွေ့ဆုံမေးမြန်းခဲ့သည်။

(၁၉၈၈)ခုနှစ်အရေးအခင်းတုန်းက ဒေါ်အောင်ဆန်းစုကြည် ရန်ကုန် ဆေးရုံကြီးမှာ ပထမဆုံးပြည်သူတွေကိုမိန့်ခွန်းပြောတော့ အန်တီက ဒေါ်အောင်ဆန်းစုကြည်ဘေးနားမှာပါတယ်လို့သိထားတယ်။ ဘယ်လိုဖြစ် ပြီးတော့ အန်တီ အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည်ဘေးနားမှာ ဘယ်လို လုပ်ပြီးရှိနေတာလဲ။

(၈၈)အရေးအခင်းဆိုတာ အန်တီတို့အတွက် တစ်ကယ့်ကိုမေ့မရနိုင်ပါဘူး။ (၈)ရက်၊ (၈)လ၊ (၁၉၈၈)ခုနှစ်ဆိုတာကို ဘယ်တော့မှမေ့လို့မရနိုင်ပါဘူး။ အန်တီတို့က သူများထက်ပိုပြီးမေ့လို့မရဘူး။ တစ်နိုင်ငံလုံးမှာ ဆန္ဒတွေပြကြ တော့ ရုပ်ရှင်ကောင်စီမှာ အနုပာာရှင်တွေကလည်း လှုပ်ရှားမယ်ပေါ့။ မြို့ထဲ ကိုသွားဖို့အတွက် အန်တီတို့က ဗဟန်း၊ ၀ကာင်္ပါလမ်းမှာရှိတဲ့ ရုပ်ရှင်ကောင်စီ မှာ စုကြမယ်လေ။ အန်တီက ဘောက်ထော်၊ ပြည်သာယာထဲမှာနေတော့ အန်တီနဲ့အကယ်ဒမီခင်သီတာထွန်းနဲ့က တစ်လမ်းတည်းနေတာလေ။ သူနဲ့ အန်တီအဖော်ရသွားပြီး ရုပ်ရှင်ကောင်စီကို သွားကြမယ်ပေါ့။ အဲဒီအချိန်မှာ အန်တီတို့နဲ့ တစ်လမ်းထဲမှာနေတဲ့ မင်းသားကြီးဦးထွန်းဝေက သူရဲ့ကားလေးနဲ့ ထွက်လာပြီး ဘယ်သွားကြမလို့လဲ သမီးတို့လို့မေးတော့ သမီးတို့ ရုပ်ရှင် ကောင်စီက ချီတက်လမ်းလျှောက်ပွဲကိုသွားမလို့ဆိုတော့ အဲ့ဒါဆိုရင် လေးလေး လိုက်ပို့ပေးမယ် တက်ဆိုပြီး သူ့ကားနဲ့ခေါ်တယ်။ တက်တဲ့အခါမှာ သမီးတို့ ချီတက်ဆန္ဒပြမယ်ဆိုရင် လေးလေးနဲ့လိုက်ခဲ့ပါတဲ့။ လေးလေး ခေါ်သွားမယ် ပေါ့နော်။ လေးလေးက ဘယ်ခေါ်သွားမလဲမေးတော့ လေးလေးက သမီး တို့ကို အမျိုးသမီးတစ်ယောက်ဆီခေါ်သွားမယ်။ ဟိုရောက်ရင် သမီးတို့သိမှာ ပါဆိုပြီး သူက ဘာမှမပြောဘဲခေါ်တော့ လေးလေးဦးထွန်းဝေနဲ့လိုက်သွား ကြတယ်။ လိုက်လည်းလိုက်သွားရော တက္ကသိုလ်ရိပ်သာလမ်းကိုရောက်တယ်။ အန်တီတို့များ ဘယ်လောက်တုံးလဲဆိုရင် ဒီအိမ်၊ ဒီခြံကြီးကိုမသိဘူး။ အဲဒီ ခြံကြီးထဲကိုဝင်သွားတယ်။ ၀င်သွားတဲ့အချိန်မှာ အထဲကိုရောက်တော့ လေးလေးဦးထွန်းဝေက အခု သမီးတို့ကိုခေါ်လာတာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်ခင်ကြည်အိမ်ပေါ့။ ဒီမှာ ဒေါ်အောင်ဆန်းစုကြည်ရောက်နေတယ်။ အဲဒီမှာ အန်တီတို့အံ့သြသွားတယ်။ အန်တီတို့ကိုတွေ့ပြီး မိတ်ဆက်ပေးမယ်လို့ လေးလေးဦးထွန်းဝေကပြောတယ်။ အန်တီရော၊ ခင်သီတာထွန်းရောပေါ့။ ရောက်လည်းရောက်ရော ဒေါ်အောင်ဆန်းစုကြည်က ထွက်လာတယ်။ ထွက် လာတဲ့အချိန်မှာ အန်တီတို့က အရမ်းအံ့သြသွားကြတာပေါ့နော်။ ဒေါ်စုက ပါတိတ်လေးနဲ့အကျီ်အဖြူလက်စကလေးနဲ့ အန်တီ့မျက်စိထဲမှာမှတ်မိနေသေး တယ်။ ဒေါ်စုက အရမ်းကိုချစ်စရာကောင်းတယ်။ လေးစားစရာကောင်းတယ်။ ဒေါ်စုက ထွက်လာတယ်။ သူ့အမျိုးသားမိုက်ကယ်လည်း ပါတယ်။ အန်တီတို့ ကို လေးလေးက မိတ်ဆက်ပေးတော့ သူရော၊ သူ့အမျိုးသားရော အန်တီ တို့ကိုဖက်ပြီးတော့ အနမ်းနဲ့နှုတ်ဆက်ကြတာပေါ့နော်။ အရမ်းလည်း ၀မ်းသာ သွားတယ်။ အရမ်းလည်း ကိုယ့်ကိုယ်ကိုယ် ပီတိဖြစ်တာပေါ့နော်။ ဗိုလ်ချုပ် အောင်ဆန်းနဲ့ဒေါ်ခင်ကြည်တို့ရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်ဆိုတာ အမည် ပဲ ကြားဖူးတာလေ။ အခုမှ လူကိုယ်တိုင်မြင်တွေ့လိုက်ရတာ။ အဲဒီမှာ ဒေါ်စုက အစ်မနဲ့ဟောပြောပွဲသွားမယ်၊ ညီမလေးတို့လိုက်မလားဆိုတော့ လိုက်ပါ့မယ်ဆိုပြီးလိုက်သွားတယ်။ အန်တီတို့ တရားဟောသွားဖို့စထွက်မယ် ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဆီဖုန်းဝင်လာတယ်။ ဖုန်းထဲကနေ ဒေါ်အောင်ဆန်းစုကြည်သွားပြီး တရားဟောမှာကို မသွားခိုင်းဘူး တား တယ်။ သွားရင် ဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုလည်း ဒေါ်အောင်ဆန်း စုကြည်က ကြိုက်တာလုပ် သွားမယ်လို့ပြောတယ်။ အဲဒီမှာ အန်တီတို့ နည်းနည်းတော့ လန့်သွားတာပေါ့။ ဒါပေမဲ့ ဒေါ်စုတောင် သတ္တိရှိသေးတာပဲ။ ငါတို့လည်းလုပ်မယ်ပေါ့။ ဒေါ်စုက ညီမလေးတို့ လိုက်ရဲလားဆိုတော့ အန်တီနဲ့ ခင်သီတာထွန်းက လိုက်ရဲတယ်ပေါ့။ အဲဒီမှာ သွားကြမယ်ဆိုပြီး သွားကြတယ်။ တားတဲ့လူတွေကလည်း တားကြတယ်။ တားတဲ့ကြားထဲက သွားကြတယ်။ သွားတဲ့အခါမှာ ဗိုလ်မှူးဦးသော်က၊ ရုပ်ရှင်ဘက်က ဦးအောင်လွင်တို့ပါတယ် ပေါ့။ အဲဒီမှာ အန်တီတို့က ဘာလဲဆိုရင် ခင်သီတာထွန်းက ဒေါ်အောင်ဆန်း စုကြည်ရဲ့ညာဘက်က၊ အန်တီက ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘယ်ဘက်က လက်တွဲပြီး လူအုပ်ကြီးထဲကိုလျှောက်ရတယ်။ ညာလက်ရုံးနဲ့ ဘယ်လက်ရုံး သဘောမျိုး သုံးယောက်တွဲလျှောက်တယ်။ ကားတွေက သွားလို့မရတော့ မြို့ထဲကို လမ်းလျှောက်ကြတယ်။ လမ်းတစ်လျှောက်မှာ စစ်တပ်ကလည်း အများကြီးပဲ သေနတ်တွေနဲ့။ လူတွေကလည်း ရုတ်ရုတ်သဲသဲပေါ့။ တစ်ကယ့် ကို အန်တီမမေ့နိုင်ဘူး။ အနိဌာရုံမြင်ကွင်းပေါ့။ အန်တီ တစ်သက်နဲ့တစ်ကိုယ် မကြုံဘူးတာ ကြုံရတယ်။ အဲဒီမှာ အံ့သြစရာက ဘေးနားက ပရိသတ် တွေက ဒေါ်အောင်ဆန်းစုကြည်ကိုသိပ်မသိကြဘူး။ ခင်သီတာထွန်းနဲ့အန်တီ ကိုပဲ ရုပ်ရှင်မင်းသမီးလို့သိထားတော့ ခင်သီတာထွန်း၊ လှလှမိုးဆိုပြီး လက်ခုပ် တီး သြဘာပေးကြတယ်။ အန်တီတို့နှစ်ယောက်ဦးဆောင်ပြီးတရားဟောမယ် လို့ ပရိသတ်ကထင်နေတာပေါ့။ အဲဒီမှာ ဒေါ်စုကို မသိကြဘူး။ ဒေါ်စုကလည်း သာမန်လိုပဲ ၀တ်စားထားတော့။ အဲဒီမှာ ဆေးရုံဝင်းကြီးထဲ ရောက်သွားတယ်။ ဘာစတိတ်မှမရှိဘူး။ တိုင်ကီပုံးပဲရှိတယ်။ တိုင်ကီပုံးအပျက်အဟောင်းကြီးလေ။ အဲ့ဒီအပေါ်တက်ရတယ်။ လူသုံးလေးယောက်ပဲတက်လို့ရတယ်။ ဗိုလ်မှူး သော်ကရယ်၊ ဒေါ်စုရယ်၊ အန်တီရယ်၊ ခင်သီတာထွန်းရယ် တက်တယ်။ ပရိသတ်တွေက အများကြီးပဲ။ အန်တီနဲ့ခင်သီတာထွန်း ဟောပြောပွဲလုပ်မယ် ဆိုပြီး လူတွေက မင်းသမီးတွေ တရားဟောမယ်ဆိုပြီး ပြေးလာကြည့်ကြ တာပေါ့။ စစ်သားတွေကလည်း အများကြီးပဲ။ ဆေးရုံကြီးထဲမှာ ရုတ်ရုတ်သဲ သဲနဲ့။ အဲ့ဒီမှာ ဗိုလ်မှူးသော်ကက ကြေညာတာ။ အခုပြောမယ့်သူကတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လို့ပဲပြောရသေးတယ်။ ပရိသတ်တွေက (ဟေး)လို့ အော်ကြပြီး ဗိုလ်ချုပ်အောင်ဆန်းလို့ပဲပြောရသေးတယ် သူတို့သိသွားကြတယ်။ ဒေါ်အောင်ဆန်းစုကြည်လို့လည်း ပြောလိုက်ရော ပရိသတ်က လုံးဝထိန်းလို့ ကို မရတော့ဘူး။ လက်ခုပ်သြဘာပေးတာ အန်တီတို့ ကြက်သီးတွေတောင် ဖြန်းဖြန်းထတယ်။ အားပေးလိုက်ကြတာ။ အဲဒီနေ့က ဒေါ်အောင်ဆန်းစုကြည် ဟောပြောတာလေ အရမ်းကောင်းတယ်။ ပြီးတော့ အန်တီတို့ပြန်လာကြတယ်။ ဒေါ်စုက အန်တီတို့ကို အရမ်းကျေးဇူးတင်တယ်လို့ပြောတယ်။

ရွှေတိဂုံဘုရားအနောက်ဘက်မုခ်မှာ ဒေါ်အောင်ဆန်းစုကြည် ဒုတိယအကြိမ် လူထုကိုဟောပြောတော့ရော အန်တီတို့ပါသေးလား။

နောက်တစ်နေ့မှာ ရွှေတိဂုံဘုရားမှာ ဆက်ပြီးဟောတယ်။ အဲ့ဒီနေ့က အန်တီတို့ကိုခေါ်တယ်။ ဒါပေမဲ့ အန်တီတို့က မသွားဖြစ်တော့ဘူး။ မသွားဖြစ် တော့ဘူးဆိုတာ အိမ်က အန်တီအမေကလည်း အမေဆိုတော့ လုံးဝမရဘူး ငိုယိုပြီးတော့ မသွားပါနဲ့သမီးရယ်ဆိုပြီးတားတယ်။ ရွှေတိဂုံဘုရားမှာ ဗုံးထောင် ထားတယ်တို့၊ ဘာတို့ သတင်းတွေက ထွက်နေတော့ ဒေါ်ခင်သီတာထွန်းအိမ် ကလည်း မလွှတ်ဘူး၊ အန်တီအိမ်ကလည်း မလွှတ်ဘူး။ အဲဒီနေ့က မသွား ဖြစ်လိုက်ဘူး။ အန်တီတို့က အရမ်းကိုသွားချင်နေတာကို မသွားလိုက်ရဘူး။

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ရန်ကုန်ဆေးရုံကြီးမှာ တရားဟောပြီး အန်တီတို့အိမ်ပြန်တော့ အပြန်လမ်းဖြောင့်ရဲ့လား။

အိမ်ပြန်တော့ အေးအေးဆေးဆေးပါပဲ။ ဘာမှတော့ မပြောပါဘူး။ အန်တီတို့ကလည်း ကြောက်မှာမဟုတ်ဘူး။ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်လုပ်ခဲ့ တာလေ။

ဒေါ်အောင်ဆန်းစုကြည်တရားဟောဖို့လိုက်သွားတဲ့အချိန်မှာရော အန်တီတို့စိတ်ထဲမှာ ဘယ်လိုခံယူချက်တွေမွေးထားလဲ။

အန်တီကတော့ သေမထူး၊ နေမထူးပါဘဲ။ အလုပ်တစ်ခုကို လုပ်မယ် ဆိုမှတော့ နောက်မဆုတ်တော့ဘူးလေ။ ဒေါ်အောင်ဆန်းစုကြည်နဲ့သွားရတယ် ဆိုတာ အဲဒီအချိန်မှာတော့ သက်စွန့်ဆံဖျားပဲပေါ့။ ကိုယ့်ကိုယ်ကိုယ် သေလည်း သေပါစေ မထူးဘူးဆိုပြီး မှတ်ထားတယ်။ သူတို့သေနတ်နဲ့ ပစ်လည်းပစ် ပေါ့နော်။ ဘ၀မှာ တစ်ခါပဲပေါ့။ သေလည်း ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအတွက် ပဲပေါ့လို့ ခံယူထားတယ်။ အဖေ့သွေးနည်းနည်းပါတယ်လို့ပဲပြောရမယ်။ အဲဒီ အချိန်မှာတော့ မကြောက်တော့ဘူး။

အန်တီရဲ့အဖေကလည်း မော်ကွန်းဝင်ပထမအဆင့်ပဲနော်။

မော်ကွန်းဝင်ပထမအဆင့် သီဟသူရဗိုလ်ရဲချစ်၊ ဦးနေ၀င်းလက်ထက် ကလေ။ နောက်ပိုင်းထွက်လိုက်တာ။ အန်တီအဖေက မင်းဒင်တောင်တိုက်ပွဲ မှာ သီဟသူရဘွဲ့ရတာလေ။ ဦးသန့်အရေးအခင်းတုန်းကလည်း ထိန်းသိမ်းခံခဲ့ရ တယ်။ အန်တီအဖေက ခဏခဏထိန်းသိမ်းခံရတယ်။ ထောင်(၈)နှစ် တစ်ခါ ကျတယ်။ လေးငါးခါ ထိန်းသိမ်းခံခဲ့ရတယ်။ အဖေက တစ်ချိန်လုံးထိန်းသိမ်း ခံနေရတော့ အန်တီတို့မိသားစုက ငယ်ငယ်ကတည်းက ကိုယ့်ဘ၀ကိုယ် ရုန်းကန်လာရတယ်။ တစ်ခါဆို အဖေတင်မဟုတ်ဘူး။ အမေ့ကိုပါ ဆွဲတယ်။ အဲဒီဟာတွေကို (၈၈)မှာ အန်တီက ခံစားချက်ပိုပြင်းသွားတာပေါ့။ မကြောက် လည်းမကြောက်တော့ဘူးလေ။ ကိုယ့်မှာခံစားချက်က ရှိတယ်လေ။ (၈၈)တုန်း ကတော့ သေလည်းသေပါစေပေါ့။ အန်တီတို့ကို ဘယ်သူမှ ဆန္ဒပြတာမှာပါဖို့ မစည်းရုံးဘူး။ ကိုယ့်ခံစားချက်၊ ကိုယ့်အသိစိတ်နဲ့ကိုယ်လုပ်ကြတာ၊ ကံကောင်း လို့ မသေတာ။ နိုင်ငံခြားဆိုတာ ခဏတစ်ဖြုတ်ပဲ စိတ်ပြေလက်ပျောက်သွား တာ။

(၈၈)အရေးအခင်းပြီးနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ပြန် တွေ့ဖြစ်သေးလား။

(၈၈)အရေးအခင်းနောက်ပိုင်းက ဟိုတစ်လောကမှတွေ့တာ။ ဒေါ်စုနဲ့ တွေ့ချင်တယ်။ တွေ့ချင်ပေမယ့်လည်း အခြေအနေက မပေးခဲ့ဘူး။ ဟိုတစ်လောက ရုပ်ရှင်လောကသားတွေနဲ့တွေ့တော့ (၈၈)တုန်းက ဓာတ်ပုံ လေးကိုပြပြီး မှတ်မိသေးလားမေးတော့ ဒေါ်စုက အရမ်းဦးနှောက်ကောင်းတယ်။ လုံးဝ အန်တီကို ဒေါ်စုကမှတ်မိတယ်။ ညီမလေးရယ် ဘယ်မေ့လို့ရမှာလဲ သိတာပေါ့တဲ့၊ နည်းနည်းဝလာတယ်နော်တဲ့။ အန်တီက ဟိုတုန်းက ပိန်ပိန် လေးလေ။ အန်တီက ဟုတ်တယ် မမ ၀လာတယ်လို့ မမကတော့ ဒီအတိုင်း ပဲနော်လို့ပြောတော့ ဒေါ်စုက မမ အသက်ကြီးသွားပါပြီ၊ အိုသွားပါပြီလို့ပြော တယ်။ ဒေါ်စုနဲ့အမှတ်တရပြန်တွေ့တာပေါ့။ အဲဒီနောက်တော့ ရုပ်ရှင်ပွဲတော် မှာ တစ်ခါတွေ့တယ်။ ဒေါ်စုကို ချီးကျူးတယ်။ အမြဲတမ်း အားပေးကူညီချင် တယ်။ ဒေါ်စုကျန်းမာပါစေလို့ အမြဲဆုတောင်းပေးတယ်။ ဒေါ်စု နိုင်ငံတကာ ကဆုတွေရတာကို အရမ်းဂုဏ်ယူတယ်။ ဒေါ်စုရဲ့လုပ်ရပ်တွေကို အားပေးတယ်၊ ချီးကျူးတယ်။ အဝေးကနေပြီး မေတျာပို့ဆုတောင်းပေးနေတယ်။

အန်တီ အခုနောက်ပိုင်းတော့ နိုင်ငံရေးမလုပ်တော့သလိုပဲ။

နိုင်ငံရေးက မလုပ်ဖြစ်တော့ဘူး။ အဖေ့အတွက် ဘုရား၊ တရား လုပ်ပေးရင်း ကိုယ်လည်း ဘုရား၊ တရားပဲ လုပ်ဖြစ်သွားတာ။ ဘုရား၊ တရားလုပ်တော့ စိတ်အေးချမ်းတည်ငြိမ်တယ်။ နိုင်ငံရေးက နောက်ပိုင်း မလုပ်တော့ဘူး။ ဘုရား၊ တရားနဲ့ပဲ ဖြေတယ်။ (၈၈)အရေးအခင်းမျိုးလို ထပ်ပြီးမဖြစ်စေချင်တော့ဘူး၊ ကြုံလည်းမကြုံချင်တော့ဘူး။ တိုင်းပြည်ကို ငြိမ်းချမ်းစေချင်တယ်။ နောက်လူအားလုံးကို ငြိမ်းငြိမ်းချမ်းချမ်းလေးရှိစေ ချင်တယ်။ ဘုရားမှာလည်း ဆုတောင်းပါတယ်။

(၈၈)အရေးအခင်းပြီးတော့ အန်တီ နိုင်ငံခြားထွက်သွားသေးတယ် နော်။

အမေရိက သွားလိုက်တယ်။ (၁၀)နှစ်လောက် သွားလိုက်၊ ပြန်လိုက် ပေါ့။ (၁၉၉၃)ခုနှစ်က အင်္ဂလန်သွားတယ်။ (၁၉၉၄)ခုနှစ်မှာ ထိုင်းတို့ဘာတို့ သွားတယ်။ (၁၉၉၈)ခုနှစ်ကနေ(၂၀၀၅)ခုနှစ်အထိက အမေရိကပေါ့။ (၈၈) အရေးအခင်းကြောင့်တော့ နိုင်ငံခြားထွက်တာမဟုတ်ဘူး။ စိတ်ပြေလက်ပျောက် သွားတာ။ အန်တီ နိုင်ငံခြားမှာ နိုင်ငံရေးခိုလှုံခွင့်တောင်းပြီးနေလို့ရတယ်။ ဒါပေမဲ့ အန်တီမလုပ်ဘူး။ ဘာလို့မလုပ်လဲဆိုရင် ကိုယ့်မြန်မာပြည်မှာ ကိုယ့် အဖေ၊ အမေ၊ ညီအစ်ကိုမောင်နှမတွေရှိသေးတယ်လေ။ ပြီးတော့ ကိုယ့် မြန်မာပြည်ပဲကိုယ်ချစ်တယ်လေ။

အန်တီအနေနဲ့ ဒေါ်စုရဲ့ NLD ပါတီမှာရော ပါတီဝင်ထားလား။

NLD ပါတီတော့ မ၀င်ထားပါဘူး။ ဘယ်အဖွဲ့အစည်းမှတော့ မ၀င်ဖြစ် ဘူး။ အခု ကားရိုက်တယ်။ ဘုရား၊ တရားတွေလုပ်တယ်။ ဘာသာရေးနဲ့ ပတ်သက်တာတွေပဲလုပ်ဖြစ်တယ်။ အန်တီရဲ့ညီမတွေတော့ ပါတီလုပ်ကြ တယ်။ အန်တီကတော့ ဟိုဒီသွားလာနေတော့လည်း မလုပ်ဖြစ်တော့ဘူး။

အခုလက်ရှိတော့ အန်တီ အနုပညာအလုပ်တွေပဲပြန်လုပ်နေတာပေါ့ နော်။

အခုနောက်ပိုင်း အနုပညာအလုပ်တွေပဲ ပြန်လုပ်နေတယ်လေ။ တခြား အလုပ်တွေလုပ်လည်းမလုပ်ချင်ဘူး။ လုပ်လည်း မလုပ်တတ်ဘူး။ ဒီအနုပညာ ကိုပဲချစ်တယ်။ အနုပညာအလုပ်ပဲ ပြန်လုပ်တယ်။ နိုင်ငံခြားကတော့ သွားရင် အလည်ပဲပေါ့။ အခုတော့ ဘုရား၊ တရားနဲ့ ကောင်းမှုကုသိုလ်ပရဟိတလုပ်ငန်း တွေလုပ်တယ်။ အမေရိကန်တို့၊ အင်္ဂလန်တို့က အန်တီတို့ဆရာတော်ကြီးတွေ ရဲ့ သာသနာပြုလုပ်ငန်းတွေမှာပါဝင်ပြီးလုပ်နေတယ်။

အခုလိုဖြေကြားပေးတဲ့အန်တီ့ကို အထူးကျေးဖူးတင်ပါတယ်။

စောဖိုးခွားမေးမြန်းသည်။

(၂၀၁၃)ခုနှစ် သြဂုတ်လ ကထုတ်ဝေခဲ့သော မော်နီတာ သတင်းဂျာနယ်၏ (၈)လေးလုံး အရေးတော်ပုံ ငွေရတုပြည့်နှစ်ပတ်လည် အထူးထုတ် မှတ်တမ်းတွင် ဖော်ပြပြီး။

photo.(၈၈)နောက်ပိုင်းရုပ်ရှင်မင်းသမီးကြီးလှလှမိုး၊ ဒေါ်အောင်ဆန်းစုကြည်ကို့ပြန်လည်တွေ့ခွင့်ရခဲ့စဉ်အမှတ်တရ။


Sunday, 23 February 2014

http://www.youtube.com/watch?feature=player_embedded&v=A1hlBFdP89E

လင်မယားဆိုတာ

လင်မယားဆိုတာ
==========

တစ်ခါတော့ လင်မယားနှစ်ယောက်ဟာ အိမ်ထောင်သက် ၁၁ နှစ်ကြာတော့မှ ကလေးတစ်ယောက်ရသတဲ့။ အဲဒိကလေးကို ဖအေရော မအေရော အရမ်းချစ်တာပေါ့။ အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်သတဲ့။ ကလေးလေး အသက် ၂နှစ်လောက်ရောက်လာရော တစ်နေ့တော့ အဖေကသူသောက်လက်စဆေးသောက်ပြီးတော့ ဆေးဘူးကိုမပိတ်တော့ဘဲ ရုံးနောက်ကျနေပြီဆိုပြီးတော့ သူ့မိန်းမကို ဆေးဘူးပိတ်လိုက်တော့ ဆိုပြီးတော့ ပြောခဲ့သတဲ့။

သူ့မိန်းမကလဲမီးဖိုချောင်ထဲမှာအလုပ်များနေပြီးတော့ နောက်မှထွက်ပိတ်မယ်ဆိုပြီးတော့ လုပ်လက်စအလုပ်တွေ ဆက်လုပ်နေတယ်။ အဲဒီအချိန်မှာပဲ ကလေးလေးဟာ ဆေးဘူးကို မှောက်ချပြိးတော့ ဆော့ကစားတယ်။ ပြီးတော့ အရောင်စုံတဲ့ ဆေးလေးတွေကို သောက်ချလိုက်ပါတယ်။ တစ်ဘူးလုံးလိုလိုပါပဲ။ တကယ်တော့ အဲဒီဆေးတွေဟာ အရမ်းပြင်းတဲ့ ပဋိဇီဝ ဆေးတွေပါ။ လူကြီးတွေတောင်မှ နဲနဲပဲသောက်ရတဲ့ ဆေးတွေပါ။ သူ့အမေက ကလေးကို တွေ့တွေ့ချင်း ဆေးရုံကိုပို့တာပေါ့ သိပ်မကြာပါဘူးကလေးဟာ ဆေးလွန်တဲ့ ဝေဒနာကြောင့် သေဆုံးသွားပါတယ်။

အမေခမြာ ကလေးသေတာက တစ်ဖက် သူ့ယောက်ျားကို ဘယ်လိုမျက်နှာပြရမလဲ ဆိုတာကတစ်ဖက်ပေါ့။ သူ့ယောက်ျားများ ပြန်လာရင် သူ့ကို သတ်မလားပဲ စိုးရိမ်နေတာပေါ့။ သိပ်မကြာဘူး သူ့ယောက်ျားရောက်လာတယ်။ ကလေးသေကိုကြည့်လိုက် သူ့မိန်းမကို ကြည့်လိုက်နဲ့ နောက်တော့ သူ့မိန်းမကို ဖက်လိုက်တယ်။ " သိပ်မငိုပါနဲ့ကွာ တိတ်တိတ် " လို့ပြောတယ်။ သူ့မိန်းမလဲ အရမ်းအံ့သြသွားတယ်။ သူ့ကို ဘာကြောင့် မဆူမပူတာလဲပေါ့။သူတို့နှစ်ယောက်ရဲ့အဖြစ်ကိုဆရာဝန်တစ်ယောက်ကမြင်သွားတယ်။အဲဒီလင်မယားအပြန်မှာ ယောက်ျားဖြစ်သူကို ခေါ်ပြီးတော့ " ခင်ဗျားဗျာ သွေးအေးလှချည်လား ကိုယ့်ကလေးသေတာတောင် " လို့ပြောသတဲ့။ထိုယောက်ျားက

"ဆရာရယ် တကယ်တမ်းမှားတာက ကျုပ်။ ကျွန်တော် ဒီဆေးဘူးလေးကို ပိတ်လိုက်ရင် တစ်မိနစ်မကြာပေမယ့် ကျွန်တော်သူ့ကို သွားခိုင်းခဲ့မိတယ်။

သူက အမေလေ၊ သားသမီးတစ်ယောက်သေဆုံးရင် အမေတွေ ပိုစိတ်ထိခိုက်မယ်ဆိုတာ ကျွန်တော်နားလည်တယ်။ ကျွန်တော်တောင် ဒီလောက်စိတ်ထိခိုက်နေရင် သူ့ရင်ထဲမှာ ဘယ်လိုများနေမလဲ ၊ ကျွန်တော်သူ့ကိုအပြစ်တင်လိုက်ရင်သူ့ကိုပိုပြီးတော့ နှိပ်စက်ရာကျမှပေါ့ဗျာ"

ဆရာဝန်လဲ ဘာမှမပြောတော့ဘူး။ လင်မယားနှစ်ယောက်လဲ ပြန်သွားကြတယ်။ တစ်ယောက်ပုခုံးတစ်ယောက် ဖက်ရင်းနဲ့ပေါ့။

မောင်စိုင်း(kanaung)

လေးစားအတုယူ စရာမို့ ရှယ်လိုက်ပါသည်

'' ဟဲ့ သား ..ငပေါက် ဟိုမှာ ကြည့်လိုက်စမ်း...ပေးချင်စရာ မကောင်းဘူး လား...သူများတွေလို ဒီအတိုင်းတောင်း တာထက်စာရင် ...သူလုပ်နိုင်တာ ..လေး ကို သူ ဝင်လုပ်ပြီး ကုသိုလ်ယူ တယ်...တွေ့ လား တဲ့...''

မန္ထလေးတောင် ..စွယ်တော်တိုက်.ဘုရား အတက် လှေကားမှာ..အမေ မေးငေါ့ပြတဲ့ နေရာကြည့် လိုက်တော့ ဟုတ်တယ်...
အသက်၆၀ ပတ်ဝန်းကျင် ..အဘ တယောက်.. သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်... တိုက်ပုံလေးနဲ့ ပုဆိုးနဲ့...ဦးထုတ်လေးနဲ့... ပဲ..

ဂရုဏာသက်ဖို့ ကောင်းတာ ..အဲ့အဘက.. ခြေနှစ်ဖက် လက်တဖက် မရှိရှာတော့ ဘူး...
ဒါပေမယ့် သူ့စိတ်ဓာတ် ကမွန်မြတ် တယ် ဘုရားလှေကားကို သူ ကောင်းသေးတဲ့လက်တဖက် နဲ့ ကြမ်းတိုက်ပေး နေရှာတယ်... တင်ပါးအောက်က အဝတ်နဲ့လဲ ပွတ်တယ်.. အလကား ဟန်ပြမဟုတ်ဖူးနော်...တကယ်တိုက်နေတာ.သူ့ခမြာ ပြုံး ပြုံး ..ပြုံး ပြုံး နဲ့ တိုက်နေရှာတာ
ဘုရားစောင်းတန်း က ကြွေပြား အဖြူ လေး တွေ ဆိုပြောင်နေတာပဲ...

သူ အလျှူခံတဲ့ နေရာ လေးတင်မဟုတ်ဖူး ဗျ ..ကျနော်ကြည့်နေတာ...အပေါ်လည်း တက် ပြီး တိုက်တယ်..
အောက်အဆင့်တွေ လည်း သူ့နည်း သူ့ဟန်နဲ့ ဆင်းပြီးတိုက်တယ်ခင်ဗျား...တကယ့် အဘ ပါပဲ...

အမေကသူ့ကို၅၀၀ လားမသိဘူး လျှူ ခဲ့တယ်....
စဉ်းစားကြည့် တခြား အလျှူ ခံ တွေဆို သူ့လို သုံးဖက်မပြော နဲ့တဖက်လောက်ပြတ်တာနဲ့ တင် ဘာမှ မလုပ်ပဲ..တောင်းကောင်း နေပြီ လေ..

ငပေါက်တို့အခု အဘ လို့ တခုခု ဖြစ်ပြီး ခြေလက်.၃ ဖက် ပြတ်ကြည့်ပါ့လား...အိပ်ယာထဲလဲ တသက်လုံး.စိတ်ဓာတ်ကျဘာမှ မလုပ်ပဲ ..စောစောသေ သွားမှာ..

အဲဒီ အဘစိတ် ဓာတ်က ..အလျှူခံ တစ် ယောက် ထက် အများကြီးကောင်း လွန်း နေတယ် ဗျာ...အများကြီး ဖြူစင်မွန်မြတ် နေတယ် ..

အဘခြေတွေ လက်တွေဘယ်လို ဆုံးရှုံး ခဲ့ ရလည်း ကျွန်တော်မမေး ရက်လို့ မမေးတော့ပါ ဘူး...စစ်ပွဲ လား ဗုံးလား ရထားကြိတ်တာ လားတခုခု နေမှာပါလေ...

သူ့ကို ကြည့်ပြီး.. ကိုယ့်ကိုယ်ကို တောင်ရှက်မိ ပါတယ်...

တခါတလေ လူတွေက ..ငါမှာ ဒီဟာ မှမရှိ တာ ..ဟိုဟာမှမရှိတာ...ငါက ဟွာမတတ်ဘူး...
သိတယ်မလား... ခြေတွေလက်တွေ မှ မဟုတ်ဖူး..အသိပညာ အတတ်ပညာ..အရည်အချင်း...ကအစ..ကိုယ့်မှာ မရှိတာ. မလုပ်တတ်တာ.ပဲတွေးမိနေတာ..လေ အာ့ နဲ့ပဲ... ဘာမှ ဟုတ်တိပတ်တိ ဝင်မလုပ်ဖြစ်ဖူး...လောကမှာ...

ကျွန်တော် တို့တွေ က ကိုယ့်မှာ ဘာမရှိဘူး...ဘာမလုပ်တတ်သေးဘူး..ဆိုတာပဲ တွေးနေကြတာ...အဲဒီနေရာမှာပဲ ကိုယ့်အတွေး နဲ့ကိုယ် ..ပိတ်မိနေကြတာ

တကယ်တော့ အဘ လိုမျိုး..ကိုယ့်မှာ ဘာရှိလဲ ..ဘာလုပ်ပေးနိုင်သလဲ..ရှိတာလေး နဲ့.. ကိုယ်တတ်နိုင်တာ လေး လောက ကို လုပ်ပေး နေနိုင်တာ ကိုက အတော် တာသွား နေပြီ ဗျ.. ..

ဒါကြောင့် လူတွေအားလုံးလဲ အဘလိုပဲ...ကိုယ့်ရှိတဲ့ ကိုယ်ခန္ခာ ..ကိုယ်တတ်တဲ့ အသိပညာ အတတ်ပညာ လေးနဲ့...

ပထမ ကိုယ့်ကိုယ်ကို အကျိုးပြုနိုင်အောင် ..ဒုတိယ ကိုယ့်မိသားစု အသိုင်းအဝိုင်း ..
နောက်မှ..ကိုယ့်ပတ်ဝန်းကျင်တခု လုံး...

ကြီးကြီးကျယ်ကျယ် ပြောရ ရင် လောက ကြီး ကို ..တတ်သမျှ ရှိသမျှ နဲ့ အလှဆင်နိုင်သူ..အကျိုး ပြုနိုင်သူ တွေ များ ဖြစ်ကြရင် ဘယ်လောက် ကောင်းမလဲ လို့ ...တွေးမိရင်း...

မောင်ပေါက် ..
(အဘ ပုံကို ခွင့်မတောင်း ပဲခိုးရိုက်ခဲ့မိသည်...သူရှက်သွားမည်စိုးသဖြင့် မျက်မှာပေါ်အောင်မရိုက်နိုင်ခဲ့ပါ.. သာဓုသာဓု သာဓု ပါအဘ...

၈၈- ကိုမြအေးနဲ့ ဦးကိုနီ တို့ ဖေါက်ပြန်ပြီ ဆိုရင်ကျနော်တို့ကိုပြောပါ

၈၈- ကိုမြအေးနဲ့ ဦးကိုနီ တို့ ဖေါက်ပြန်ပြီ ဆိုရင်ကျနော်တို့ကိုပြောပါ (သို့ ) ကိုမြအေး ဦးကို
နီ တို့ တကယ်တိုင်းပြည်နဲ့လူထုအပေါ်ကိုသစ္စာရှိတယ်ဆိုတာသိလာရင် အခြားရဟန်းများကိုပြော
ပေးပါ ..
********************************************************************
ဗုဒ္ဓအရေတော် လို့ သမုတ်ပြီးခေါ်ဝေါ်တဲ့ သင်္ကန်းဝတ် ပြီး "လိမ်" ပြော တာလောက် ရွံ့စရာ
ကောင်းတာ မရှိပါဘူး၊ ကိုမြအေးသမီး ဝေနှင်းပွင့်သုန် အင်္ဂလန် မှာရိုဟင်ဂျာကို လှုံ့ဆော်တဲ့ကာလ
မှာ ကိုမြအေးဟာ ထောင်ထဲမှာပါ၊ ဘာမှမသိရှာပါဘူး...
ကိုမြအေးဟာ ဟိုး နယ်စွန်နယ်ဖျားထောင်ထဲမှာရောက်နေတာပါ..

ကိုမြအေး ထောင်ကထွက်လာလာချင်းမိတ်ဆွေရင်းတွေကပြောပြလို့ကိုမြအေးဟာသူ့သမီး
အကြောင်းကိုသိတာနဲ့ချက်ခြင်းပဲ ဖုန်းဆက်ပြီး အင်္ဂလန်ရောက် သူ့သမီးကို မေးမြန်းခဲ့၊တားမြစ်ခဲ့တာပါ။

အဲဒီနောက်ပိုင်းက စပြီး ကိုမြအေးသမီးနိုင်ငံရေးလှုပ်ရှားမှု့ဇတ်ခုံပေါ်မှာမတွေ့မမြင်ရတော့ပါဘူး။

ဒါကို တမင်မသိဟန်ဆောင်ပြီး ကိုမြအေးက သူ့သမီးကို မြှောက်ပေးတယ်၊ မပြောဘူးဆိုတာကတော့
လိမ် တာ ..သို့...မသိဟန်ဆောင်တာပဲ ဖြစ်ပါလိမ့်မယ်၊ ကိုမြအေး ဘယ်လို ပြောသလဲ သိချင်ရင်
ကိုမြအေးထောင်က ထွက်လာပြီး ဖုန်းနဲ့မေးမြန်းခဲ့တာကို ဧရာဝတီ က ၀က်ဆိုက်ဒ် စာမျက်နှာမှာဖေါ်ပြခဲ့ဘူးပါတယ်၊

နောက်တခု ...ဘာသာခြား၊ လူမျိုးခြားလို့ အတင်းစွပ်ဆွဲကာ ကိုမြအေးနဲ့ ဦးကိုနီကို စာပေဟောပြောပွဲမှာမပြောရဘူး၊ မဟောရဘူးဆိုကာ ပြင်းပြင်းထန်ထန် ကန့်ကွက်တဲ့ ဦးစန္ဒာသီရိ ဆိုတဲ့ ဦးဇင်းကို မေးချင်ပါတယ်.....

* မိမိကိုယ်တိုင်တကယ်ပဲ ရိုးသားပါရဲ့လား ..?

* မိမိကိုယ်တိုင် တကယ်ပဲ လူမျိုးဘာသာကိုတကယ်ချစ်ရဲ့လား ..? ဆိုတာကိုမေးချင်ပါတယ်၊

ဘာသာခြားလူမျိုးခြားမို့ မဟောပြောရဘူး လို့ ကန်ကွက်ရိုးမှန်ရင် ...

* မသီတာ ( စမ်းချောင်း ) သည် ဗုဒ္ဓဘာသာ ကိုးကွယ်သူဆရာဝန်တယောက် ဖြစ်ပါလျှက် ..အဘယ်ကြောင့် ကန့်ကွက်ပါသနည်း ...?

ဒါကို ... သင်္ကန်းဝတ်ဘုန်းကြီးတပါး ပြောဆိုတာကတော့ .. မသီတာ (စမ်းချောင်း ) သည်
အခမဲ့ မူစလင်ဆေးရုံ တွင် ၀င်ရောက် ဆေးကုပေးနေလို့ ဆို ပြန်ပါတယ်၊ ..
နိုင်ငံရေးနဲ့ ပတ်သက်ခဲ့ဖူးတဲ့ မည်သည့်ဆရာဝန် မှ အစိုးရဆေးရုံဆေးခန်းမှာ ဆေးကုခွင့်မပေး၊
ဆေးကုသခွင့် ဆမ လိုင်စင် တောင် ရုပ်သိမ်းသည်အထိ စစ်အစိုးရကနေ ယနေ့ထိကန့်သတ်ထား
ဆဲဆိုတာကို သိပါသလား ဟု..မေးမြန်းခဲ့ပါမူ မည်သို့ ဖြေမည်နည်း..?

ဒါကို ကြည့်ခြင်းအားဖြင့် မျိုးချစ်အမည်ခံ အရည်းကြီး သင်္ကန်းဝတ် ဘုန်းကြီးများဟာ ဘာသာရေး၊
လူမျိုးရေးကို လိုသလို ခေါင်းစဉ်တပ်ပြီး ပါတီတခု လူတစု ကြိုးဆွဲ ရာကို ဘာမှန်းမသိ နထ္ထိအသိ
နဲ့ လုပ်နေတဲ့ အရည်းကြီးသင်္ကန်းဝတ်တွေမှန်း မျက်နှာဖုံး ကွာကျ လာတာကို ရှင်းရှင်းလင်းလင်း
မြင်တွေ့ရပါတော့တယ်၊
ဘာသာမတူ ၊လူမျိုးမတူတာနဲ့ ခွဲခြားသင့်ပါရဲ့လား..? ဗုဒ္ဓမြတ်စွာဘုရားဟောကြားထားသည့် တရား
တော် ရဲ့ အနှစ်ချုပ်ကို သိပါရဲ့လား..သေသေချာချာနားလည်ပါရဲ့လား ..?
တကယ်နားလည်သဘောပေါက်ခဲ့ပြီဆိုရင် သင်္ကန်းဝတ် အရည်းကြီးဘ၀ကနေ ရုန်းထွက်ပြီး အတု
မရှိ ဗုဒ္ဓမြတ်စွာဘုရားရဲ့ အလယ်အလတ်လမ်းစဉ်ကို မှန်မှန်ကန်ကန်ကျင့်ကြံအားထုတ်နိုင်သော
တကဲ့ ဗုဒ္ဓသာသနာပြု ရဟန်းကောင်းရဟန်းမြတ် ဖြစ်အောင် အားထုတ်နိုင်ပါစေလို့ တပည့်တော်
မွန်မြတ်သော စိတ်ဆန္ဒဖြင့်တိုက်တွန်းလိုက်ရပါတယ်၊

(မှတ်ချက်)..
တကယ်ပဲ ကိုမြအေး၊ ဦးကိုနီ တို့သည် တိုင်းပြည်နှင့်လူမျိုးအပေါ်ကို ၄င်းတို့ကိုးကွယ်ယုံကြည်
သော ဘာသာရေးအရ "ဘက်" လိုက်သည်မှန်ပါက တပည့်တော်တို့ ကိုယ်တိုင် ဦးဇင်းတို့မပြောခင်
အရင်ဆုံး ဦးအောင် ရှုံ့ချ ကန့်ကွက်မည်ဖြစ်ကြောင်းကိုလဲပြောကြားလိုပါတယ်၊

သို့မဟုတ်ပဲ..ထိုနှစ်ဦးသည်တိုင်းပြည်နှင့်လူမျိုးအပေါ်ကို ဖြူစင်သောစိတ်ဓါတ်များဖြင့်လုပ်ဆောင်နေသမျှကာလပတ်လုံးထိုပုဂ္ဂိုလ် နှစ်ဦးအားတပည့်တော်တို့ သေသည်အထိ ထောက်ခံနေမည်ဖြစ်ပါ
ကြောင်းထပ်ဆင့်အသိပေးလိုက်ပါတယ်၊



မှင်နီဝိုင်းပြထားသူမှာဦးစန္ဒာသီရိ ဖြစ်ပြီ..ဒီဖက်ကကိုယ်တော်ကတော့ ဦးဝီရသူဖြစ်ပါတယ်၊

ကျနော်ဖီလော်ဆိုဖာမောင်မြသာ

Wednesday, 19 February 2014

မသီတာ (စမ်းချောင်း) ၏ ဖြေကြားချက်

မသီတာ (စမ်းချောင်း) ၏ ဖြေကြားချက်
=====================
“ အခုဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ပြောရရင် တစုတဖွဲ့က

ရည်ရွယ်ချက်ရှိရှိနဲ့ တိုင်းပြည် တည်ငြိမ်အေးချမ်းမှု မရှိအောင်

လုပ်နေတာလို့ ပြောရမှာပဲ။ နောက်တပိုင်းက ပညာရည် နိမ့်ကျမှုပေါ့။

တသက်လုံး Isolate (အထီးကျန်) ဖြစ်နေတာကနေ ကမ္ဘာကြီးနဲ့

အဆက်အသွယ် ပြတ်နေတယ်။ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်နဲ့

ဒီမိုကရေစီရဲ့ အခြေခံသဘောတရားတွေကို မျက်ခြေပြတ်နေရတဲ့ လူထုက

ပညာရည်နိမ့်ကျမှုကြောင့် တခုခုဆိုလို့ရှိရင် ကိုယ့်ရဲ့စိတ်ခံစားချက်ကို

ဦးစားပေးတယ်။ ပြောင်းလဲ ပြုပြင်လို့ မရတဲ့အရာတွေကို ပိုပြီးတော့

တန်ဖိုးထားနေကြတယ်။ အဲဒီပြဿသနာတွေက အရင်းခံတယ်ပေါ့။

အပေါ်ယံကြည့်လိုက်ရင်တော့ ဘာသာရေးအရ သဘောထားကွဲလွဲတယ်လို့

ထင်ရပေမယ့် တကယ်တမ်းက နိုင်ငံရေး ပြသနာပါ ။ ”
------------------------------------------------------
ဟောပြောပွဲ ကိစ္စက ကျမတို့ဘက်က ဖျက်လိုက်တာ။ ဆရာသင်းရီပဲ သိတယ်။ ကျမတောင် မသိ လိုက်ဘူး။ ဆရာသင်းရီကို အဲဒီမြို့က ဘုန်းကြီးက ပြောတယ်တဲ့။ လူလဲပေးပါ ဆိုပြီးတော့တဲ့။ အဲလို ဆိုရင်တော့ လဲမပေးနိုင်ဘူး။ ဘယ်သူမှလာမဟောတော့ ဘူးဆိုပြီးတော့ ဖျက်လိုက်တာ ။ ပေါင်းတည်နဲ့ ပေါက်ခေါင်း ၂ ရက်ဆက်တိုက်လုပ်ဖို့ လုပ်တဲ့ အစီအစဉ်က ပေါင်းတည်မှာ ပျက်သွားတယ်။ ပေါက်ခေါင်းမှာ ဟောဖြစ်တယ်။ နောက်ပိုင်းမှာတော့ ဘုန်းကြီးနဲ့ ပွဲစီစဉ်တဲ့
ကလေးတွေနဲ့ ပြဿနာ တော်တော်တက်တယ်လို့ ကြားတယ်။ အဲဒီက ကလေးတွေ က ပေါက်ခေါင်းကို လာပြီးတော့ နားထောင်တော့ သူတို့က ဖိတ်ချင်တယ်။ နောက်ပိုင်းတော့ ပြန် လုပ်မယ်။ ပြန်ခေါ်ပေးပါလို့ ပြောတယ်။ ဒါပေမယ့် ဆရာသင်းရီက စိုးရိမ်လို့ မလုပ်တော့တာပါ။

အခုဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ပြောရရင် တစုတဖွဲ့က ရည်ရွယ်ချက်ရှိရှိနဲ့ တိုင်းပြည် တည်ငြိမ်အေးချမ်းမှု မရှိအောင် လုပ်နေတာလို့ ပြောရမှာပဲ။ နောက်တပိုင်းက ပညာရည် နိမ့်ကျမှုပေါ့။ တသက်လုံး Isolate (အထီးကျန်) ဖြစ်နေတာကနေ ကမ္ဘာကြီးနဲ့ အဆက်အသွယ် ပြတ်နေတယ်။ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်နဲ့ ဒီမိုကရေစီရဲ့ အခြေခံသဘောတရားတွေကို မျက်ခြေပြတ်နေရတဲ့ လူထုက ပညာရည်နိမ့်ကျမှုကြောင့် တခုခုဆိုလို့ရှိရင် ကိုယ့်ရဲ့စိတ်ခံစားချက်ကို ဦးစားပေးတယ်။ ပြောင်းလဲ ပြုပြင်လို့ မရတဲ့အရာတွေကို ပိုပြီးတော့ တန်ဖိုးထားနေကြတယ်။ အဲဒီပြဿနာတွေက အရင်းခံတယ်ပေါ့။ အပေါ်ယံကြည့်လိုက်ရင်တော့ ဘာသာရေးအရ သဘောထားကွဲလွဲတယ်လို့ ထင်ရပေမယ့် တကယ်တမ်းက နိုင်ငံရေး ပြဿနာပါ။

နိုင်ငံတခုက သူ့ရဲ့ လူထုကို အခြေခံအခွင့်အရေးတွေရယ်၊ ဒီမိုကရေစီ သဘောတရားတွေရယ်ကို လုံလုံလောက်လောက် အသိမပေးနိုင်ခင်မှာ အဲဒီလို အသိပေးဖို့ ကြိုးစားရာမှာ မအောင်မြင်ခဲ့တဲ့ Failed State တခုရဲ့ လက္ခဏာတွေပေါ့။ ဒါဟာ ကျဆုံးသွားတဲ့ နိုင်ငံတခုရဲ့ လက္ခဏာတွေပါပဲ။ လူမျိုးနဲ့ ဘာသာဆိုတာကို တခုတည်း၊ တထပ်တည်း ဆွဲသွင်းထားလို့ မရဘူးလေ။ ဆိုပါတော့ ဗမာလူမျိုးမှာ ဆိုရင်လည်း ဗမာတိုင်းက ဗုဒ္ဓဘာသာမှ မဟုတ်တာ။ ကျမတို့ တိုင်းရင်းသားထဲ မှာလည်း ကရင်လူမျိုးဆိုရင် ဗုဒ္ဓဘာသာကရင် ရှိတယ်။ ခရစ်ယာန် ကရင်ရှိတယ်။ ကိုးကွယ် ယုံကြည်မှု ဆိုတာက လူတယောက်ချင်းစီပဲလေ။ မိသားစုတခု ထဲမှာတောင် အဖေကတမျိုး သမီးကတမျိုး ဖြစ်နိုင်တာပဲ။ ကိုးကွယ်ယုံကြည်မှုက အင်မတန်မှ ပုဂ္ဂလိကဆန်ပါတယ်။ လူမျိုး ဆိုတဲ့ အရာမှာလည်း ပြောင်းလဲလို့မရဘူးလေ။ မွေးကတည်းက ဗမာဆိုရင် ဗမာပဲလေ။ အဲဒီလို ပြုပြင်ပြောင်းလဲလို့ မရတဲ့ အရာတွေအပေါ်မှာ လိုက်ပြီးတော့ ခွဲခြားကန့်သတ်တယ်ဆိုရင် ဒီမိုကရေစီ လူ့ဘောင်နဲ့ လုံးဝ မလျော်ညီတဲ့ကိစ္စပါ။ တသွေး၊ တသံ၊တမိန့်ဆိုတဲ့ အာဏာရှင် လူ့အဖွဲ့အစည်းကို ပြန်သွားချင်နေကြတာလား။ ဒီမိုကရေစီလို့ ပြောရင် မတူခြားနားမှုတွေကို လက်ခံနိုင်ဖို့။ လက်ခံပြီးတော့မှ အကောင်းဆုံး ဆုံးဖြတ်သင့်တာပေါ့။ အဓိကကတော့ ပညာပေးဖို့ လိုတာပါ။ အကုန်လုံး ဝိုင်းအားထုတ်မှ ရမှာ။

Tuesday, 11 February 2014

ဒေါ်အောင်ဆန်းစုကြည် အကြောင်း သိသမျှ..။

"ရဟန်းသံဃာကို ဝေဖန်ကောင်းပါသလား"

"ရဟန်းသံဃာကို ဝေဖန်ကောင်းပါသလား"

The Voice Daily ပါ ဆောင်းပါး။ (အရှင်ခေမာနန္ဒ)။

သြစတေးလျနိုင်ငံရောက် ဆရာဝန်တစ်ဦးက ``ဘုန်းကြီးတွေ ဝေဖန်ရင် ငရဲကြီးတယ် အပြစ်ဖြစ်တယ်ဆိုတာ ဟုတ်သလား။ လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို လုံးဝေ၀ဖန်ပိုင်ခွင့် မရှိဘူးလား´´ဆိုပြီး မေးမြန်းပါတယ်။ မေးသင့်မေးထိုက်တဲ့ မေးခွန်းဖြစ်ပြီး အဖြေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်ဆွေးနွေးဖြေကြားပေးမှ ကောင်းမယ်လို့ထင်မြင်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘာသာရေးနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုရမှာကို ဗုဒ္ဓဘာသာဝင်အများစုဟာ ကြောက်ရွံ့ထိတ်လန့်တတ်ကြသလို ဝေဖန်သူရှိရင်တောင် မိစ္ဆာဒိဋ္ဌိတစ်ဦးသဖွယ် ရှု့မြင်တတ်ကြလို့ပါ။ ဗုဒ္ဓဘာသာဝင်မှန်ရင် ကလေးဘ၀ထဲက ငရဲကြီးလိမ့်မယ်ဆိုတဲ့ စကားနဲ့ကြီးပျင်းလာခဲ့ရတာမို့ ဗုဒ္ဓဘာသာဝင်မှန်ရင် အားလုံးနီးပါးက ငရဲကြီးမှာ ကြောက်ကြတာ ဆန်းတော့လဲ မဆန်းပါဘူး။

မြတ်စွာဘုရားရှင်က ၀ိဘဇ္ဇ၀ါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသလို အဝေဖန်ခံလိုက်ရပြီဆိုရင်လည်း ငါ့ကို ကောင်းစေချင်လို့ အပြုသဘောဝေဖန်တာလား ဂုဏ်သိက္ခာ ညှိုးနွမ်းအောင်လို့ အပျက်သဘောကဲ့ရဲ့အတင်းဆို ရှုတ်ချပြီးပြောတာလားဆိုတာကို မဝေခွဲတော့ပဲ ``မင်းကတော့ ဘယ်လောက်ကောင်းနေလို့လဲ´´ဆိုတဲ့ စကားလုံးကြမ်းကြမ်းတွေနဲ့ ပြန်လည်တုန့်ပြန်တတ်ကြပါတယ်။ မညှာမတာဝေဖန်ရရင် ဒါဟာ ပညာမဲ့ခြင်းရဲ့ အစဖြစ်ပြီး လူမိုက်တွေရဲ့ လက္ခဏာလည်းဖြစ်ပါတယ်။

ပုဗ္ဗာရုံကျောင်းအမကြီး ၀ိသာခါဟာ ထေရ၀ါဒဗုဒ္ဓသာသနာတော်မှာ နေလိုလလို ထင်ရှားကျော်ကြားပါတယ်။ ၀ိသာခါကျောင်းအမကြီးဟာ ခုနှစ်သမီးအရွယ်မှာ သောတာပန်ဖြစ်ခဲ့ပြီး ၀ိသာခါကျောင်းအမကြီးဟာ ရဟန်းတော်တွေကို အကိုလိုမောင်လိုသားလို လေးစားကြည်ညို ချစ်ခင်မြတ်နိုးတတ်သူတစ်ဦးဖြစ်ပြီး ရဟန်းတော်တွေ သာသနာ့ဝန်ကို အားသွန်ကြိုးပမ်းထမ်းရွက်နိုင်အောင် အဘက်ဘက်က လိုလေသေးမရှိ ထောက်ပံ့လှုဒါန်းသူတစ်ဦးလည်းဖြစ်ပါတယ်။ ၀ိသာခါကျောင်းအမကြီးဟာ လှုဒါန်းစရာရှိရင်လည်း လိုသေးမရှိလှုဒါန်းတတ်ပြီး ရဟန်းတော်တွေကို ဆုံးမစရာရှိရင် ဆုံးမတတ်သလို ဝေဖန်စရာရှိရင်လည်း ဗွင်းဗွင်းကြီး အားမနာတမ်းဝေဖန်တတ်သူဖြစ်ပါတယ်။

ဝိသာခါဟာ သားသမီးမြေးမြစ်ပေါများပြီး အသက်လည်းရှည်တာကြောင့် `အလွန်မင်္ဂလာရှိသော သူ´´လို့ မြို့သူမြို့သားများက အသိအမှတ်ပြုပြီး ဘာသာခြားတို့ကအစ လက်ထပ်မင်္ဂလာစသောကိစ္စတို့၌ ပင့်ဖိတ်ပြီး ဦးစွာကျွေးမွေးဧည့်ခံကာ ``ဤသတို့သားနဲ့ သတိုးသမီးသည် အရှင်မကဲ့သို့ အသက်ရှည်စွာ အနားကင်း၍ ချမ်းသာခြင်းနှင့် ပြည့်စုံပါစေ´´လို့ ဆုတောင်းကြပါတယ်။ တစ်နေ့မှာတော့ ဖိတ်ကြားထားတဲ့ မင်္ဂလာဆောင်အိမ်အရောက်မှာ ဥဒါယီဆိုတဲ့ရဟန်းတစ်ပါးဟာ သတိုးသမီးနဲ့အတူ အခန်းတစ်ခန်းထဲ မှာ နှစ်ယောက်ထဲ စကားပြောနေတာကို မြင်လိုက်ရပါတယ်။ မြင်လျှင်မြင်ချင်းပဲ အခန်းထဲဝင်သွားကာ ``အရှင်ဘုရား မာတုဂါမနဲ့ နှစ်ယောက်ထဲ မဖွယ်ရာပြုနိုင်တဲ့နေရာမှာ စကားပြောနေတာဟာ မသင့်တော်ပါဘူး။ အရှင်ဘုရားက ရိုးရိုးသားသား ပြောဆိုနေတာဆိုရင်တောင် လူအများက အရှင်ဘုရားတို့ ရိုးရိုးသားသား ပြောဆိုနေတယ်ဆိုတာ ယုံကြည်ကြမှာ မဟုတ်ပါဘူး´´လို့ ပြောဆိုဆုံးမပါတယ်။

ဥဒါယီရဟန်းဟာ ပြောစကားနားမထောင်တာကြောင့် ၀ိသာခါဟာ လမ်းထွက်ပြီး ``ဥဒါယီကိုယ်တော်ဟာ မိန်းကလေးနဲ့အတူ ဆိတ်ကွယ်ရာအရပ်မှာ နှစ်ယောက်ထဲ ထိုင်စကားပြောနေပါတယ်´´ဆိုပြီး လမ်းပေါ်သွားနေတဲ့ ရဟန်းမှန်သမျှကို လျှောက်ထားပါတယ်။ ရဟန်းတွေကလည်း ဘုရားကို ပြန်လျှောက်ကြပါတယ်။ ဒီအခါမှာ ဘုရားရှင်က သိက္ခာပုဒ်ပညတ်တော်မူပါတယ်။ ၀ိသာခါဟာ ပြောဆိုဆုံးမဝေဖန်စရာရှိရင် ရဟန်းတွေကိုလည်း အကြွေးမထားပဲ ပြောဆိုဆုံးမဝေဖန်တတ်ပါတယ်။

ဘုရားရှင်လက်တော်က မစ္ဆိကာသဏ္ဍမြို့မှာ စိတ္တသူကြွယ်ဆိုတာ ရှိခဲ့ပါတယ်။ သူက ပဉ္စ၀ဂ္ဂီအပါတွင်ပါဝင်သော မဟာနာမ်ထေရ်ထံမှာ တရားနာပြီး သောတာပန်တည်ခဲ့သူပါ။ မဟာနာမ်မထေရ်က သူလှုတဲ့ကျောင်းမှာ သီတင်းမသုံးတာမို့ သုဓမ္မအမည်ရှိတဲ့ ရဟန်းတစ်ပါးကို တင်လှုကိုးကွယ်ပါတယ်။ တစ်နေ့တော့ အဲဒီမြို့လေးကို အရှင်သာရိပုတ္တရာမထေရ်နဲ့ အရှင်မဟာမောဂ္ဂလာန်မထေရ်တို့ဟာ နောက်ပါရဟန်းတစ်ထောင်နဲ့အတူ ရောက်ရှိခဲ့ပါတယ်။ စိတ္တသူကြွယ်ဟာ အရှင်သာရိပုတ္တရာမထေရ်ထံမှာ တရားနာကြားပြီး အနာဂါမ်ဖြစ်သွားပါတယ်။ တစ်ရက်မှာ သူကြွယ်က အဂ္ဂသာဝကနှစ်ပါးကို အိမ်ဆွမ်းစားကြွဖို့ပင့်ဖိတ်ပါတယ်။ ပြီးမှ ကျောင်းထိုင်ဖြစ်တဲ့ သုဓမ္မရဟန်းကို ပင့်ဖိတ်ပါတယ်။ သုဓမ္မရဟန်းဟာ သူ့ကို အရင်မပင့်ဖိတ်လို့ စိတ်ဆိုးကာ ငြင်းလွှတ်လိုက်ပါတယ်။

သုဓမ္မရဟန်းဟာ နောက်နေ့ဆွမ်းစားချိန်ကျတော့ စိတ္တသူကြွယ်အိမ်ကို သွားပါတယ်။ အိမ်ရောက်လာတဲ့ သုဓမ္မရဟန်းကို စိတ္တသူကြွယ်က ကောင်းမွန်ချိုသာစွာနဲ့ ``အရှင်ဘုရား ဒီနေရာမှာ သီတင်းသုံးပါ´´လို့ လျှောက်ထားတဲ့အခါမှာ ``ငါ ဆွမ်းစားလာတာမဟုတ်ဘူး။ လှုဖွယ်ဝတ္ထုတွေကို လာကြည့်တာ´´လို့ ပြောပြီး ဟိုဟိုသည်သည် တစ်ခဏမျှကြည့်ကာ ``ဒကာ သင့်လှုဖွယ်ဝတ္ထုတို့သည် များပြားပေစွ။ သို့သော်ကား နှမ်းကြွပ်မုန့်ကား မပါချေ´´ဆိုပြီး စိတ္တသူကြွယ်စိတ်ဆင်းရဲအောင် ပြောပါတယ်။ စိတ္တသူကြွယ်တို့မျိုးရိုးက နှမ်းကြွပ်မုန့်သည်တွေပါ။ ``အရှင်သုဓမ္မ အရှင်ကား တစ်ခဏမျှပင်နား၍ရှု့သော်လည်း အကုန်အစင် မြင်တတ်သော ကျီးကန်းနဲ့တူပါပေတယ်´´လို့ စိတ္တသူကြွယ်က ပြန်ပြောလိုက်တဲ့အခါမှာ စိတ်ဆိုးပြီး `ဒီသူကြွယ်ရဲ့ ကျောင်းမှာ ငါမနေဘူး´လို့ တွေးပြီး ရာဇဂြိုဟ်က ဘုရားရှင်ဆီသွားပါတယ်။

မိမိကိုလာရောက်တဲ့ သုဓမ္မရဟန်းကို ဘုရားရှင်က နှုတ်ခွန်းဆက်စကားပြောကြားပြီး ဘာကြောင့် ရာဇဂြိုဟ်ကို ပြောင်းရွှေ့ခဲ့တာလည်းဆိုတာကို မေးမြန်းတော်မူပါတယ်။ သုဓမ္မရဟန်းကလည်း ဖြစ်ကြောင်းကုန်စင် လျှောက်ထားပါတယ်။ ဒီအခါမှာ ဘုရားရှင်က ``စိတ္တသူကြွယ်ရဲ့ အပြစ်မဟုတ်၊ သင်ရဲ့ အပြစ်သာဖြစ်တယ်။ စိတ္တသူကြွယ်ကို သွားတောင်းပန်ချေ´´ဆိုပြီး မိန့်တော်မူခဲ့ပါတယ်။ သုဓမ္မရဟန်း လာတောင်းပန်းတာကို စိတ္တသူကြွယ်က သုဓမ္မရဟန်း မာနကျစေလိုတာကြောင့် ခွင့်မလွှတ်ပါဘူး။ ဒီအခါမှာ သုဓမ္မရဟန်းက ဘုရားရှင်ဆီ ပြန်ပြီး လျှောက်ထားရပါတယ်။ ဘုရားရှင်ကလည်း ပြန်သွားပြီး တောင်းပန်ခိုင်းပါတယ်။ ဒီလိုနဲ့ သုံးကြိမ်သုံးခါ သွားလိုက်ပြန်လိုက် လုပ်ပြီးမှ ခွင့်လွှတ်ပေးပါတယ်။ သုဓမ္မရဟန်းလည်း သိပ်မကြာခင်မှာ ရဟန္တာဖြစ်သွားခဲ့ပါတယ်။

တစ်ခါမှာလည်းပဲ သောတာပန်အရိယာများဖြစ်တဲ့ ဃောသကသူဌေးကြီးတို့ ဦးဆောင်သော ကောသမ္ဗီမြို့က ဒကာဒကာမတွေဟာ အကျင့်သီလအင်မတန်စင်ကြယ်ကြတဲ့ ရဟန်းတော်များ အတ္တမာနကို အခြေခံပြီးဖြစ်တဲ့ စိတ်ဝမ်းကွဲပြားမှုကို ပြန်လည်ညီညွတ်စေဖို့အတွက် ၀ါတွင်းသုံးလပတ်လုံး ဆွမ်းလောင်းလှုခြင်း မရှိပဲ ရဟန်းတော်တွေကို အကြပ်ကိုင်ကာ ညီညွတ်စွာနေထိုင်ကြအောင် ပြုလုပ်ခဲ့ဘူးပါတယ်။

အထက်ပါဝတ္ထုတွေကို ထောက်ဆပြီးတော့ သာသနာတော်ကြီး စင်ကြယ်စေဖို့အတွက် အပြုသဘောဆောင်တဲ့ စိတ်ကောင်းစိတ်မြတ်များနဲ့ဆိုရင် ရဟန်းသံဃာတွေကို ဝေဖန်ရုံမျှမက လိုအပ်ရင် အကြပ်ကိုင်ပြီးတောင် ဆုံးမနိုင်တယ်ဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားလှပါတယ်။ ရဟန်းသံဃာတွေကို ကောင်းစေလို၍ အပြုသဘောဆောင်တဲ့ ဝေဖန်မှုမျိုးပြုလုပ်တာဟာ အပြစ်မရှိသလို ငရဲလဲမကြီးပါဘူး။ ဒကာဒကာမတွေအနေနဲ့ ဤကဲ့သို့ ဝေဖန်မှုမျိုးကို ပြုလဲပြုလုပ်သင့်ကြပါတယ်။ ဒါမှသာလျှင် သာသနာတော်ကြီးဟာ စင်စင်ကြယ်ကြယ်နဲ့ အဓွန့်ရှည်တည်တန့်နိုင်မှာဖြစ်ပါတယ်။

ဒုတိယရွှေကျင်သာသနာပိုင် ဘာသာဋီကာကျမ်းပြုအကျော် အဂ္ဂမဟာပဏ္ဍိတ ကျေးဇူးတော်ရှင် အမရပူရ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက ``ဤ၀ိသာခါဝတ္ထုကို မှတ်ချက်ထား၍ ယခုကာလ၌လည်း သာသနာ သန့်ရှင်းစေလိုသော သဘောဖြင့် မတော်မတဲ့ ပြုကျင့်သူများကို ယဉ်ကျေးစွာ ပြောဆိုတားမြစ်နိုင် ကဲ့ရဲ့ရှုံ့ချနိုင်၏။ ထိုသို့ ကဲ့ရဲ့ရှုံ့ချမှုကြောင့် တစ်စုံတစ်ခုမျှ အပြစ်မရှိချေ´´လို့ ဘုရားဥပဒေတော်ကြီးကျမ်းမှာ ရေးသားတော်မူခဲ့ပါတယ်။ ဒါကြောင့် ရဟန်းသံဃာတွေကို ကောင်းစေလိုတာကြောင့် အပြုသဘောဆောင်တဲ့ ဝေဖန်မှုပြုလုပ်ခြင်းကြောင့် အပြစ်မဖြစ်သလို ငရဲလည်းမကြီးဆိုတာ သိမှတ်နားလည်ထားကြရပါမယ်။ ယုတ်မာသော စိတ်နေသဘောထားနဲ့ အပြစ်မရှိအပြစ်ရှာပြီး ဆဲဆိုရှုတ်ချဝေဖန်တာမျိုးကတော့ အပြစ်ရှိပါတယ်။ ငရဲကြီးပါတယ်။

အရှင်ခေမာနန္ဒ- မိုးသု-မန္တလေး။

Monday, 10 February 2014

ပါတီရုံးခန်းငှားနိုင်ဖို့  ကျွန်မတို့ ဒီလှိုင်းရောင်းထွက်ကြရပါတယ်

ကျမတို့ လသာအဖွဲ့သားတွေ ဒီလှိုင်းရောင်း ထွက်ခဲ့ကြပါတယ်

တကယ်တော့ အချို့ဝေဖန်နေတဲ့အတိုင်း ဂျာနယ်ရောင်းတာ နိုင်ငံရေးမဟုတ်ဘူး ရုံးခန်းငှားနိုင်ဖို့  အဖွဲ့ဝင်တွေ စုပေါင်းထည့်ဝင်ရင်ရနိုင်မလားလို့
ကျမ ကိုယ်တိုင်တွေးခဲ့မိဘူးပါတယ်။

ဒါပေမယ့် လက်တွေ့မှာ တစ်လနှစ်သိန်းခန့်ကုန်ကျတဲ့ ပါတီရုံးခန်းငှားနိုင်ဖို့ ရေရှည်မှာ ငွေစိုက်ထုတ်ကြဖို့ ဘယ်လိုမှမဖြစ်နိုင်တာ သိလာခဲ့တော့ ကျွန်မလုပ်အားပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။လုံးဝမမျှော်လင့်ထားပဲ ပထမဦးဆုံး ဂျာနယ်ရောင်းထွက်ခဲ့တဲ့ အချိန်ကစပြီး ကျွန်မ ဒီလှိုင်းလိုက်ရောင်းရတာကို ပျော်ခဲ့ပါတယ်။

ပြည်သူပိုင်ဆိုင်တဲ့မြေကို ခြေတစ်ဖဝါးစာမှ မတရားယူထားခြင်းမရှိပဲ ပြည်သူပိုင်တဲ့ အဆောက်ဦးကို လက်တစ်ဝါးစာတောင် မတရားမသိမ်းပဲ အများပြည်သူစေတနာ နဲ့ အားပေးမှု့ တွေနဲ့ အဖွဲ့ဝင်တွေ လုပ်အားနဲ့ ရံပုံငွေရှာရတာ ပင်ပန်းပေးမယ့် ပျော်ပါတယ်။မြို့နယ်ရုံးခန်းမရှိပဲ ကျွန်မတို့ ဘယ်လို စုစည်းမှု လှုပ်ရှားမှု မျိုးမှ မလုပ်နိုင်ပါဘူး။ဒါ့ကြောင့်ပါတီရဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ ရုံးခန်းအတွက် ကျွန်မတို့  လုပ်အားပေးရတာ လုပ်သင့်တဲ့ လုပ်ရမယ့်အလုပ်လို့  ယုံကြည်လာပါတယ်။

အရေးအကြီးဆုံးကတော့ ကျွန်မတို့  ပြည်သူနဲ့ ထိတွေ့ခွင့်ရပါတယ်။ပြည်သူ့ တွေရဲ့ လက်တွေ့ဘဝကို ထိတွေ့ခံစားနိုင်ပါတယ် ခံစားချက်တွေ ကြားသိနိုင်ပါတယ် ဝေဖန်မှုတွေကို ဆင်ချင်နိုင်ပါတယ်။ ဆိုင်ကြီးဆိုင်ကောင်းကနေ ခေါင်းရွက်သည်တွေအထိ ကုန်သည်ပွဲစားကနေ လက်လုပ်လက်စား အလုပ်သမားတွေအထိ အလွှာစုံရဲ့ အားပေးမှုတွေ လမ်းသွားလမ်းလာတွေထဲက ဒီလှိုင်းလားဆိုပြီး အပြေးလိုက်လာပြီး အားပေးသွားကြတာတွေ ကျွန်မတို့ ရဲ့ ကျေးဇူးရှင်တွေပါ ရုပ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုသာမကပဲ စိတ်ပိုင်းဆိုင်ရာကိုလည်း အများကြီး အင်အားဖြစ်စေပါတယ်။ ဂျာနယ်ဘိုးကျသင့်ငွေကို လှမ်းယူလိုက်တိုင်း တာဝန်တွေလည်း ယူရဦးမယ်လို့ တွေးမိစေပါတယ်။

အဖွဲ့ဝင်အချင်းချင်းလည်း ချစ်ခင်ရင်းနှီးမှု ပိုတိုးလာစေပါတယ်။ မြို့ခံပြည်သူတွေရဲ့ အားပေးမှု နဲ့ ကျွန်မတို့ အဖွဲ့ဝင်တွေရဲ့ လုပ်အားနဲ့ တည်ဆောက်ထားတဲ့ ရုံးခန်းလေးမှာ လိပ်ပြာလုံစွာ တရားမျှတမှု အတွက် လူ့ အခွင့်ရေး နိုင်ငံသားအခွင့်အရေး ဒီမိုကရေစီနိုင်ငံထူထောင်ရေး ....အတွက်
စိတ်တူကိုယ်တူ မိတ်ဆွေတွေနဲ့အတူ ကြိုးစားခွင့်ရနိုင်ဖို့ 
ပါတီရုံးခန်းငှားနိုင်ဖို့ 

ကျွန်မတို့ ဒီလှိုင်းရောင်းထွက်ကြရပါတယ်

NLD ပါတီတွင် သာကူးတွေ၊ သူခိုးတွေ ရှိ ဟု ဦးဝင်းတင် ပြောပြီ

NLD ပါတီတွင် သာကူးတွေ၊ သူခိုးတွေ ရှိ ဟု ဦးဝင်းတင် ပြောပြီ

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

NLD ပါတီတွင် သာကူးများ ရှိကြောင်း၊ သူခိုးများရှိကြောင်း NLD ပါတီ ဗဟိုနာယကအဖွဲ့ဝင် ဟံသာဝတီ ဦးဝင်းတင်က ပြောကြားလိုက်ကြောင်း သိရှိရသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမ္မတဖြစ်လာရန် အလားအလာ ရှိမရှိကို ပြည်တွင်းထုတ်ဂျာနယ်တစ်စောင်က ဦးဝင်းတင်အား မေးမြန်းရာတွင် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ တွင် သမ္မတ မဖြစ်နိုင်ကြောင်း ပြန်လည်ဖြေကြားရာ၌ ထိုသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

"မဖြစ်ပါဘူး။ ဖြစ်မှာ မဟုတ်ပါဘူး။ အခုက ရှင်းနေပြီလေ။ ၅၉(စ)တို့ ဘာတို့ မပြင်နိုင်ဘူး ဆိုကတည်းက ရှင်းနေပြီလေ။ NLD က ရွေးကောက်ပွဲအနေအထားအရကြည့်မယ် ဆိုရင် အောက်လွှတ်တော်မှာ ရနိုင်တယ်။ ပြည်သူ့လွှတ်တော်မှာ မဲရနိုင်တယ်။ သူတို့လို လူ ၁၀၀၊ ၂၀၀ နဲ့ လုပ်ပြီး ဗဟိုကော်မတီဖွဲ့တာ မဟုတ်ဘူး။ NLD က ညီလာခံတွေ လုပ်ထားတဲ့ ပါတီ။ NLD မှာ ရပ်ကျေးပေါင်း ၆ သောင်းနီးပါး ရှိတယ်။ ရပ်ကျေးတွေမှာ အကျန်တွေလည်း ရှိတယ်။ NLD ထဲမှာ စုတ်ပြတ်သတ်နေတာလည်း ရှိတယ်။ အချောင်သမားတွေ ၀င်လာတယ်။ ကြံ့ဖွံ့ထဲကလည်း ၀င်လာတယ်။ ဘယ်လောက်ပဲ ရှိရှိပါ။ သူတို့လို အပိုင်စီးပြီးတော့ ဒီရွာက ကြံ့ဖွံ့ရွာတို့၊ ကြံ့ဖွံ့လမ်းတို့ ဆိုတာမျိုး ပြောတာ မရှိဘူး။ NLD မှာလည်း သာကူးတွေ ရှိတယ်။ သူခိုးတွေလည်း ရှိမှာပေါ့။ ဘာပဲပြောပြော NLD က အောက်ခြေက တက်လာတဲ့သူတွေနဲ့ ဖွဲ့စည်းထားတာလေ" ဟု ဦးဝင်းတင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

၎င်းအပြင် NLD ပါတီအတွင်း ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ၂၀၁၅ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရေးတို့တွင် ထိပ်ပိုင်းခေါင်းဆောင်များအကြား တင်းမာမှု ဖြစ်ပွားနေသည်ကိုလည်း ၀န်ခံပြောကြားခဲ့သည်။

"အခြေခံဥပဒေ မပြင်ရင် ရွေးကောက်ပွဲ မ၀င်ဘူး ဆိုတဲ့ သဘောထား ၂၀၁၀ တုန်းက ရှိတယ်။ ၅၉(စ)တို့ကို တစညက လက်မခံဘူး။ အဲဒီလိုဆို သပိတ်မှောက်ဖို့ပဲ ရှိတယ်။ ဒီလိုလည်း လုပ်လို့ မရပြန်ဘူး။ ပါတီထဲမှာလည်း အသံတွေ ကြားမှာပေါ့။ ဦးဥာဏ်ဝင်းတို့ ပြောတာ ပြင်ပြင် မပြင်ပြင် ရွေးကောက်ပွဲ ၀င်ကိုဝင်မယ်ပေါ့။ ဒါကို မကြိုက်တဲ့သူကလည်း မကြိုက်ဘူး။ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ရင် အခြားနည်း သုံးမယ်ပေါ့" ဟု ဦးဝင်းတင်က ပြောကြားခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်ပြီးလည်း နဂိုကတည်းက လွှတ်တော်ပြင်ပလှိုင်းကို သဘောတူခဲ့ကြောင်း၊ လွှတ်တော်ထဲတွင် ဘာမှ လုပ်လို့ မရကြောင်း၊ ဦးသိန်းစိန်၏ ပထမဆုံးမိန့်ခွန်းထဲတွင် တရားဝင်ပါတီ ဖွဲ့စည်းပါ၊ မှတ်ပုံတင်ပါ၊ ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲလာပါ၊ လွှတ်တော်ထဲမှာ နိုင်ငံရေုးပြဿနာတွေ ဖြေရှင်းကြပါ ပြောကြားခဲ့ကြောင်း၊ ကော်မရှင်ကို ပါတီများနှင့်ဖွဲ့ထား၍ အားကို ယူထားပြီး ဖြစ်ကြောင်း၊ မဲခွဲတော့ မည်သို့မျှ လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း၊ အလိုလို ရှုံးနေပြီ ဖြစ်ကြောင်း၊ လွှတ်တော်ထဲတွင် ပြင်ဆင်ခြင်းကြောင့် မည်သို့မျှ ထူးခြားမလာနိုင်ကြောင်း လည်း ၄င်းက ဆက်လက် ပြောကြားခဲ့သည်။

"ဦးဝင်းတင် ပြောတဲ့ သာကူး ဆိုတာကတော့ အမျိုးမျိုးရှိတာပေါ့။ ကြံ့ဖွံ့က ပြောင်းလာတဲ့သူတွေကိုလည်း ထည့်ပြောထားတယ်။ ပါတီပြောင်းလာပြီး နေရာ ရနေတဲ့ ဒေါက်တာမြတ်ဥာဏစိုးတို့ကို ဦးဝင်းတင်က သိပ်ပြီး ကြည့်ရတာမဟုတ်ဘူး။ ပါတီပြောင်းတယ် ဆိုတာ ခြံခုန်ကူးတဲ့ နွားပဲကွ၊ ဒီနွားတွေက သာရာ ကူးမယ့်ကောင်တွေ။ ပါတီပေါ်လည်း သစ္စာ ရှိမှာမဟုတ်ဘူး ဆိုပြီး အဘဦးဝင်းတင် ပြောဖူးတယ်ဗျ။ ကျန်တဲ့ သာကူးတွေကတော့ အခုကျမှ NLD နားကပ်လာပြီး နေရာယူနေတဲ့ သူတွေပေါ့ဗျာ။ ဦးကိုနီတို့ ဘာတို့လည်း ပါတာပေါ့။ အခုက ကွန်ရက်တွေ အကြံပေးအဖွဲ့တွေ အများကြီးဖြစ်လာတာလေ။ သာကူးတွေကိုတော့ အဘ ဦးဝင်းတင်လိုပဲ ကျွန်တော်တို့က သိပ်မယုံဘူး။ ကျန်တဲ့ပါတီတစ်ခုခုက သာတယ် ထင်ရင် ထပ်ပြီး ခြံခုန်ကြဦးမှာလေ။ စကားပုံတောင် ရှိတယ်။ တစ်ခါ ခြံခုန်ဘူးတဲ့နွား နောင်လည်း ခြံခုန်ဦးမှာပဲ ဆိုတာ။ သာကူးနဲ့ ခြံခုန်ကူး ပေါ့ဗျာ" ဟု NLD ဗဟိုရုံးချုပ်မှ ပါတီဝင်တစ်ဦးက ပြောသည်။

"ဦးဝင်းတင် ပြောတဲ့ သူခိုး ဆိုတာကတော့ အကြီးစား၊ အလတ်စား၊ အသေးစား ရှိမယ်ဗျ။ ဒီလှိုင်းဂျာနယ် သိန်း၁၅၀၀ ဘုံးတဲ့အမှု ဆိုရင် ဘယ်သူ့မှာ တာဝန်ရှိသလဲ စဉ်းစားကြည့်။ နေရာလေးတွေ ရလာတော့ ခိုးချင်တဲ့သူတွေအတွက်လည်း ခေတ်ကောင်းကြီး ရောက်နေတာပေါ့။ မိတ္ထီလာ မီးဘေး ဒုက္ခသည် ဘင်္ဂလီတွေကို သိန်း ၂ ထောင် လှူတဲ့ကိစ္စကတော့ ဦးဝင်းထိန် ဦးစီးပြီး လုပ်တာဗျ။ ခရိုနီတွေပေးတာလား၊ OIC ပေးတာလား ဆိုတာ တိတိကျကျ ရှင်းတာ လင်းတာ မရှိဘူး။ ပါတီရန်ပုံငွေ လို့ အကြမ်းဖျင်းတော့ ပြောကြပါတယ်။ ပါတီရန်ပုံငွေကလည်း ခိုးတာ ၀ှက်တာ သိပ်မရှိလောက်ပါဘူး။ စာရင်းတွေ ဘာတွေ စစ်တာကိုး" ဟု ၄င်းက ပြောဆိုသည်။

"ဒေါ်စုကိုတော့ ယုံပါတယ်။ ဦးဥာဏ်ဝင်းတို့ သဘောက ၂၀၁၅ ကို ၀င်ကို ၀င်ရမယ် ဆိုတဲ့သဘော။ ဦးဝင်းမြင့်က ဦးဥာဏ်ဝင်းကို ကျော်ပြီး ပြောတာ တရားမ၀င်ဘူးဗျ။ ကျွန်တော်တို့က ဦးဥာဏ်ဝင်း ဘယ်လို ဦးဝင်းမြင့် ဘယ်လို ဆိုတာ အတွင်းသိ အစင်းသိတွေ။ ဦးဥာဏ်ဝင်းက တစ်ကယ် အနစ်နာခံပြီး ဒေါ်စု သက်တမ်းတစ်လျှောက်လုံး လုပ်ကိုင်ခဲ့တာ။ ဦးဝင်းတင်ကလည်း ၀င်ရမယ် ဆိုတာကို လက်ခံတဲ့ သဘောတော့ ပြောထားတာပဲ။ ဒေါ်စုကတော့ မပြင်ရင် အခြားနည်း သုံးမယ် ဆိုတာကတော့ တစ်မျိုးဗျ။ ဟိုတစ်နေ့ကကျတော့ လွှတ်တော်ထဲမှာပဲ ရအောင် ပြင်မယ် ပြောပြန်ရော။ ရည်ရွယ်ချက်က မှန်းလို့ မရဘူး။ နေပြည်တော်အဖွဲ့ထဲမှာ ဦးဝင်းမြင့်တို့ မြတ်ဥာဏစိုးတို့ကတော့ နောက်ပေါက်လေးတွေပါ။ ပါတီထဲမှာတော့ ဦးဝင်းတင်နဲ့ ဦးဥာဏ်ဝင်းတို့ကို ဘယ်ကျော်လို့ ရမလဲ။ ကျော်ရင် ကွဲသွားမှာပေါ့။ ပါတီထဲက ထွက်သွားရမှာပေါ့။ NLD က ဒေါ်စုခေါင်းဆောင်ပြီး ဒီလူကြီးတွေနဲ့ ဖွဲ့စည်းထားတာပဲ။ သူတို့ကြောင့်တော့ ပါတီအကွဲမခံနိုင်ဘူး။ ဦးကိုနီလည်း အတူတူပဲလေ" ဟု ပြည်နယ် NLD ပါတီခေါင်းဆောင်တစ်ဦးက ပြောဆိုသည်။

NLD ပါတီအတွင်း လူသစ်လူဟောင်း ပြဿနာမှာ ဒေါ်အောင်ဆန်းစုကြည်၏ အားကိုးယုံကြည်မှု၊ စီမံခန့်ခွဲနိုင်မှုတို့အပေါ် မူတည်နေကြောင်း သိရှိရသည်။