xxxxxxxxxxxxxxxxxxx
ကျနော် သိကျွမ်းခဲ့ဖူးသမျှ အမျိုးသမီးတွေထဲမှာ၊
လူနုသလောက် စိတ်ဓာတ် ခက်ထန်မာကြောတဲ့သူ။ စကားအပြောအဆို ရိုးရှင်းပွင့်လင်းသလောက်၊
ဆွေးနွေးညှိနှိုင်းရ ခက်ခဲသူ …. ... ဒါပေမယ့် သူ့ရဲ့ ဖြူစင်ဖြောင့်မတ်မှုကို ဘယ်အခါမဆို မှတ်ကျောက်တင် ခံဝံ့သူ … ။
၂၀၀၅ ခုနှစ်၊ အောက်တိုဘာလထဲ။ ၈၈မျိုးဆက်ကျောင်းသားတွေရဲ့စုရပ်ဖြစ်တဲ့ တောင်ဥက္ကလာက ကိုကိုကြီးရဲ့အခန်းကို ကျနော်ရောက်သွားတော့၊ မင်းကိုနိုင်နဲ့ကိုကိုကြီးတို့ စာတိုလေးတစ်စောင်ကို စိတ်ဝင်တစားဖတ်နေကြတယ်။ "ဘာစာလဲဗျ" ဆိုတော့၊ "ကော့မှူးက ကောင်မလေး တစ်ယောက်ရဲ့ စာပါ။ သူ့ကို တရားရုံးက အမိန့်ချတော့မှာကို ကျနော်တို့တတွေ လာရပ်တည်ပေးဖို့ လှမ်းရေးတာ" လို့ မင်းကိုနိုင်ကဆိုတယ်။ ကိုကိုကြီးကတော့ " သန်ဘက်ခါပဲဗျ။ ကျနော်တို့သွားကြမယ်။ ခင်ဗျား လည်း ပြင်ထားဦး" တဲ့။ ကနော်က " ဖြစ်ပါ့မလားဗျ။ ကျနော်တို့သွားမှ ပိုဆိုးနေဦးမယ်"ဆိုတော့၊ မင်းကိုနိုင်က "ကျနော် အကြောင်းပြန်လိုက်ပြီးသားပါ။ အစ်ကိုတို့ရောက်လာမှ ညီမလေးအတွက် ပိုဆိုးရင်လည်း ဆိုးသွားနိုင်တယ် ဆိုတာကို။ ဒါပေမယ့် သူက ခံနိုင်ရည်ရှိပါတယ်တဲ့။ ဘယ်လိုပဲ ဖြစ်ဖြစ် သူရင်ဆိုင်ပါ့မယ်တဲ့။ ဒီတော့လည်း သွားကြတာပေါ့ဗျာ"
ကျနော်ထောင်ထဲမှာရှိနေစဉ်ကာလ။ ၂၀၀၄/၂၀၀၅ ခုနှစ်တွေအတွင်း၊ ရေဒီယိုအစုတ်ကလေး ထဲကနေ သူ့အသံကို စကြားခဲ့ရဖူးတယ်။ ချက်ကျ၊လက်ကျနဲ့ ရှင်းရှင်းလင်းလင်း၊ ထိထိမိမိ၊ သတ္တိရှိရှိ ပြောဟန်ဆိုဟန်တွေကို အတော်များများကပဲ သဘောကျနှစ်သက်ကြတယ်။ အဲဒီ့ကာလက၊ စစ်အစိုးရ ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် ILO (နိုင်ငံတကာ အလုပ်သမားအဖွဲ့)က အပြင်းအထန် တုန့်ပြန်နေချိန်၊ တစ်ချိန်တည်းမှာပဲ ILO ရဲ့ တောင်းဆိုမှုတွေကို စစ်အစိုးရက (ဟန်ပြပဲဖြစ်ဖြစ်) လိုက်လျောဖို့ ကြိုးစားနေချိန်။ ဒီလို အချိန်မှာပဲ မစုစုနွေးတို့ ကော့မှူးမြို့နယ်မှာတော့ လုပ်အားပေး ဆိုပြီး အဓမ္မအလုပ်စေခိုင်းမှုတွေက ရှိနေဆဲ။ တောင်သူလယ်သမားသားသမီး၊
ကျေးတောသူတစ် ယောက်ဖြစ်တဲ့ မစုစုနွေးအနေနဲ့ ကိုယ့်ရွာသူရွာသားတွေ အခုလိုမတရားအဖိနှိပ်၊ အရက်စက်ခံနေရ တာကို ဘယ်လိုမှမကြည့်ရက်ဘူး။ ပြီးတော့ မစုစုနွေးဟာ ကော့မှူးမြို့နယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့လူငယ်ခေါင်းဆောင်
တစ်ယောက်။ နိုင်ငံရေးနဲ့ခပ်ဝေးဝေးမှာ ကိုယ်နဲ့မဆိုင်သလို နေနေသူ မဟုတ်ဘူး။ စစ်အစိုးရနဲ့ ILO တို့ရဲ့ သဘောတူညှိနှိုင်းထားချက်တွေကိုလည်း သိပြီးသား။ ရန်ကုန်မြို့ မှာ ILO ကိုယ်စားလှယ် ရုံးထိုင်နေပြီဆိုတာလည်း သိပြီးသား။ ဒါပေမယ့် NLD အဖွဲ့ဝင်၊ မြို့နယ်လူ ငယ် ခေါင်းဆောင်တစ်ယောက်အနေနဲ့ သူ့မိခင်ပါတီကို အလေးထားတယ်။အားကိုးတယ်။ဒီတော့ သူချစ်ခင် လေးစားတဲ့
မြောင်းမြ(ဦး)ဘဆွေ(၁၉၉၀ခုနှစ် ကော့မှူးမြို့နယ်အမတ်)ကို အားကိုးတကြီး သွားရောက်တိုင်ပင်တယ်။ "ဒါ နိုင်ငံရေးနဲ့မဆိုင်ဘူး သမီးရဲ့။ ဘာမှ သွားမလုပ်ပါနဲ့ "ဆိုတဲ့ ဖျောင်းဖျ မှုနဲ့ တပ်ခေါက်ပြန်လာရတယ်။ ဒါပေမယ့် မစုစုနွေးဆိုတာ အလွယ်တကူအလျှော့ပေးတတ်တဲ့ မိန်းကလေး မဟုတ်တော့၊ သူ အလှည့်ကျ တာဝန်ထမ်း ဆောင်နေတဲ့ NLD ရုံးချုပ်က လူကြီးတွေကို အားကိုးတကြီး တိုင်ပင်ပြန်တယ်။ " ဒါ NLD ပါတီဝင်တွေ လုပ်ရမယ့်အလုပ် မဟုတ်ဘူး။ နိုင်ငံရေး အလုပ် မဟုတ်ဘူး" ဆိုတဲ့ ဆိုဆုံးမမှုကိုပဲ ခံခဲ့ရပြန်တယ်။ ဒီအချိန်မှာ မစုစုနွေးကို အကူအညီ ပေးနိုင်တဲ့သူတွေက ချဉ်းကပ်လာကြတယ်။ မှော်ဘီက ဒေါ်နော်အုန်းလှ၊ တွံတေးက ကိုဇော်ဇော် …. စသဖြင့်။ သူတို့က အဓမ္မအလုပ်စေခိုင်းခံနေရသူတွေ
အပေါ် အကူညီပေးနိုင်မယ့်နည်လမ်းးတွေ၊ အကြံဥာဏ်တွေ ပေးကြတယ်။ မီဒီယာတွေကနေ ထိုးဖောက်နိုင်ဖို့ကိုလည်း အကူညီပေးကြတယ်။ ဒါပေမယ့် သူတို့တတွေက NLD ပါတီကနေ အကြောင်းအမျိုးမျိုးကြောင့် အထုတ်ပယ် ခံထားရသူတွေ။ ဒီတော့ ဒီလူတွေနဲ့ပေါင်းပြီး၊ ဒီအလုပ်ကိုလုပ်ရင် လူကြီးတွေ မကြည်မဖြူ ဖြစ်နိုင်တယ်။ သူပါရောပြီး အဖွဲ့ချုပ်ကနေတောင် အထုတ်ပယ် ခံရနိုင်တယ်။ ဘယ်လိုလုပ်မလဲ။ ဒါပေမယ့် စုစုနွေးက စုစုနွေးပဲလေ။
နိုင်ငံရေးသဘောတရားတွေ၊ ရပ်တည်ချက်တွေ၊ ပါတီစည်းမျည်းစည်းကမ်းတွေထက်၊ သူချစ်တဲ့ တောင်သူလယ်သမားတွေ၊ ရွာသူရွာသားတွေ ဒုက္ခကြုံတွေ့နေရတာကို သူမကြည့်ရက်ဘူး။ ကိုယ့်ကို ကိုယ် NLD ပါတီဝင်လို့ ကြွေးကြော်ထားပြီးမှ၊ ဒီလူတွေ ဒုက္ခဆင်းရဲဖြစ်နေရတာကို ဥပေက္ခာ မပြုရက် နိုင်ဘူး။ ဒီတော့ အဓမ္မအလုပ်စေခိုင်းခြင်းခံနေကြရတဲ့(လုပ်အားပေးနေကြရတဲ့) လုပ်ငန်းခွင်ထဲအထိ အရောက်သွားပြီး လေ့လာစုံစမ်းတယ်။ ရေလဲပုဆိုးအစုတ်တစ်ထည်ကို ခေါင်းမှာခြုံပြီး ချည်လုံချည် အနွမ်းလေးကို ဝတ်လို့ပေါ့။ ပြီးတော့ အသံဖမ်းစက်ကလေးနဲ့ အသံဖမ်းတယ်။ ဓာတ်ပုံတွေ လျှို့ဝှက် ရိုက်တယ်။ အချက်အလက်တွေ အသေးစိပ် စုဆောင်းတယ်။ သေချာပြီဆိုတော့မှ ILO ရုံးကို သွားပြီး တင်ပြတယ်။
အဲဒီအချိန်မှာ ILO တာဝန်ခံက ဟိုဆေး ။သိပ်တော်တဲ့လူ။
သူ့ဆီ ရောက်လာတဲ့ အမှုတွဲတိုင်း ကို လက်လွတ်စပယ်လက်ခံတဲ့သူမဟုတ်ဘူး။ မစုစုနွေးကိုလည်း သူအကြိမ်ကြိမ် ဖျောင်းဖျသေးတယ်။ "ဒီ့အတွက်စစ်အစိုးရရဲ့
ငြိုငြင်မှုကို ခံရနိုင်တယ်။ အခန့်မသင့်ရင် ထောင်တောင်ကျနိုင်တယ်" စသဖြင့် ပေါ့။ ဒါပေမယ့် မစုစုနွေးက ရပ်တည်ချက် ခိုင်မာသူ။ ပြတ်သားတယ်။ လုံးဝ နောက်မဆုတ် ခဲ့ဘူး။ နောက်ဆုံးတော့ ဟိုဆေးကိုယ်တိုင် အဲဒီ့အမှုကို မစုစုနွေးနဲ့ ပူးပေါင်းဆောင်ရွက်
ခဲ့တယ်။ မစုစုနွေး အပေါ် ဖိအားတွေအမျိုးမျိုး သက်ရောက်ခဲ့တယ်။
ငွေကြေးလာဘ်လာဘနဲ့ စည်းရုံးတယ်။ အသက် အန္တရာယ်ပြုဖို့အထိ ခြိမ်းခြောက် တယ်။ ဒါပေမယ့် မစုစုနွေး လုံးဝအလျှော့မပေးခဲ့ဘူး။ တရားတဲ့ ဘက်ကနေ
ပြတ်ပြတ်သားသားပဲ ရပ်တည်ခဲ့တယ်။ စစ်အစိုးရကလည်း ILO နဲ့ ပြေလည်မှုရဖို့ ကြိုးစား နေတဲ့ကာလမို့၊ မစုစုနွေးရဲ့ ထန်းမနိုင်ရွာက ရဝတ အဖွဲ့ဝင်တစ်ဦး ဒီအဓမ္မအလုပ်စေခိုင်းမှု ကြောင့် ထောင်ကျသွားတယ်။ ဒါဟာ မြန်မာနိုင်ငံဒီမိုကရေစီရေးလှုပ်ရှားမှုသမိုင်းမှာ မှတ်တမ်းဝင်လောက်တဲ့ အဖြစ်အပျက်ဖြစ်သွားတယ်။ မစုစုနွေးလည်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ တစ်ယောက်အနေနဲ့ အတော်လေးထင်ပေါ်လာခဲ့တယ်။ ဒါပေမယ့် မကြာပါဘူး။ အခြား ရဝတ အဖွဲ့ဝင်တစ် ယောက်ရဲ့ အမှုဆင်တရားစွဲဆိုခြင်းခံလိုက်ရတယ်။ တရားရုံးမှာ အမှုရင်ဆိုင်နေရတယ်။ ဒါက ၂၀၀၅ခုနှစ်၊ ကျနော်တို့
ထောင်ထဲမှာရှိနေစဉ်ကာလ၊ ရေဒီယိုအစုတ် ကလေးကနေ နောက်ဆုံးကြားသိခဲ့ရတဲ့ အဖြစ်အပျက်တွေ။၂၀၀၅ခုနှစ်၊ အောက်တိုဘာလ၊၁၃ရက်နေ့။
မနက်စောစောမှာတော့-
ကိုကိုကြီးရဲ့အခန်းမှာ လူစုကြတယ်။ မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုစိုးထွန်း၊ ကိုအောင်နိုင်ဦး၊ မမီးမီး၊ မမာမာဦး။ လူစုံတော့ ပန်းဆိုးတန်းဆိပ်ကိုဆင်းကြတယ်။ ဒလဘက်ကမ်းကို ရောက်တော့ ကွမ်းခြံကုန်းသားဖြစ်တဲ့ ကိုဇော်မင်း
(ဒေဝဒတ်၊အာပြဲ)က လာကြိုတယ်။ ကျနော်ကတော့ ကော့မှူးတို့၊ ကွမ်းခြံကုန်းတို့
ဆိုတာ ဘယ်နားမှာရှိမှန်းတောင်မသိဘူး။ အစကဆို အဲဒီ့မြို့တွေကို ဧရာဝတီတိုင်း ထဲကလို့တောင် ထင်နေသေးတာပါ။ ဒလကနေကော့မှူးကိုတော့ တက္ကစီလို့ခေါ်တဲ့ ဆလွန်းကားအဖြူ လေးမှာ ကျပ်ကျပ်သပ်သပ်ထိုင်ပြီး စီးခဲ့ကြရတယ်။ တစ်နာရီနီးပါးတော့ စီးရပါတယ်။ ကော့မှူးမြို့ ဆိုတာ ဆလွန်းကားလေးတွေကို လိုင်းကားအဖြစ်ပြေးဆွဲတာကလွဲရင် မြစ်ဝကျွန်းပေါ်က ရွာကြီးတစ် ရွာနဲ့ပဲတူပါတယ်။ မြောင်းမြဦးဘဆွေရဲ့အိမ်ကို ကျနော်တို့သွားကြတယ်။ မစုစုနွေးက ထန်းမနိုင်ရွာ ကနေ လာရမှာ။ ကျနော်တို့ စုရုံးရောက်ရှိနေစဉ်မှာပဲ သတင်းတွေ အဆက်မပြတ်ကြားသိနေရတယ်။ ကျနော်တို့၈၈မျိုးဆက်ကျောင်းသားတွေ ရောက်လာတဲ့အတွက် မစုစုနွေးကိုထန်းမနိုင်ရွာကနေ တရားရုံးအထိလာလို့ မရအောင် အုပ်ချုပ်ရေး အဖွဲ့အစည်းအဆင့်ဆင့်က ဖန်တီးနေတဲ့အကြောင်း။ (ဥပမာ- ထန်းမနိုင်ရွာက စက်လှေတွေ အဲဒီ့နေ့မှာမထွက်ဖို့အမိန့်ထုတ်ပြန်တာမျိုး)။ဒါပေမယ့် စုစုနွေးပဲလေ …. သူ ချစ်ခင်လေးစားတဲ့ သူ့အစ်ကိုတွေရောက်နေပြီဆိုမှတော့၊ ကော့မှူး-ထန်းမနိုင် ၄ မိုင်ခရီးကို သူ မရောက် ရောက်အောင် ခြေလျင်လျှောက်ပြီးလာခဲ့တယ်။ ကျနော်တို့ရှိနေတဲ့ မြောင်းမြဦးဘဆွေရဲ့ အိမ်ကိုရောက်တော့ သူ့ခမျာ ချွေးတွေကို နစ်လို့။ အချိန်ကျလို့ တရားရုံးကို သွားကြတဲ့အခါ၊ လမ်းတ လျောက် မင်းကိုနိုင်နဲ့ကိုကိုကြီးတို့က သူ့ကိုအလယ်မှာထား၊ လက်တစ်ဖက်စီဆွဲပြီး တရားရုံးကို ချီ တက်ခဲ့ကြတဲ့ပုံဟာ သဘာဝကျကျနဲ့အရမ်းလှတယ်။ နိုင်ငံရေးအရလည်း အတော်အားကောင်းတဲ့ ဓာတ်ပုံလေး ဖြစ်ခဲ့တယ်။ အဲဒီ့အချိန်က ပထမဆုံးကိုင်ခဲ့ဖူးတဲ့ 2MP ကင်မရာလေးနဲ့ ကျနော်ရိုက်ခဲ့ တာပါ။ အဲဒီ့ဓာတ်ပုံလေးဟာ ကမ္ဘာကျော်ခဲ့ပါတယ်။ နိုင်ငံတကာရဲ့ သတင်းစာမျက်နှာတွေမှာ အကြိမ် ကြိမ် အဖော်ပြခံခဲ့ရတယ်။ အဲဒီ့နေ့က တရားရုံးမှာ သူရင်ဆိုင်ခဲ့ရတဲ့ စီရင်ချက်ကတော့ သူ့အတွက် ရလာဒ်မကောင်းခဲ့ပါဘူး။ "အလုပ်နှင့်ထောင်ဒဏ်တစ်နှစ်ခွဲ" တဲ့။
စုစုနွေးကိုထောင်ဒဏ်ချမှတ်လိုက်တာနဲ့တပြိုင်နက် စစ်အစိုးရကို
ပြည်တွင်းပြည်ပကနိုင်ငံရေး အင်အားစုတွေ၊ILOနဲ့ နိုင်ငံတကာက
လူ့အခွင့်အရေးအဖွဲ့တွေက ဝိုင်းဝန်းဝေဘန်တိုက်ခိုက်ကြတယ်။ စုစုနွေးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုကြတယ်။ ILOရဲ့ အရေးယူမှုကို ခံရဖို့အထိ
ဖြစ်လာတယ်။ အဲဒီ့ကာလတွေအတွင်းမှာပဲ၊ နိုင်ငံတကာမှာဂုဏ်သိက္ခာကြီးမားတဲ့"ဂျွန်ဟမ်းဖရီး(John Humphrey)" ဆုကို ၂၀၀၆ခုနှစ်အတွက် မစုစုနွေးရရှိခဲ့တယ်။ နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေများလာတော့ ၂၀၀၆ခုနှစ်၊ဇွန်လဆန်းမှာပဲ မစုစုနွေးကို ပြန်လွှတ်ပေးခဲ့တယ်။ မစုစုနွေး ထောင်ကပြန်လွတ်လာ တော့ အင်းစိန်ထောင်ကနေ တန်းလာတာက သူချစ်တဲ့၊ယုံကြည်အားကိုးတဲ့၊
၁၈နှစ်သမီးကတည်းက ပါဝင်လှုပ်ရှားခဲ့တဲ့၊ သူ့ရဲ့မိခင်ပါတီNLD။ အဲဒီ့အချိန်မှာတော့ စုစုနွေးဆိုတာ ကော့မှူးမြို့နယ်၊ ထန်းမနိုင်ကျေးရွာက သာမန်ကျေးတောသူလေး
တစ်ယောက် မဟုတ်တော့။ တစ်နိုင်ငံလုံးသာမက နိုင်ငံတကာကပါသိတဲ့၊ ထင်ပေါ်ကြော်ကြားတဲ့ စုစုနွေးဖြစ်နေပါပြီ။ "လူ့အခွင့်အရေးလှုပ်ရှားမှုရဲ့ နိမိတ်ပုံတစ်ခု"လိုလည်းဖြစ်ခဲ့ပါပြီ။ ဒါပေမယ့်စုစုနွေးရဲ့ထင်ပေါ်ကြော်ကြားမှု အမြင့်မားဆုံးကာလတွေ ကတော့ သူပြန်လည်လွှတ်မြောက်ပြီး သုံးလအကြာ၊
၂၀၀၆ခုနှစ်၊စက်တင်ဘာလအတွင်း ၈၈မျိုးဆက် ကျောင်းသား
ခေါင်းဆောင်(၅)ယောက် အဖမ်းခံလိုက်ရတဲ့အချိန်တွင်းပါပဲ။ ဒေါ်အောင်ဆန်းစုကြည် ကလည်း နေအိမ်အကျယ်ချုပ်နဲ့ အဖမ်းခံနေရချိန်ဆိုတော့ အပြင်လောကမှာ လူသိများအထင်ရှားဆုံး က စုစုနွေးပဲ ရှိနေတာလေ။ ဒီတော့ နိုင်ငံရေးအကျဉ်းသား အားလုံးလွတ်မြောက်ရေးနဲ့ လူထုအတွင်း နိုင်ငံရေးလှုပ်ရှားမှုတွေကို ကျွင်းကျန်ရစ်တဲ့ ၈၈မျိုးဆက်ကျောင်းသားတွေက ဖော်ဆောင်တဲ့အခါ စုစုနွေးရဲ့ ပါဝင်လှုပ်ရှားမှုက အခရာကျလာတယ်။ စုစုနွေးကလည်း သူချစ်ခင်လေးစားတဲ့အစ်ကိုတွေ အဖမ်းခံရတဲ့အတွက်ဆိုပြီး(NLDကတချို့သောလူကြီး၊လူငယ်တွေ တားဆီး
နေတဲ့ကြားထဲက) ၈၈မျိုးဆက် ကျောင်းသားတွေရဲ့လှုပ်ရှားမှုတိုင်းမှာ ပါဝင် အားဖြည့်ပေးခဲ့တယ်။ ၈၈တွေရဲ့စုရပ်ဖြစ်တဲ့ ရန်ကင်းကအခန်း
(ကိုကိုကြီးနေသွားတဲ့အခန်း)မှာ ၈၈မျိုးဆက်ညီအစ်မတွေနဲ့အတူတူနေထိုင်ရင်း အပြည့်အဝ ရပ်တည်ပေးခဲ့တယ်။ အဲဒီ့အချိန်မှာ ကျနော့်ရဲ့တာဝန်က ၈၈မျိုးဆက်ကျောင်းသားများရဲ့ ပြန်ကြားရေးအပြင်၊ ညီမတွေရဲ့ စားဝတ်နေရေး၊ လုံခြုံရေးနဲ့ မစုစုနွေးကို ကြိုပို့တာဝန်။ ကော့မှူးကို ပြန်မယ့်အခါ ပန်းဆိုးတန်းဆိပ်ဟိုဘက်ကမ်းက ဒလအထိလိုက်ပို့။ ရန်ကုန်ကို ပြန်လာတဲ့အခါလည်း ဒလကနေ သွားကြို။ စုစုနွေးဟာ တကယ်တော့ ကျန်းမာရေး သိပ်မကောင်းရှာပါဘူး။ သူ့မှာမွေးရာပါ နှလုံးရောဂါရှိတယ်။ လူက ဖြူဖြူနုနု ပါးလှပ်လှပ်လေး။
လေတိုက်ရင်တောင် ပြိုလဲလေမလား ထင်ရ တဲ့သူ။ ဒါပေမယ့် အဲဒီ့ကာလတွေအတွင်း ခေါင်းစဉ်အမျိုးမျိုးနဲ့လှုပ်ရှားနေတဲ့ ၈၈မျိုးဆက်ကျောင်း သားလှုပ်ရှားမှုတွေမှာ မနားတမ်းပါဝင်ခဲ့တယ်။NLDနဲ့ဝါရင့်နိုင်ငံရေးသမားကြီးတွေ ကြီးမှူးကျင်းပတဲ့ နိုင်ငံရေး အခမ်းအနားတိုင်းကိုလည်း မပျက်မကွက်
တက်ရောက်ခဲ့တယ်။ သူ့ကြောင့် အဲဒီ့ကာလက လူမှုရေး၊ နိုင်ငံရေးအခမ်းအနားတွေ ပိုမိုလှုပ်ရှားသက်ဝင်ခဲ့တယ်။ လူကနုနု၊ ရောဂါသယ်ဆိုတော့ စုစုနွေး မကြာခန
နေမကောင်းဖြစ်တယ်။ နေမကောင်းတဲ့ကြားထဲကပဲ နိုင်ငံရေးလှုပ်ရှားမှုတွေတိုင်းမှာ အဆက်မပြတ်ပါဝင်လှုပ်ရှားခဲ့တယ်။ တစ်ခါကဆိုရင် နေကမကောင်း၊ အားကလည်းနည်း။ မူးမေ့လဲကျ မတတ်ဖြစ်နေတာကိုတောင် အနားမယူခဲ့ဘူး။ သူ့ရဲ့ ဆရာဝန်ကြီးဒေါက်တာတင်မျိုးဝင်းက ဆူဆူပူပူနဲ့ တိုက်တွန်းတော့မှပဲ
ဆေးရုံတက်ဖြစ်ခဲ့ရတယ်။ အဖမ်းဆီးခံထားရတဲ့၈၈မျိုးဆက်
ကျောင်းသားခေါင်း ဆောင်(၅)ယောက် ပြန်လွတ်လာတော့လည်း၊ ရန်ကင်းအခန်းမှာ ညအိပ်ညနေ မနေပေးတော့တာက လွဲရင်၊ ၈၈မျိုးဆက်ကျောင်းသားတွေရဲ့
နိုင်ငံရေးလှုပ်ရှားမှုတွေမှာ အရင်လိုပဲ ဆက်လက်ပူးပေါင်း ပါဝင်ပေးခဲ့တယ်။ ကျနော်ကလည်း သူ့ရဲ့ကိုယ်ရံတော်တပ်မှူးတစ်ယောက်အနေနဲ့ ဆက်လက်တာဝန် ယူခဲ့တယ်။ ၂၀၀၇ခုနှစ်၊သြဂုတ်လနှောင်းပိုင်း၊ ကျနော်တို့ ၈၈မျိုးဆက်
ကျောင်းသားခေါင်းဆောင်(၁၃) ဦး အဖမ်းခံရတဲ့ညမှာဆို၊ သူပါရောပြီး အဖမ်းခံပါ့မယ်ဆိုလို့ ကျနော့်မှာ မနည်းကိုချော့မော့ဖျောင်းဖျ ထားခဲ့ရတယ်။ စစ်အစိုးရက တိုင်းပြည်မငြိမ်မသက်ဖြစ်မှာစိုးလို့ဆိုပြီး ကျနော်တို့ကို ကြိုဖမ်းခဲ့တာ။ တကယ်တမ်းကျတော့ ကျနော်တို့ကို ဖမ်းတော့မှပဲ လူထုကြားထဲမှာ မတည်ငြိမ်မှုတွေ ပိုမိုဖြစ်ပေါ်လာ ရတာ။ အပြင်မှာ အဖမ်းမခံရဘဲ ကျန်နေရစ်တဲ့သူတွေကလည်း ကျနော်တို့တတွေကို ပြန်လွှတ်ပေးဖို့ အဆက်မပြတ် တောင်းဆိုတိုက်ပွဲဝင်ကြတယ်။ အဲဒီ့သတင်းတွေကိုလည်း ကျနော်တို့တတွေ ကြားသိ နေရတယ်။
စုစုနွေးအပါအဝင်၊မဖြူဖြူသင်းနဲ့ နီလာသိန်းတို့ကို ဖမ်းဝရမ်းတောင် ထုတ်တဲ့အကြောင်း တွေလည်း ကြားသိရတယ်။ လှည်းတန်းနားမှာ စုစုနွေးကို ကိုယ့်အင်အားစုတွေနဲ့ အာဏာပိုင်ဘက် သားတွေ ဝိုင်းလုဆွဲလွဲကြတဲ့
အကြောင်းလည်း ကြားသိရတယ်။ ကိုယ့်အင်အားစုတွေက အသာရလို့ အဲဒီ့တုန်းက စုစုနွေး အဖမ်းမခံလိုက်ရပါဘူး။ ဒါပေမဲ့ နိုဝင်ဘာလထဲရောက်တော့ စုစုနွေးတစ်ယောက် အာဏာပိုင်တွေရဲ့ မလှိမ့်တစ်ပါတ်နဲ့ ဖမ်းဆီးတာကို ခံလိုက်ရပါတယ်။ ခနခေါ်ထားတာပါဆိုပြီး ထောင်ထဲမထည့်ဘဲ ဗဟန်းမြို့နယ်ထဲက တစ်နေရာမှာထားတယ်။ လူ့အခွင့်အရေးအခြေအနေ လာရောက်လေ့လာတဲ့ 'မစ္စတာပီနဲရိုး' လာတော့ အင်းစိန်ထောင်ဧည့်ခန်းမှာ မစုနွေးသွားတွေ့ရတယ်။ 'မစ္စတာပီနဲရိုး' ပြန်သွားလို့မကြာပါဘူး။ မစုစုနွေးကို အင်းစိန်ထောင်ထဲထည့်တယ်။
ဒေါ်အောင်ဆန်း စုကြည်အတွက် ဆောက်ထားတယ်ဆိုတဲ့ တိုက်အိမ်လေးမှာ တစ်ယောက်တည်းထားတယ်။ ထောင်ထဲ မှာ သူဒေါသတွေ မကြာခနပေါက်ကွဲ
နေတယ်ဆိုတာလည်း ကြားသိနေရတယ်။ အဓိကက တော့ သူ့ကို မလှိမ့်တစ် ပါတ်နဲ့ ထောင်ထဲထည့်တာကို သူလုံးဝမကျေနပ်တာ။ ဒီလိုနဲ့၊ ကျန်ာတို့တတွေ အမိန့်မကျ ခင်မှာပဲ သူကအရင် ထောင်ကျသွားတယ်။ အလုပ်နှင့်ထောင်ဒဏ်(၁၂)နှစ်တဲ့။ ကျနော်တို့တတွေ အမိန့်ကျအပြီးမှာတော့ သူ့ကိုထောင်ပြောင်းပို့လိုက်တယ်။ ကလေးထောင်။ နောက်ပိုင်းမှာ ကလေး ထောင်ကနေ ခန္တီးထောင်ကိုပြောင်းရွှေ့ရတယ်လို့လည်းကြားတယ်။ ၂၀၁၁ခုနှစ်၊အောက်တိုဘာလထဲ မှာတော့ ပြောင်းလဲလာတဲ့
နိုင်ငံရေးအခြေအနေတွေအရ မစုစုနွေး ထောင်ကပြန်လည်လွတ်မြောက်ခဲ့ ပါတယ်။ ။
ဇူလိုင်လ(၂၇)ရက်နေ့ထုတ် အာရှအလင်းဂျာနယ်မှ … …
ကိုမာကီ(၈၈မျိုးဆက်)
No comments:
Post a Comment