သြကာသ ရှင်းတမ်း
သြကာသ ဘုရားရှိခိုး
သြကာသ… သြကာသ…. သြကာသ
ကာယကံ၊ ၀စီကံ ၊ မနောကံ၊ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း
အကျိုးငှာ၊ ပထမ ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊ နှစ်ကြိမ် ၊ သုံးကြိမ်
မြောက်အောင်၊ ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ ရတနာ မြတ်သုံးပါးတို့ကို၊ အရို
အသေ အလေး အမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏
ရှင်ဘုရား။
ဆုတောင်း ခြင်း
ကန်တော့ရသော အကျိုးအားကြောင့်
အပါယ်လေးပါး ၊ ကပ်သုံးပါး၊ ရပ်ပြစ် ရှစ်ပါး၊ ရန်သူမျိုး ငါးပါး၊ ၀ိပတ္တိတရား
လေးပါး၊ ဗျသန တရားငါးပါး၊ အနာမျိုး ၉၆ ပါး၊ မိစ္ဆာဒိဋ္ဌိ ၆၂ ပါးတို့မှ
အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား ဖိုလ်တရားနိဗ္ဗာန်
တရားတော်မြတ်ကို ရပါလို့၏ အရှင်ဘုရား။
သြကာသ ရှင်းတမ်း
သြကာသ
= ရှိခိုးပါရစေ၊ ကန်တော့ပါရစေဟု အခွင့်တောင်းခြင်းကို သြကာသဟု ခေါ်သည်။
လေးနက်စေလိုသောကြောင့် လည်းကောင်း၊ ထင်ရှားပျံ့နှံ့စေလိုသောကြောင့်
လည်းကောင်း သြကာသကို သုံးကြိမ် ဆိုရပါသည်။
ကံသုံးပါး = ကိုယ်ဖြင့်ပြုသော အမှုကို ကာယကံ၊ နှုတ်ဖြင့်ပြောသောအမှုကို ၀စီကံ၊ စိတ်ဖြင့်ကြံသောအမှုကို မနောကံဟုခေါ်သည်။
ရတနာ = နှစ်သက်မြတ်နိုးအပ်သောကြောင့် ရတနာဟုခေါ်ပါသည်။
ဘုရား = တရားအလုံးစုံကို အကုန်အစင် သိမြင်တော်မူသောကြောင့် ဘုရားဟု ခေါ်ပါသည်။
တရား = အပါယ်ဆင်းရဲ သံသရာဝဋ်ဆင်းရဲသို့ မကျရောက်အောင် ဆွဲဆောင်တတ်သောကြောင့် တရားဟု ခေါ်ပါသည်။
သံဃာ = အယူသီလ တူမျှခြင်းဖြင့် ပေါင်းစုဖွဲ့စည်းထားသောကြောင့် သံဃာဟု ခေါ်ပါသည်။
အရိုအသေ = ကိုယ် ၊ နှုတ် ၊ စိတ် သုံးပါးတို့ဖြင့် ညွတ်တွား ကိုင်းရှိုင်းခြင်း။
အလေးအမြတ် = တကယ်အဟုတ် စိတ်ပါပါနှင့် လေးစားမြတ်နိုးခြင်း။
ရှိခိုး = ရှိခိုးခြင်းမှာ ကိုယ်ဖြင့်ရှိခိုးခြင်း ၊
နှုတ်ဖြင့်ရှိခိုးခြင်း၊ စိတ်ဖြင့်ရှိခိုးခြင်းဟူ၍ သုံးမျိုးရှိသည်။
ကိုယ်ဖြင့် ရှိခိုးခြင်းဆိုသည်မှာ ရတနာသုံးပါး၊ မိဘ၊ ဘိုးဘွား၊
ဆရာသမားတို့၏ ဂုဏ်ကျေးဇူးကို အာရုံပြု၍ ထိခြင်းငါးပါးဖြင့်
ရှိခိုးခြင်းကိုခေါ်သည်။ နှုတ်ဖြင့်ရှိခိုးခြင်းဆိုသည်မှာ ရတနာသုံးပါး၏
ဂုဏ်ပုဒ်များကို နှုတ်ဖြင့်ထုတ်ဖော်၍ ရွတ်ဆိုခြင်းကို ခေါ်ပါသည်။
စိတ်ဖြင့်ရှိခိုးခြင်းဆိုသည်မှာ ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးကို စိတ်ထဲမှ
အဖန်တလဲလဲ အောက်မေ့ခြင်းကိုခေါ်ပါသည်။
ပူဇော် = အာမိသ - ပစ္စည်းဖြင့် ပူဇော်ခြင်း၊ ဓမ္မ - တရားဖြင့် ပူဇော်ခြင်း နှစ်မျိုးရှိသည်။
ဖူးမြော် = ပကတိမျက်စိဖြင့် ဖူးမြော်ခြင်း၊ အသိဥာဏ်မျက်စိဖြင့် ဖူးမြော်ခြင်း။
မာန်လျှော့ = မိမိသန္တာန်ရှိသော မာန်မာနတရားများကို လျှော့ချဖယ်ရှားခြင်း
(ရတနာသုံးပါးကို မြင့်မြတ်ရာ၌ ထားခြင်း)ကို မာန်လျှော့သည်ဟု ခေါ်ပါသည်။
မာန်လျှော့ခြင်းကို နိဝါတမင်္ဂလာ ဟုလဲ ခေါ်ပါသည်။
ကန်တော့ = အပြစ်ရှိက
ခွင့်လွှတ်တော်မူပါဟု ၀န်ချတောင်းပန်ခြင်းကို ကန်တော့သည်ဟုခေါ်သည်။
အပြစ်ရှိ၍ ကန်တော့ခြင်း၊ ကုသိုလ်ရလိုပြီး ကန်တော့ခြင်းဟု နှစ်မျိုးရှိသည်။
(ကန်တော့ ဆိုသည်မှာ အကုသိုလ်ကို ကန်, ကျောက်ပြီး ကုသိုလ် ကိုတော့, ယူခြင်းကို ဆိုလိုသည်။)
ဆုတောင်းခြင်း
အပါယ် ၄ ပါး - ချမ်းသာကင်း၍ ကုသိုလ်ကောင်းမှု ပြုခွင့်မရသော အရပ်ကို အပါယ်ဟု ခေါ်သည်။
၁။ ငရဲ = ချမ်းသာသုခဝေးကွာ၍ ဒုက္ခအတိပြီးသော ဘုံဌာန။
၂။ တိရစ္ဆာန် = အိပ်၊ စား၊ ကာမ ဤသုံးမျိုးသာသိ၍ မဂ်ဖိုလ်မှ ဖီလာဖြစ်သော သတ္တ၀ါ။
၃။ ပြိတ္တာ = ချမ်းသာအပေါင်းမှ ဝေးကွာသော သတ္တ၀ါ။
၎။ အသူရကာယ် = နတ်များကဲ့သို့ မရဲရင့်၊ မတင့်တယ်၊ မတောက်ပသော သတ္တ၀ါ။
ကပ် ၃ ပါး - ငတ်မွတ်ဘေး၊ လက်နက်ဘေး၊ ရောဂါဘေးတို့ကြောင့် ပျက်စီးခြင်း။
၁။ ဒုဗ္ဘိက္ခန္တရကပ် = ငတ်မွတ်ဘေးကြောင့် ပျက်စီးသောကပ်။
၂။ သတ္တန္တရကပ် = လက်နက်ဘေးကြောင့် ပျက်စီးသောကပ်။
၃။ ရောဂန္တရကပ် = ရောဂါဘေးကြောင့် ပျက်စီးခြင်းရှိသောကပ်။
ရပ်ပြစ် ၈ ပါး
၁။ ငရဲ - ချမ်းသာမှု မရှိသောအရပ်
၂။ တိရစ္ဆာန် - အိပ် စား ကာမ သုံးခုသာသိ၍ မဂ်ဖိုလ်မှ ဖီလာကန့်လန့်ဖြစ်သော သတ္တ၀ါ
၃။ ပြိတ္တာ - ချမ်းသာသုခကင်းဝေးသော ဖုတ်၊ တစ္ဆေစသော (နေ့ခံ ညစံ၊ ညစံ နေ့ခံသတ္တ၀ါ)
၎။ အသညသတ်နှင့် အရူပဗြဟ္မာ - ဘုရားပွင့်တဲ့အခါ လွန်စွာ အသက်ရှည်ပြီး ဘုရားရှင်ကို မဖူးတွေ့နိုင်
၅။ ပစ္စန္တရစ်အရပ် - ရတနာသုံးပါးမတည်၍ ရိုင်းစိုင်းသူတို့နေရာအရပ်
၆။ မိစ္ဆာဒိဋ္ဌိ - ရတနာသုံးပါးကို အယုံအကြည်မရှိသူတို့နေရာ အရပ်
၇။ ဉာဏ်ပညာမဲ့သူ - တရားကိုနားမလည်သော အသိဥာဏ်ပညာမဲ့သူတို့နေရာအရပ်
၈။ ဘုရားမပွင့်ရာအခါ သာသနာမဲ့ရာအခါ၌ လူဖြစ်ရခြင်းတို့သည် မဂ်ဖိုလ်နိဗ္ဗာန် မရနိုင်သည်ကိုစွဲ၍ ရပ်ပြစ်ရှစ်ပါးဟု ခေါ်သည်။
ရန်သူမျိုး ၅ ပါး
၁။ ရေ
၂။ မီး
၃။ မင်း
၎။ ခိုးသား ဓားပြ
၅။ အမွေခံ အမွေဆိုး
ဝိပတ္တိတရား ၄ ပါး - ဖောက်ပြန်ချွတ်ယွင်းခြင်းကို ၀ိပတ္တိဟု ခေါ်သည်။
၁။ ဂတိဝိပတ္တိ = အပါယ်ဘုံ၌ ဖြစ်ရခြင်း။
၂။ ဥပဓိဝိပတ္တိ = ရုပ်ဆင်းအင်္ဂါချို့တဲ့ခြင်း။
၃။ ကာလ၀ိပတ္တိ = တရား မစောင့်သူတို့၏ လက်ထက်၌ လူဖြစ်ရခြင်း။
၎။ ပယောဂ၀ိပတ္တိ = အကုသိုလ်တရားကိုသာ အားထုတ်၍ အကျင့်ပျက်စီးခြင်း။
ဗျသနတရား ၅ ပါး - ပျက်စီးခြင်းကို ဗျသနဟု ခေါ်သည်။
၁။ ဉာတိဗျသန = ဆွေမျိုးပျက်စီးခြင်း။
၂။ ဘောဂဗျသန = စည်းစိမ်ပျက်စီးခြင်း။
၃။ ရောဂဗျသန = ရောဂါနှိပ်စက်၍ပျက်စီးခြင်း။
၎။ ဒိဋ္ဌိဗျသန = အယူလွဲမှား၍ပျက်စီးခြင်း။
၅။ သီလဗျသန = အကျင့်သီလပျက်စီးခြင်း။
အနာမျိုး ၉၆-ပါး
သည်းခြေကြောင့်ဖြစ်သော ရောဂါ (၃၂)ပါး၊
လေကြောင့်ဖြစ်သော ရောဂါ (၃၂)ပါး နှင့်
သလိပ်ကြောင့် ဖြစ်သော ရောဂါ (၃၂)ပါး၊
မိစ္ဆာဒိဋ္ဌိ ၆၂-ပါး
သဿတ ဒိဋ္ဌိဝါဒ (၄)ပါး
ဧကစ္စ သဿတ ဒိဋ္ဌိဝါဒ (၄)ပါး
အန္တာနန္တ ဒိဋ္ဌိဝါဒ (၄)ပါး
အမရာ ၀ိက္ခေပ ဒိဋ္ဌိဝါဒ (၄)ပါး
အဓိစ္စသမုပ္ပန္န ဒိဋ္ဌိဝါဒ (၂)ပါး
ဥဒ္ဒမာဃာတနသညီ ဒိဋ္ဌိဝါဒ (၁၆)ပါး
ဥဒ္ဓမာဃာတနအသညီ ဒိဋ္ဌိဝါဒ (၈)ပါး
ဥဒ္ဓမာဃာတနနေ၀သညီနာသညီ ဒိဋ္ဌိဝါဒ (၈)ပါး
ဥစ္ဆေဒ ဒိဋ္ဌိဝါဒ (၇)ပါး
ဒိဋ္ဌဓမ္မ နိဗ္ဗာန ဒိဋ္ဌိဝါဒ (၅)ပါး
မဂ်တရား = နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော တရားလမ်းကို မဂ်ဟု ခေါ်သည်။
ဖိုလ် = မဂ်၏ အကျိုးတရားကို ဖိုလ်ဟုခေါ်သည်။
နိဗ္ဗာန် = ရာဂ၊ ဒေါသ၊ မောဟ တို့၏ကင်းရာ ငြိမ်းအေးမှု ဓာတ်သဘောကို နိဗ္ဗာန်ဟုခေါ်သည်။
No comments:
Post a Comment