Monday, 23 November 2015

“ကလေးတို့အတွက်ရေးတဲ့ ကိုမင်းကိုနိုင်ရဲ့ ကဗျာ”....

“ကလေးတို့အတွက်ရေးတဲ့
ကိုမင်းကိုနိုင်ရဲ့ ကဗျာ”....
__________________________
“ပြေးခဲ့ပါ ကလေး
ထမင်းတလုပ် တုတ်တချက်နဲ့ဝေးရာ
မင်းကို
ညှင်းမည့်လက်တွေ
တုပ်မည့်ကြိုးတွေနဲ့ဝေးရာ
ခြံဝင်းအပြင်မှာ
လွတ်မြောက်ရာရှိမယ်
ပြေးခဲ့ပါကလေး ...........

ဩော် ဒါပေမယ့်
ကလေးရဲ့ ခြေထောက်လေးတွေက
လွတ်အောင်ပြေးနိုင်ပါ့မလား ...........
ပြေးခဲ့ပါ ကလေး
မီးပွိုင့်နဲ့ ဝေးရာ
ရောင်းလက်စ စံပယ်ကုံးလေးပါ ယူခဲ့
ဒါပေမယ့်
ကားအန္တရာယ်
ကလေးရဲ့ ခြေထောက်လေးတွေက
လွတ်အောင်ပြေးနိုင်ပါ့မလား ............
ပြေးခဲ့ပါ ကလေး
မင်းရဲ့ ကျောင်းလွယ်အိတ်လေးလည်းယူခဲ့
ကိုယ်ကျိုး စီးပွား လောင်မီးကျသွားတဲ့
မင်းတို့တောင်ယာကြားက
ပြေးခဲ့
မင်းရဲ့ ညီမလေးကို
ကျောင်းစာအုပ်တွေနဲ့အတူ ကျောပိုးပြေးခဲ့ .........
ဩော် ဒါပေမယ့်
လူသတ်မိုင်းတွေကို
ကလေးရဲ့ ခြေထောက်လေးတွေက
လွတ်အောင်ပြေးနိုင်ပါ့ မလား ..........
ကမ္ဘာမြေတနေရာမှာ
ခေါင်းလောင်းသံချိုလို့
ကမ္ဘာမြေတနေရာမှာ.
လဲနေသူကိုဖိထောင်းသံတွေငိုလို့
ကမ္ဘာမြေတနေရာမှာ
တိရိစ္ဆာန်ကိုတောင် မိသားစုလိုသဘောထားကြ
ကမ္ဘာမြေတနေရာမှာ
မိသားစုစိတ်အစား လူလူချင်း
တိရိစ္ဆာန်လိုသဘောထားကြ
ကြင်နာမှုကိုရတဲ့ ကလေးတွေက
တနေ့ကြင်နာတတ်သူတွေ ဖြစ်လာမှာ
နာကျင်မှုရတဲ့ ကလေးတွေက
စိတ်ဒဏ်ရာ
ကလေးရေ ပြေးခဲ့
ခနော်နီ ခနော်နဲ့
မင်းရဲ့ခြေနှစ်ဖက်ကို
ဆင်းရဲခြင်း ညှင်းဆဲခြင်းတွေက
ရိုက်ချိုးမခံနဲ့
စာနာခြင်း ညှာတာခြင်းဆီ
မင်း......
ခြေထောက်လေးနဲ့ အရောက်ပြေးခဲ့ ။
မင်းကိုနိုင်
၂၃.၁၁.၂၀၁၅
_______________________________
ညှင်းပန်းနှိပ်စက်ခံနေရသောကလေးငယ်များ၊ စစ်ပွဲများအတွင်း က မြေဇာပင်ဖြစ်နေရသည့် ကလေးငယ်များ၊ ဘဝကို ခက်ခဲပင်ပန်း စွာရုန်းကန်နေရသော ကလေးငယ်များအတွက် ကိုမင်းကိုနိုင်က ကဗျာတစ်ပုဒ် ခံစားရေးဖွဲ့ကာ ကိုယ်တိုင်ရေးဆွဲထားသော ပန်းချီကားနှင့်အတူ သူ၏ဖေ့ဘွတ်ခ်စာမျက်နှာတွင် တင်ထားခဲ့သည်။ ထိုကဗျာနှင့်ပန်းချီကားတို့ကို စာဖတ်ပရိတ်သတ်များ ခံစားနိုင်ရန် ကိုမင်းကိုနိုင်၏ ဖေ့ဘွတ်ခ်စာမျက်နှာမှ မူရင်းအတိုင်း ကူးယူဖော်ပြလိုက်ပါသည်။

No comments:

Post a Comment