ဒီမိုကရေစီယဉ်ကျေးမှု (သို့မဟုတ်) ဆန္ဒထုတ်ဖော်ခြင်း
(ဆောင်းပါးရှင် - မောင်တင်ဦး (မြောင်းမြ))
ဒီမိုကရေစီ
ဒီမိုကရေစီဆိုတဲ့ ဝေါဟာရရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ အမျိုးမျိုး
သတ်မှတ်ကြပေမယ့် တူတာတစ်ခုကတော့ အများ (Majority) ကို ဦးစားပေးပြီး အနည်း
(Minority) ကို လေးစားခြင်းဆိုတဲ့ ကျင့်စဉ်ကို လိုက်နာကျင့်သုံးစေတာ
ဖြစ်ပါတယ်။
ဘာကြောင့် အများကို ဦးစားပေးရသလဲ။
ကမ္ဘာပေါ်မှာ
လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက လူဦးရေဟာ အနည်းအကျဉ်းမျှသာ
ရှိခဲ့ပါတယ်။ ထိုအနည်းအကျဉ်းသော လူများဟာ အတွေ့အကြုံ နည်းပါးခြင်း၊
အသိအမြင် နည်းပါးခြင်း၊ လူမှုလောကဟာ မကျယ်ဝန်းခြင်းတို့ကြောင့်
လူအချင်းချင်း ကွဲပြားတာတွေ သိပ်မရှိသေးပါဘူး။
ဒါပေမဲ့
မျက်မှောက်ခေတ်ကာလမှာ လူဦးရေဟာ သန်းပေါင်းထောင်ကျော်လာပါပြီ။ လူဦးရေ
များလာတာနဲ့အမျှ အတွေးအခေါ်၊ အယူအဆ၊ ယုံကြည်မှု၊ ဘာသာကိုးကွယ်မှု၊
လူမျိုးအမျိုးမျိုး ဖြစ်တည်လာမှုတွေကြောင့် မတူကွဲပြားခြားနားမှုတွေက
အကြီးအကျယ် ကျယ်ပြောများပြားလာပါတယ်။
လူမျိုးကြီးက
လူမျိုးအနည်းစုကို အနိုင်ကျင့်မှု၊ အသားအရောင်ကို အကြောင်းပြုပြီး
ခွဲခြားဆက်ဆံမှု၊ အာဏာရှိသူက အာဏာမဲ့သူကို နိုင်ထက်စီးနင်းလုပ်မှု၊
ဥစ္စာရှိသူက ဥစ္စာမရှိသူကို နှိမ့်ချဆက်ဆံမှု စတဲ့ပဋိပက္ခတွေက နေရာအနှံ့
နိစ္စဓူဝ ဖြစ်ပေါ်နေပါတယ်။ ဒါကို ခေတ်ဟောင်းမယဉ်ကျေးမီ ကာလကလို အာဏာနဲ့
ဖိနှိပ်အုပ်ချုပ်တာကို အသိတရားမြင့်မားလာတဲ့ လူတွေက မျက်စိမှိတ်
လက်မခံတော့ပါဘူး။ ကိုယ်စီကိုယ်စီရဲ့ အသိ၊ ဆန္ဒကို အသိအမှတ်ပြုခံလိုစိတ်၊
သူတစ်ပါးကို ဝေမျှလိုစိတ်၊ အများနည်းတူ မိမိတတ်နိုင်သရွေ့ ပါဝင်လိုစိတ်၊
ဒီစိတ်တွေဟာ သက်ဦးဆံပိုင် မြေရှင်ပဒေသရာဇ်ကို လက်မခံနိုင်တော့ပါဘူး။
မိမိဆန္ဒသဘောထား မပါဘဲ ကျိုးကြောင်းဆီလျော်မှု မရှိတဲ့ အမိန့်တွေ၊ အာဏာတွေကို
တုံ့ပြန်တွန်းလှန် လာကြပါတယ်။ ထို့အတူ တစ်သွေးတစ်သံတစ်မိန့်ဆိုတာ
အာဏာရှင်ဆန်ဆန် အုပ်ချုပ်တာကိုလည်း မလိုလားကြတော့ပါဘူး။ အထူးသဖြင့် မိမိဆန္ဒ
ပျောက်ဆုံးနေတာ မိမိဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်ပြခွင့်မရတာဟာ
ပြည်သူတွေစိတ်ကို အထိခိုက်ဆုံး ဖြစ်စေပါတယ်။ မိမိဖြစ်တည်မှု (Existence)
ဆုံးရှုံးခြင်း၊ မိမိလွတ်လပ်မှု (Freedom) ဆုံးရှုံးခြင်း ဖြစ်ပါတယ်။
ဒါကြောင့် သက်ဦးဆံပိုင်ဘုရင်စနစ်၊ မြေရှင်ပဒေသရာဇ်စနစ်၊ ဖက်ဆစ်စနစ်၊
အာဏာရှင်စနစ်တို့ကို အသက်သွေးတွေ စတေးပြီး တော်လှန်ကာ အများဆန္ဒကို
ဦးစားပေးတဲ့ ဒီမိုကရေစီစနစ်ကို ထူထောင်လာကြတာ ဖြစ်ပါတယ်။
ဥပဒေမှာ မိမိအတွက် ဘာပါသလဲ
ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီဆိုရင် ဒီမိုကရေစီ အနှစ်သာရရှိရှိ
ကျင့်သုံးရပါမယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရက အများဆန္ဒ အများသဘောထား ရယူပြီးမှ
ပွင့်လင်းမြင်သာစွာ အုပ်ချုပ်ရပါတယ်။ မိမိတစ်ဦးချင်းဆီရဲ့ အခန်းကဏ္ဍ (Role)
လက်သိပ်ထိုး တိုးတိုးတိတ်တိတ် တစ်စုတစ်ဖွဲ့တည်းက ကျိတ်အုပ်ချုပ်လို့
မရတော့ပါဘူး။ ဥပဒေတစ်ခုခု၊ အမိန့်တစ်ခုခု ထွက်ပေါ်လာပြီဆို လူတွေက ထိုဥပဒေ၊
အမိန့်ဟာ တရားသည်၊ မတရားသည်ကို သတိပြုမိ လာကြပါတယ်။ ပြည်သူ့အကျိုး၊
မိမိအကျိုး ဘယ်လောက်ပါတယ်။ ပြည်သူ့ဆန္ဒ ဘယ်လောက်ပါသလဲ။ အုပ်ချုပ်သူတို့အတွက်
အကျိုးဘယ်လောက်ပြုတယ်ဆိုတာ သိနားလည်လာကြပါပြီ။
ဆိုလိုချင်တာက
ဥပဒေတစ်ခုဟာ တရားလား၊ မျှတလား၊ မျှော့ကြိုးလို လိုသလို လုပ်လို့ရသလား၊
ဖိနှိပ်မှုလား၊ ထောင်ချောက်ဆင်တာလား စတာတွေကို ပြည်သူတွေက အတွေ့အကြုံမှရတဲ့
သင်ခန်းစာတွေကြောင့် ဆန်းစစ်တတ်၊ လေ့လာတတ်၊ သုံးသပ်တတ်နေပါပြီ။
ဒါကြောင့် အစိုးရက ဥပဒေတစ်ခုကို ထုတ်ချင်သလို ထုတ်လို့မရတော့ပါဘူး။
လက်ရှိအစိုးရ ကိုယ်တိုင်လည်း ဒီမိုကရေစီစနစ် ကူးပြောင်းတာကို လက်ခံလာပြီး
ပြည်သူကို ဗဟိုပြုရမယ်ဆိုတာ နားလည်လာပါပြီ။
အစိုးရကိုယ်တိုင်က
အုပ်ချုပ်ရေးလုပ်ငန်း ပြေပြစ်ချောမွေ့စေဖို့ လိုအပ်တဲ့ဥပဒေထုတ်ရတာ
သဘာဝကျတဲ့ လုပ်ငန်းစဉ်တစ်ခုပါ။ အစိုးရထုတ်တဲ့ ဥပဒေတိုင်းဟာ မှန်ကန်တယ်။
တရားမျှတတယ်။ ပြည်သူကို အကျိုးပြုတယ်။ ဒါတွေက လက်တွေ့နယ်ပယ်မှာ
လက်တွေ့ကျင့်သုံးကြည့်မှ သိလာရတဲ့ ကိစ္စပါ။ တစ်ခါတလေ ဥပဒေတစ်ခုကို
အကြောင်းပြုပြီး အဖွဲ့အစည်း တစ်ခုခုက တလွဲအဓိပ္ပာယ်ကောက်တာ၊ ဒါမှမဟုတ် လူတွေ
မသိနားမလည်မှုကို အခွင့်အရေးယူကာ အုပ်ချုပ်သူအချို့က လိုသလို
အသုံးချတတ်ကြပါတယ်။ ဒါတွေကို တာဝန်ရှိသူတွေ၊ အလုပ်များနေလို့ အထက်လူကြီးတွေ
သတိမပြုမိလိုက်ကြပါဘူး။ ဒီလိုနဲ့ လူတစ်စုရဲ့ အနိုင်ကျင့်မှုကို
အသားလွတ်ကြီး ခံလိုက်ရပါတယ်။ ဒီလိုခံခဲ့ရတာလည်းနှစ် ၆၀ ကြာခဲ့ပါပြီ။
ဘယ်သူ့ကို တိုင်ရမှန်းမသိလို့ ငုံ့ခံ၊ ကြိတ်ခံခဲ့ရတာပါ။
ဒီမိုကရေစီခေတ် ရောက်ပြီ
တရုတ်ရုပ်ရှင်မှာ ပေါင်ချိန်ကို မတရားအပြုခံရသူက အချိန်မရွေး
တိုင်ကြားနိုင်ဖို့ ရုံးရှေ့မှာ စည်ကြီးတစ်ခု ထားရှိပါတယ်။ မြန်မာဘုရင်များ
လက်ထက်က ဟစ်တိုင်ဆိုတာ ရှိခဲ့ပါတယ်။ ခုတော့ ဒီမိုကရေစီခေတ်ကို
ရောက်ပြီလို့ ဆိုနိုင်ပြီ ထင်ပါတယ်။ ဒီမိုကရေစီရဲ့ ယဉ်ကျေးမှုတစ်ရပ်က
လွတ်လပ်စွာ ရေးသားခွင့်၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် စတဲ့လွတ်လပ်မှုတွေကို
ကျင့်သုံးခွင့်ရှိလာတဲ့ ယဉ်ကျေးမှုဖြစ်ပါတယ်။
ဆိုတော့ ဆန္ဒပြတာ၊
ဆန္ဒထုတ်ဖော်တာဟာ ဘယ်သူ့ကိုမှ တိုက်ခိုက်တာ ဆန့်ကျင်တာ မဟုတ်ပါဘူး။
မတရားခံရတာကို အများသိစေလိုလို့ ဖြစ်ပါတယ်။ တာဝန်ရှိသူတွေ သိစေဖို့
ဖြစ်ပါတယ်။ အထက်လူကြီးတွေ အသိအမှတ်ပြုခံရဖို့ ဖြစ်ပါတယ်။ မတရားခံရတာကို
စုံစမ်းပေးစေချင်လို့ မျှတတဲ့ ဆုံးဖြတ်ချက်တစ်ခု ရရှိဖို့ ဆန္ဒပြတာပါ။
ရှစ်ဆယ့်ရှစ် အရေးတော်ပုံ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က
“တိုင်းသူပြည်သားတွေဟာ အစိုးရအာဏာနဲ့ ငါတို့ကိုနှိမ်နင်းမယ်ဆိုတဲ့ အသိနဲ့
ဆန္ဒပြခြင်း မပြုလုပ်ဘဲ ငြိမ်ခံလိုက်ရင် အဲဒီအစိုးရ စီမံကိန်းရဲ့
ဘေးထွက်ဆိုးကျိုးတွေကို ဒေသခံပြည်သူတွေ နစ်နစ်နာနာ ခံစားရပါလိမ့်မယ်လို့
သတိပေး ပြောကြားလိုပါတယ်။ ဆန္ဒပြခြင်းဟာ အစိုးရရဲ့ စီမံကိန်းတွေကို ပြည်သူက
ထိန်းကျောင်းတည့်မတ်ပေးတဲ့ သဘော။ တစ်နည်းပြောရရင် အစိုးရကို
ဒီမိုကရေစီနည်းနဲ့ ပြုပြင်ပေးနေတာ ဖြစ်ပါတယ်” လို့ ဟောပြောပွဲတစ်ခုမှာ
ထည့်သွင်းပြောကြား သွားပါတယ်။
ဒါကို အုပ်ချုပ်သူတို့
တလွဲအဓိပ္ပာယ်ကောက်ပြီး ဆန္ဒပြတာကို အကြမ်းဖက်နှိမ်နင်းတာဟာ ပြဿနာကို
မှန်ကန်စွာဖြေရှင်းတဲ့နည်း မဟုတ်ပါဘူး။ ပြဿနာကို ပိုမိုကြီးထွားစေတာသာ
ဖြစ်ပါတယ်။
ပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းချင်ရင်
ဆန္ဒပြုလိုသူတို့ရဲ့ ဆန္ဒကို ထုတ်ဖော်ခွင့် ပြုရပါမယ်။ ဆန္ဒပြသူရဲ့
ဆန္ဒအမှန်ကို အုပ်ချုပ်သူများက သိရှိအောင် ဆွေးနွေးမေးမြန်းရပါမယ်။
မတရားခံရတာ ဟုတ်၊ မဟုတ် စိစစ်ရပါမယ်။ စုံစမ်းရပါမယ်။
မျှမျှတတပြောရရင် ဆန္ဒပြသူတိုင်းရဲ့ တောင်းဆိုချက်တိုင်း၊ ဆန္ဒတိုင်းဟာ
တရားသဖြင့် ဖြစ်ချင်မှ ဖြစ်တတ်တာပါ။ မဖြစ်နိုင်တဲ့ တောင်းဆိုချက်၊
မတရားတဲ့တောင်းဆိုချက် ဖြစ်နေရင် ဆန္ဒပြသူတို့ရဲ့ဘက်က မှားယွင်းနေကြောင်း
တာဝန်ရှိသူများ ကိုယ်တိုင်က ရှင်းလင်းဆွေးနွေးပြဖို့ လိုပါတယ်။
ဒီလိုလုပ်ဆောင်ချက်တွေဟာ ဒီမိုကရေစီ ယဉ်ကျေးမှုကို လက်တွေ့အသုံးပြုလိုက်တာ
ဖြစ်ပါတယ်။
ထစ်ခနဲဆို ဆန္ဒပြသလား
လတ်တလော ဆန္ဒပြသူတွေ
မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ ဖြစ်ပွားနေပါတယ်။ ဒါဟာ ထစ်ခနဲဆို
ဆန္ဒပြကြသလားလို့ မေးခွန်းထုတ်သူတွေလည်း ရှိလာပါတယ်။ စင်စစ် တရားဥပဒေ
စိုးမိုးမှုက အမှန်တကယ် ထွန်းကားမလာသေးသရွေ့ ထစ်ခနဲဆို ဆန္ဒပြနေရဦးမှာပါ။
တရားဥပဒေဟာ အထက်မှာသာ စာနဲ့ပေနဲ့ ရှိနေပေမယ့် ပြည်သူအများစုကို
အကာအကွယ်ပေးနိုင်တဲ့ အဆင့်ထိ အောက်ခြေကို ရောက်မလာသေးပါဘူး။ တရားရုံးတွေဟာ
လာဘ်ပေး၊ လာဘ်ယူမှု၊ အဂတိလိုက်စားမှုတွေနဲ့ ပြည့်နှက်နေလို့ မတရားမှုတွေက
ထွန်းကားနေတာပါ။ ပြည်သူတွေကို အကာအကွယ် မပေးနိုင်သေးပါဘူး။
ထို့အတူ
မြေယာများကို မတရားသိမ်းဆည်းမှုကိုလည်း တရားဥပဒေနဲ့ ထိထိရောက်ရောက်
မကာကွယ်နိုင်သေးပါဘူး။ စည်ပင်သာယာပိုင်မြေ၊ တပ်ပိုင်မြေ၊ စီမံကိန်းမြေဆိုတာ
လက်ရှိနေထိုင်သူတွေကို အမိန့်အမျိုးမျိုး ထုတ်ဆင့်ကာ ဒါမှမဟုတ်
အင်အားသုံးကာ ဖယ်ရှားနေတာ နေ့စဉ်ကြားနေရပါတယ်။ ဒီ့အတွက် အကျိုးဆက်က
ဆန္ဒပြမှုတွေ ဆက်တိုက်ပေါ်ပေါက်လာနေတာ ဖြစ်ပါတယ်။ မိကျောင်းကန် သပိတ်စခန်း၊
ပုသိမ်ချောင်းသာ၊ ငွေဆောင်၊ ကန်ကြီးဒေါင့်၊ ငပုတော စတဲ့အနယ်နယ်အရပ်ရပ်မှ
ဆန္ဒထုတ်ဖော်မှုများ တွေ့နေရပါတယ်။ ဆန္ဒပြမှုတွေ ပေါ်ပေါက်လာတာဟာ
မတရားမှုကိုပြည်သူ၊ မီဒီယာတွေ အပါအ၀င် နိုင်ငံတော်သမ္မတအထိ သိရှိစေအောင်ပါ။
ဇန်န၀ါရီ ၂၇ ရက် နံနက် ၁၀ နာရီခန့်က တစ်ကိုယ်တော်ဆန္ဒပြမှု
ဖြစ်ပွားပြန်ပါတယ်။ ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှာ ဖြစ်ပါတယ်။
တစ်ကိုယ်တော်ဆန္ဒပြသူ ကိုထင်ကျော်ကြောင့် တရားရေးမဏ္ဍိုင် ယိုင်နဲ့နေပုံကို
ပြည်သူတွေ သတိပြုမိစေပါတယ်။ ဇန်န၀ါရီ ၂၈ ရက်နံနက် ၁၁ နာရီခန့်က
သင်္ဃန်းကျွန်းဈေးမှ ဈေးသူ၊ ဈေးသားများနဲ့ ဦးစံဖေရပ်ကွက်မှ ရပ်ကွက်သူ၊
ရပ်ကွက်သားတွေ စုပေါင်းပြီး အနော်ရထာလမ်း ပြန်ပေးရေး၊ ခရိုင်စည်ပင်
အဆောက်အအုံ ဖျက်သိမ်းပေးရေးတို့အတွက် ဆန္ဒထုတ်ဖော်ကြပါတယ်။
သန်လျင်နည်းပညာတက္ကသိုလ်၊ မှော်ဘီနည်းပညာတက္ကသိုလ် ရန်ကုန်အနောက်ပိုင်း
နည်းပညာတက္ကသိုလ်များမှ ကျောင်းသားကျောင်းသူများက နည်းပညာတက္ကသိုလ်များတွင်
BE ဘွဲ့ ထားရှိပေးရန် ဆန္ဒထုတ်ဖော် ခဲ့ကြပါတယ်။ ဒီလိုမျိုး ထစ်ခနဲရှိ
ဆန္ဒပြတာဟာ ဘယ်သူ့ကိုမှ မထိခိုက် မနစ်နာစေပါဘူး။ ဆန္ဒပြသူတွေ ဘယ်လိုပြပြ
မသိချင်ယောင်ဆောင် လုပ်ချင်တာကို မျက်နှာပြောင်တိုက် ဆက်လုပ်ပြတဲ့
ပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေ အများကြီးပါ။ အထူးသဖြင့် အစိုးရ
ကျောထောက်နောက်ခံပြုထားတဲ့ အဖွဲ့အစည်းများအပြင်
တခြားကျောထောက်နောက်ခံပြုထားတဲ့ အဖွဲ့အစည်းများက ဆန္ဒပြတာကို နည်းနည်းလေးမှ
အလေးအနက်ထားဟန် မရှိပါဘူး။ သူတို့လုပ်ချင်တာကို ဆက်လုပ်နေကြတာ
လက်တွေ့နယ်ပယ်မှာ အများကြီးပါ။
အစိုးရကို ပြုပြင်ပေးပါ
ဆန္ဒပြခြင်းဟာ အစိုးရရဲ့ စီမံကိန်းတွေကို ပြည်သူက ထိန်းကျောင်းတည့်မတ်ပေးတဲ့
သဘောကို ဆိုလိုခြင်းဖြစ်ပါတယ်။ တစ်နည်းပြောရရင် အစိုးရကို ဒီမိုကရေစီ
ယဉ်ကျေးမှုနဲ့ ပြုပြင်ပေးရုံသာမက ပြည်သူနဲ့အစိုးရ ပူးပေါင်းဆောင်ရွက်ခြင်း
အပေါင်းလက္ခဏာဆောင်စေတဲ့ လုပ်ရပ်အဖြစ် မြင်ကြည့်စေလိုပါတယ်။
ရှိပါစေ။
လူဆိုတာ ရင်ဖွင့်ချလိုက်မှ ရင်ထဲပေါ့သွားတတ်တာပါ။ ပြောချင်တာလေး
ပြောလိုက်ရမှ နေသာထိုင်သာ ရှိတာပါ။ ယခင်ခေတ်များကဆို လူအများရှေ့မှာ
ဘာမှလွတ်လွတ်လပ်လပ် ပြောလို့ရခဲ့တာ မဟုတ်ပါဘူး။ စင်စစ်ဆန္ဒထုတ်ဖော်ခြင်းဟာ
ဒီမိုကရေစီ ယဉ်ကျေးမှုတစ်ရပ် ဖြစ်တယ်ဆိုတာ အုပ်ချုပ်ရေးမှ
တာဝန်ရှိသူများကိုယ်တိုင် ကောင်းစွာသဘောပေါက်သင့်ပါတယ်။
ဒီမိုကရေစီယဉ်ကျေးမှု ထွန်းကားစေရေးအတွက် အစိုးရရဲ့ ဆန္ဒကိုပဲ ဦးစားပေးမနေဘဲ
ပြည်သူ့ဆန္ဒကိုလည်း ထည့်သွင်းစဉ်းစားပေးတဲ့ အနေနဲ့ အစိုးရကိုယ်တိုင်က
ဆန္ဒပြမှုကို ကြည်ကြည်ဖြူဖြူ လက်ခံပေးရန် တိုက်တွန်းအပ်ပါသည်
No comments:
Post a Comment